စင်ကာပူနိုင်ငံ အောင်မြင်ခြင်းလျှို့ဝှက်ချက် ၅၀

Type

ဆောင်းပါး

=====

 

စင်ကာပူနိုင်ငံ အောင်မြင်ခြင်းလျှို့ဝှက်ချက် ၅၀

=========================

 

 

ကောင်းမြတ်နွယ်

(စင်ကာပူ)

=======

 

(ယမန်နေ့မှအဆက်)

၅။ ဥပဒေနဲ့လုံခြုံရေးဆိုင်ရာအောင်မြင်မှုများ

ဒီခေါင်းစဉ်အောက်မှာ ဆောင်းပါး(၄)ပုဒ် ရှိပါတယ်-

ပထမဦးဆုံးအချက်အနေနဲ့ နိုင်ငံ့ဝန်ထမ်း(National Service)အကြောင်း ဖြစ်ပါတယ်။ စင်ကာပူနိုင်ငံသားတွေနဲ့ အမြဲတမ်းနေထိုင်ခွင့်ရသူတွေရဲ့ သားသမီးတွေဟာ အသက် ၁၈ နှစ်ပြည့်ပြီးသူ ယောက်ျားလေးတိုင်း နိုင်ငံ့ ဝန်ထမ်း စစ်မှုထမ်းကြရပါတယ်။ ဒါမှ ပြည်သူ့တပ်မတော် အစစ်ပါ။ နှစ်နှစ်တာ နိုင်ငံ့စစ်မှုထမ်းသူတွေကို တာဝန် ထမ်းဆောင်စဉ်ကာလမှာ လစာပေးထားပါတယ်။ ကောင်းမွန်တဲ့ အဆင့်အတန်းထားပြီး လေ့ကျင့်ကာလမှာ အသက်အန္တရာယ်လုံခြုံရေးကို တင်းတင်းကျပ်ကျပ် ဂရုစိုက်ကာ တာဝန်ထမ်းဆောင်စေတာ တွေ့ရပါတယ်။ တာဝန်ထမ်းဆောင်ပြီးလို့ အလုပ်ဝင်လုပ်တဲ့အခါ နိုင်ငံ့ ဝန်ထမ်းစစ်မှုထမ်းတွေဟာ အတွေးအခေါ်ရင့်ကျက်၊ အနေအထိုင်လေးနက်တာ တွေ့ရပါတယ်။ သူတို့လစာက တခြားသူတွေထက် ဒေါ်လာ ၂၀၀ ပိုများတာ လိုအပ်လို့ စစ်တပ်ပြန်သွားရရင် လစာအပြည့်နဲ့ ပြန်သွားရတာအပြင် အခြားသောအခွင့်အရေးတွေ ပေးထားပါသေးတယ်။

ဒုတိယဆောင်းပါးမှာ ကျွမ်းကျင်လိမ္မာတဲ့ လေးစားဂုဏ်ယူဖွယ်ရဲတပ်ဖွဲ့အကြောင်း ဖြစ်ပါတယ်။ ဒီဆောင်းပါးကို ယခင် ရဲမင်းကြီး ခိုဘွန်ဝှီးက ရေးသားခဲ့ ပါတယ်။ စင်ကာပူရဲတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်သူ တွေက အသက် ၁၈ နှစ်ပြည့် နိုင်ငံ့ဝန်ထမ်းတွေလည်း အများစုပါဝင်ပါတယ်။ ရဲဌာနချုပ်ကို ဘူကစ်တီးမားမှာ ထားရှိပါတယ်။ အရေးပေါ် ၉၉၉ ကိုနှိပ်တဲ့အခါ ဌာနချုပ် ကသတင်းရယူပြီး ရှိသမျှရပ်ကွက်ရဲစခန်းတွေကို သတင်း ဖြန့်ချလိုက်တဲ့အတွက် မှုခင်းဖြစ်ရာနေရာကို သုံးမိနစ်၊ ငါးမိနစ်အတွင်း ရဲကားအဖြူတွေ ဗျိုင်းအုပ်ကျသလို ရောက်လာတာပါ။ တယ်လီဖုန်း၊ ကွန်ပျူတာ၊ ခေတ်ပေါ် လက်နက်ကိရိယာတွေနဲ့ ကူညီနေတဲ့ ပြည်သူ့ရဲတပ်ဖွဲ့အကြောင်းဖြစ်ပါတယ်။ မြွေတွေ့ရင်လည်းခေါ်၊ လင်မယား ရန်ဖြစ်လည်းခေါ်၊ ကားအက်စီးဒင့်လည်းလာ၊ စုပေါင်း အိမ်ရာမှာ မသင့်မမြတ်ဖြစ်ရင်လည်းပါ တကယ့်ဆိုးခိုး တိုက်ခိုက် ဥပဒေချိုးဖောက်မှုတွေမှာ မလွဲမသွေတာဝန် ထမ်းဆောင်ရပြီး ပြည်သူပြည်သားတွေက ထစ်ခနဲဆို အားကိုးကြတဲ့ ပြည်သူ့ရဲ (Police Froce)အကြောင်းက အလွန်ကောင်းတဲ့ ဆောင်းပါးဖြစ်ပါတယ်။

တတိယဆောင်းပါးမှာ စင်ကာပူစီမံအုပ်ချုပ်မှု တက္ကသိုလ် (Singapore Management University) အဓိပတိပရော်ဖက်ဆာဂိုရီဟန် ဥပဒေဌာနရဲ့ The Rule of Law (တရားဥပဒေစိုးမိုးရေး) ဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံ ရဲ့ တည်ငြိမ်အေးချမ်းသာယာရေး၊ ရင်းနှီးမြှုပ်နှံစီးပွားရေး၊ ကြီးပွားရေး စတဲ့ အခြေခံအကြောင်းတရားတွေဟာ တရားဥပဒေစိုးမိုးရေးအပေါ်မှာတည်နေတာ ပြည်သူ ပြည်သားတွေ အသိပဲဖြစ်ပါတယ်။ တရားဥပဒေအရ ဆောင်ရွက်ဖို့တာဝန်ရှိသူတွေအပေါ် အာဏာအရလွှမ်းမိုး နေတာ၊ ငွေကြေးအရစိုးမိုးချယ်လှယ်တာမရှိမှသာလျှင် ဥပဒေဘက်တော်သားတွေကို ပြည်သူက လေးစား အားထားမှာ ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့က အမှန်တရားကို ဖြောင့်မတ်စွာဖော်ထုတ် ပါတယ်။ ဖြစ်စဉ်အားလုံးကို ပြန်လည်သရုပ်ဖော်ပြီး တိတိ ကျကျ မှန်မှန်ကန်ကန် တရားစွဲဆိုပါတယ်။ မည်သည့် ဩဇာအာဏာ သက်ရောက်မှု တံစိုးလက်ဆောင် ငွေကြေးလာဘ်စားမှုမှ မပါဝင်တဲ့အတွက် အမှုမှန် ပေါ်ပေါက်ပါတယ်။ တရားရုံး တရားစီရင်ရေးမှာလည်း ထိုနည်းလည်းကောင်းပါပဲ။ ရှေ့နေရှေ့ရပ်များလည်း တရားခံ တကယ်ကျူးလွန်ထားတာကို လက်ဝါးကနေ လက်ခုံ၊ လိပ်ကနေကြမ်းပိုးဖြစ်အောင် မလျှောက်လဲဘဲ စိတ်အခြေအနေ အကြောင်းတရားတွေ အသက်သာဆုံး ပြစ်ဒဏ်ကျခံရမှုကို ဦးတည်နေကြောင်း မြင်တွေ့ရ ပါတယ်။ ဒီဆောင်းပါးမှာ စင်ကာပူနိုင်ငံကို တရားဥပဒေ စိုးမိုးရေးအတွက် ဘယ်လိုတည်ဆောက်တယ်ဆိုတာ ဖော်ပြထားပါတယ်။

၁၉၆၂ ခုနှစ် စင်ကာပူဥပဒေအသင်း ညစာစားပွဲမှာ ထိုစဉ်က ဝန်ကြီးချုပ်ဖြစ်သူ မစ္စတာလီကွမ်ယုက “တရား ဥပဒေစိုးမိုးရေးမှာ ပြည်သူအချင်းချင်းအကြား၊ ပြည်သူနဲ့ နိုင်ငံတော်အကြား တရားဥပဒေစိုးမိုးမှု ဆက်နွှယ်ခြင်းရှိရမယ်”လို့ပြောကြားခဲ့ပါတယ်။ လူတိုင်းအတွက် ညီမျှ သော တန်းတူအခွင့်အရေးရရမယ်။ စီးပွားရေးနောက်ခံ ကြောင့်၊ လူမှုရေးနောက်ခံကြောင့်၊ အာဏာပါဝါကြောင့် မပျက်ပြားစေရ၊ လူမျိုးမရွေး၊ ဘာသာစကားမရွေး၊ ဘာသာတရားမရွေး ညီမျှသောအခွင့်အရေးရရမယ် လို့  ပြောခဲ့ပါတယ်။

နှစ်ပေါင်း ၅၀ ကြာပြီးနောက် ၂၀၁၇ ခုနှစ်  ဝန်ကြီးချုပ် လီရှန်လွန်းလက်ထက် အကြိမ်(၁၅၀)မြောက် ရှေ့နေချုပ်ရုံး နှစ်ပတ်လည် ညစာစားပွဲမှာ ဝန်ကြီးချုပ်က “တရားဥပဒေ စိုးမိုးရေးဟာ စင်ကာပူနိုင်ငံ ကြီးပွားအောင်မြင် စီးပွား ဖြစ်ထွန်းခြင်းရဲ့ အခြေခံအုတ်မြစ်တစ်ခုဖြစ်တယ်။ တရား မျှတမှုကို တည်ဆောက်နိုင်ခဲ့တယ်။ အပြန်အလှန်လေးစား မှုနဲ့ ဥပဒေရေးရာဖွဲ့စည်းပုံစနစ်က အကျိုးများခရီးရောက်တဲ့ အတွက် တတိယကမ္ဘာမှ ပထမကမ္ဘာသို့ တက်လှမ်းနိုင်ခဲ့ တာ”လို့ ပြောခဲ့ပါတယ်။

ဥပဒေဆိုင်ရာ နောက်ဆုံးဆောင်းပါးမှာ စင်ကာပူနိုင်ငံ ရဲ့ ဖျန်ဖြေစေ့စပ်ရေးညီလာခံများအကြောင်း ဖြစ်ပါတယ်။ ဒီဆောင်းပါးကို နိုင်ငံတကာကုန်သွယ်မှုဥပဒေအရ နိုင်ငံ အချင်းချင်း သဘောတူစာချုပ် ချုပ်ဆိုညှိနှိုင်းပေးရတဲ့အဖွဲ့ ကမ္ဘာ့ကုလသမဂ္ဂကော်မရှင်ဥက္ကဋ္ဌ မစ္စစ်နာတလီရဲ့ ‘Singapore Convention on Mediation’ (စင်ကာပူနိုင်ငံ ဖျန်ဖြေစေ့စပ်ရေးညီလာခံများ) ဆောင်းပါးဖြစ်ပါတယ်။

x x x x x

၆။ အခြေခံအဆောက်အအုံ အောင်မြင်မှုများ

ဒီကဏ္ဍပထမဆုံးဆောင်းပါးအဖြစ် ရေကြောင်းနဲ့ ဆိပ်ကမ်းအာဏာပိုင် CEO ဟောင်း မစ္စတာအင်ဒရူးတန်ရဲ့ ပင်လယ်ဆိပ်ကမ်းနဲ့ ရေကြောင်းသွားလာမှုဆောင်းပါးကို ဖတ်ကြရပါတယ်။ ကမ္ဘာ့အရှေ့နဲ့အနောက် ကုန်စည်ဖလှယ် ရာ အချက်အချာကျတဲ့ စင်ကာပူဆိပ်ကမ်း စီမံအုပ်ချုပ်မှု က အောင်မြင်ရေးလမ်းကြောင်းပေါ်ရောက်ဖို့ တစ်ချက် ဖြစ်ခဲ့တယ်။

စင်ကာပူနိုင်ငံ ချန်ဂီလေဆိပ် ကမ္ဘာ့အကောင်းဆုံးလေဆိပ်စာရင်းဝင်လာခြင်းအကြောင်းကိုလည်း မစ္စတာ လျူမန်လျောင်းက ရေးသားခဲ့ပါတယ်။ စင်ကာပူချန်ဂီ လေဆိပ်မှာ တာမီနယ် ၄ အထိ တည်ဆောက်ပြီးစီးခဲ့ပါပြီ။ ၂၀၃၀ ပြည့်နှစ် တာမီနယ် ၅ ကို ဖွင့်လှစ်တဲ့အခါ တစ်နှစ်လျှင် ခရီးသည် ၁၃၅ သန်း ဝင်၊ ထွက်သွားလာနိုင်မယ်လို့ ရည်မှန်း ထားတဲ့ ချန်ဂီလေဆိပ်ပါ။

နောက်အောင်မြင်မှုဆောင်းပါးတစ်ပုဒ်က မြို့ပြ ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးအာဏာပိုင်ရဲ့ စင်ကာပူနိုင်ငံကို ရုပ်သွင်ပြင်အားဖြင့် ပြန်လည်တည်ဆောက်ခြင်းပါ။

စင်ကာပူနိုင်ငံဟာ ၁၉၅၀-၁၉၆၀ ပြည့်နှစ်ဆီက ရွာငယ်ဇနပုဒ် မီးခွက်မှိတ်တုတ်၊ ချုံထူ၊ ခြင်ကိုက်ဘဝမှာ ရှိခဲ့ပါတယ်။ ဆိပ်ကမ်းတွေမှာလည်း အရှုပ်အထွေးမျိုးစုံနဲ့ ပါပဲ။ အဲဒီကနေ စုပေါင်းအိမ်ရာ အရစ်ကျဆပ်စနစ်ဖြစ်ခဲ့ တယ်။ စီးပွားရေးကောင်းလာတော့ စီးပွားရေးစင်တာ မြို့လယ်ကောင်မှာ အထပ်မြင့်ရုံးခန်းတွေ ပေါ်လာတယ်။ ပိုကောင်းတဲ့ စုပေါင်းအိမ်ရာ (Housing Development Board-HDB) အဆင့်အတန်းမြင့်လာခဲ့တယ်။ ယခုကာလ မှာ ပိုမိုကောင်းမွန်တဲ့ ကွန်ဒိုမီနီယမ်တွေ ပေါ်ထွန်းလာတယ်။

လူနေအိမ်ခြေသာမက လမ်း၊ တံတား၊ ပန်းခြံ၊ စိမ်းလန်းစိုပြည်မှုနဲ့ ရေသိုလှောင်မှု၊ မြစ်ချောင်းအင်းအိုင် စီမံမှုတွေဟာ မြို့တော်ရဲ့ ဂုဏ်သိက္ခာပဲဖြစ်ပါတယ်။ မြို့တော်အတွက် ABC Water Programme- Active, Beautiful and Clean (ရှင်သန်တက်ကြွလှပသန့်ရှင်း ရေလမ်းကြောင်းများ) ပါဝင်ဖွဲ့စည်းထားပါပြီ။ သစ်ပင် ပန်းပင်၊ မြက်ခင်း၊ မြစ်ချောင်းအင်းအိုင်တွေနဲ့ သဘာဝတရား ထဲမှာ မြို့တော်တည်ဆောက်ထားပါတယ်။ ပန်းဥယျာဉ် မြို့တော်( Garden City) မှသည် ပန်းဥယျာဉ်ထဲက မြို့တော် (City in the Garden) ဆီ သွားနေပါတယ်။ နေပျော်သော မြို့တော်၊ ထိန်းထားနိုင်သော မြို့တော်၊ ကြံ့ကြံ့ခံနိုင်သော မြို့တော်ဖြစ်ရခြင်းမှာ ကောင်းသောစီမံအုပ်ချုပ်မှုရှိခြင်း၊ စီမံကိန်းနဲ့ ဖွံ့ဖြိုးတိုးတက်မှုဆီ ပူးပေါင်းချဉ်းကပ်နိုင်ခြင်းကြောင့် ဖြစ်တယ်လို့ဆိုပါတယ်။ ဒီဆောင်းပါးကတော့ စင်ကာပူနိုင်ငံ ရုပ်ပိုင်းဆိုင်ရာပြုပြင်ပြောင်းလဲမှုတွေနဲ့ URA အခန်းကဏ္ဍဖြစ်ပါတယ်။ နောက်ဆောင်းပါးတစ်ပုဒ်မှာ စင်ကာပူနိုင်ငံရဲ့ အလွန်ကောင်းမွန်တဲ့ သယ်ယူပို့ဆောင်ရေး စနစ်အကြောင်းပါ။ MRT လျှပ်စစ်ရထားနဲ့ SBS ကားကို စီးတဲ့ ခရီးသည်တွေ စိတ်ကျေနပ်မှုအပြည့်အဝရရှိအောင် စီမံထားတဲ့အကြောင်း ဖြစ်ပါတယ်။ MRT ရထားဟာ သုံးမိနစ်လောက်မှာ တစ်စင်းလာတယ်။ လူမကျပ်ဘူး။ ပျက်ခဲတယ်။ မတော်တဆပျက်ရင် ခရီးသွားလာမှု အဆင် မပြေမှာစိုးတဲ့အတွက် တစ်နိုင်ငံလုံး ရထားနဲ့ဘတ်စ်ကား အခမဲ့ စီးခွင့်ရတယ်။ ကားမကျပ်ဘူး၊ လူစီးများချိန်မှာ ကားတစ်စီးနဲ့တစ်စီး သုံးမိနစ်၊ ငါးမိနစ်ပဲကွာတယ်။ ကားထဲ မှာ CCTV တွေ တပ်ဆင်ထားတဲ့အတွက် ဘာဒုစရိုက်မှုမှ  မရှိ။

နောက်ဆုံးဆောင်းပါးတစ်ပုဒ်မှာ (ERP- Electronic Road Pricing) ရဲ့ အကျိုးနဲ့အပြစ်တွေ ဖြစ်ပါတယ်။ စင်ကာပူ က သေးငယ်တဲ့နိုင်ငံဖြစ်တယ်၊ လူတွေက ကားဝယ်စီးနိုင် လောက်အောင် ချမ်းသာကြတော့ ကားကိုဝယ်ချင်တိုင်း ဝယ်စီးတဲ့အခါ ကားလမ်းပိတ်ဆို့မှုဖြစ်ပါတယ်။ အဲဒါကို တားဆီးနိုင်ဖို့ ကားဝယ်ရင်ကားပြခန်းနဲ့ ခွင့်ပြုမိန့်ရ ကားသစ်၊ ကားဟောင်း အရောင်းဆိုင်မှာသာ ဝယ်ယူ လဲလှယ်လို့ရပါတယ်။

ကားတစ်စီးဝယ်စီးရင် ၁၀ နှစ်သာ စီးခွင့်ပြုပါတယ်။ ၁၀ နှစ်ပြည့်ရင် ကုန်းလမ်းပို့ဆောင်ရေးအာဏာပိုင်ကို သွားအပ်ရပါတယ်။ ထုချေပစ်တာပါ။ ဒါကြောင့် စင်ကာပူ လမ်းတွေပေါ်မှာ သစ်လွင်နေတဲ့ကားတွေကိုသာ တွေ့မြင်ရ ပြီး ကားပျက်တာကြောင့် အခက်အခဲကြုံရမှုမျိုး ရှားပါးတာ ဖြစ်ပါတယ်။ ကားဝယ်ရင် အစိုးရကို အပေါင်သဘောမျိုး COE  ပေးဆောင်ရပါတယ်။ ခံစားခွင့်လက်မှတ် (Certificate of Entitlement) လို့ နာမည်ပေးထားပြီး ကိုယ်ပိုင်ကား စီးချင်ရင် အဲဒီလက်မှတ်ကို ဝယ်ရတဲ့သဘောပါ။ ကားတွေ လမ်းပေါ် မှာ ပိတ်ဆို့မှုရှိနေရင် COE ကိုမြှင့်ပြီး မဝယ်နိုင် အောင် လုပ်လိုက်ပါတယ်။ ၁၀ နှစ်ပြည့်လို့ ဖျက်ဆီးလိုက်ရ တဲ့ ကားတွေများလာရင် COE ကို ပြန်ချပေးပါတယ်။ COE နှစ်ဒေါ်လာအထိ ကျဆင်းဖူးပါတယ်။ ဒေါ်လာ လေး၊ ငါးသောင်းအထိ မြင့်တက်ဖူးပါတယ်။ ယခုလက်ရှိ COE က ကားအရွယ်အစားအပေါ်မူတည်ပြီး မတူသော်လည်း အကြမ်းဖျင်းအားဖြင့် ဒေါ်လာ လေးသောင်းလောက် ရှိပါတယ်။ ၁၀ နှစ်ပြည့်လို့ ကားကိုဖျက်ဆီးခံရတဲ့အချိန်မှာ COE အပေါင်ငွေကို ပြန်ထုတ်ပေးပါတယ်။

ဒါ့အပြင် ကားအသွားအလာ အဝင်အထွက်များတဲ့ လမ်းတွေကို သံမုခ်ဦးတွေတပ်ဆင်ပြီး အကောက်ကောက် ပါတယ်။ ကားထဲမှာတပ်ဆင်ပေးထားတဲ့ ငွေဖြည့်ကတ်ထဲ ကငွေကို နုတ်ယူတာပါ။ ရည်ရွယ်ချက်က ကားအဝင်၊ အထွက်များတဲ့လမ်းကို တတ်နိုင်သမျှမဝင်အောင် ထိန်းချုပ် ချင်တယ် ဆိုပါတယ်။ သို့သော်လည်း မဝင်မဖြစ်လေတော့ တစ်ဒေါ်လာ၊ နှစ်ဒေါ်လာကိုကြည့်မနေတော့ဘဲ မောင်းဝင် ရပါတော့တယ်။ အစိုးရဘဏ္ဍာငွေ အခွန်ကောက်ကတော့ ပိုမိုတိုးတက်လာတာတွေ့ရပါတယ်။ အဲဒီ သံမုခ်ဦးကြီးတွေ ကို ERP-Electronic Road Pricing လို့ ခေါ်ပါတယ်။

x x x x x

၇။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအောင်မြင်မှု

ပထမဦးဆုံး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆောင်းပါး (Clean and Green Environment သန့်ရှင်း စိမ်းလန်းသဘာဝပတ်ဝန်းကျင်)မှာ ညစ်ပတ်နံစော်တဲ့ မြို့တော်မှသည် ကမ္ဘာ့ထိပ်တန်းသန့်ရှင်းစိမ်းလန်းသော မြို့တော်တစ်ခုဖြစ်လာရခြင်းအကြောင်း ဖြစ်ပါတယ်။

ဒုတိယဆောင်းပါးမှာ ရေပုံပြင် (Water Story) ပါ။ ဟိုးရှေးရှေးက စင်ကာပူကျွန်းမှာ ရေချိုထွက်တဲ့ တွင်းတချို့၊ ကန်တချို့ရှိခဲ့ကြောင်း မှတ်တမ်းမှတ်ရာမှာ ရှိပါတယ်။ အင်္ဂလိပ်လူမျိုး မစ္စတာရပ်ဖဲဟာ ပီနန်ဆိပ် ကမ်းထက် ပိုမိုအချက်အချာကျနိုင်တဲ့ စင်ကာပူကို ဆိပ်ကမ်းအဖြစ် ရွှေ့လာတော့ တစ်စတစ်စ ဖွံ့ဖြိုးတိုးတက် လာပြီး မြို့ပြအသွင်ပြောင်းလာခဲ့ပါတယ်။ အဝီစိတွင်း ရေလို့ခေါ်တဲ့ ရေလည်း သံပိုက်တွေနဲ့ ဖောက်ယူအသုံးမပြု ရဲပါဘူး။ အာရှတိုက် ကုန်းမြေရဲ့ တောင်ဘက်အစွန်ဆုံး ကျွန်းကလေးမို့ပါ။ ရေကို မလေးရှားနိုင်ငံကနေ ဝယ်ယူပြီး ပိုက်သွယ်အသုံးပြုရပါတယ်။ ၁၉၆၂ ခုနှစ်ကစပြီး တစ်နေ့ လျှင် ရေဂါလန်သန်း ၂၅၀ ဝယ်ယူခဲ့ပါတယ်။ လက်ရှိမှာ တစ်နေ့လျှင် ရေဂါလန်ပေါင်းသန်း ၄၃၀ သုံးနေကြပါတယ်။ အိုလံပစ်ပွဲတော်က ရေကူးကန်အရွယ် ကန်ပေါင်း ၇၈၂ ကန်ရှိ ရေပမာဏကို နေ့စဉ်သုံးနေကြတယ်။ ဒါကြောင့် ရေဆိုရင်စွန့်ပစ်တဲ့ရေကအစ မိုးရေ၊ အင်းရေတွေကို ( The Public Utilities Board-PUB) က သောက်ရေအဆင့် အထိရအောင် ပြုပြင်ပြောင်းလဲပြီး ပင်လယ်ဆားငန်ရေမှ သောက်ရေအဆင့်ပြောင်းလဲထားသောရေ၊ မလေးရှားမှ တင်သွင်းလာသော ရေတွေနဲ့ပေါင်းစပ်က စင်ကာပူမှာ နေထိုင်သူတွေကို ဖူလုံအောင် ဖြန့်ဖြူးပေးလျက်ရှိပါတယ်။ “ရေဆိုတာ အဆုံးမရှိ အသုံးပြုနိုင်တဲ့အရာ၊ ဘယ်အဆင့် ရောက်ရောက် ပြန်စု၊ ပြန်ပြုပြင်ရင် သောက်လို့ရတယ်” ဆိုတဲ့ မူနဲ့ပါ။ နိုင်ငံတော် သောက်သုံးရေအေဂျင်စီရဲ့ စွမ်းဆောင်အောင်မြင်မှုက အံ့မခန်းပါ။

တတိယဆောင်းပါးက ‘အိမ်သာ’ အောင်မြင်မှု ဆောင်းပါးဖြစ်ပါတယ်။ စင်ကာပူနိုင်ငံ စုပေါင်းအိမ်ရာ စနစ်မှာ အိမ်တစ်ခန်း၊ အိမ်သာနှစ်လုံး အနည်းဆုံး ပါဝင် တာမို့ မီးဖို၊ အိပ်ခန်းတွေနဲ့ တွဲလျက်ရှိတဲ့ အိမ်သာကို သန့်ရှင်းသန့်ပြန့်စေတဲ့ နည်းစနစ်က ကောင်းပြီးသား ဖြစ်ပါတယ်။ စင်ကာပူတစ်လွှား အများသုံးအိမ်သာတွေကို ရေ၊ ဆပ်ပြာရည်၊ အိမ်သာသုံးစက္ကူ၊ လက်ခြောက်လေမှုတ် စက်၊ မှန်တွေ အပြည့်အစုံပေးထားပြီး ဝန်ထမ်း တစ်ယောက်ချထားခြင်းဖြင့် သန့်ရှင်းမွှေးကြိုင်စေနိုင်တဲ့ အောင်မြင်မှုဖြစ်ပါတယ်။

စတုတ္ထဆောင်းပါးမှာက စင်ကာပူနိုင်ငံ တိရစ္ဆာန် သတ္တဝါများပြားမှုအညွှန်းကို ဖော်ပြထားပါတယ်။ ရေမြေတောတောင်သဘာဝနဲ့ သက်ရှိသတ္တဝါတောရိုင်း တိရစ္ဆာန်တွေရဲ့ သဟဇာတဖြစ်မှုကို ဇောင်းပေးထားတာ ပါ။ ငှက်၊ လိပ်ပြာ၊ ပုစဉ်း၊ ပင်လယ်ရေအောက် သန္တာကျောက် တွေနဲ့ ရေသတ္တဝါတွေ၊ ပင်လယ်ရေအောက်မြက်ပင်၊ ရေညှိ အပါအဝင်ရေသတ္တဝါတွေကို ထိန်းသိမ်းစောင့်ရှောက်မှု အကြောင်းဖြစ်ပါတယ်။ အမြန်လမ်းမကြီးတွေ ဖောက်လုပ်လိုက်တဲ့အခါ လမ်းတစ်ခြမ်းမှ သင်းခွေချပ်၊ စပါးကြီးမြွေ၊ မျောက်ကလေးတွေဟာ လမ်းဖြတ်ကူးရင်း ကားတိုက်သေဆုံးရတဲ့အတွက် အမြန်လမ်းမကြီးပေါ်က တိရစ္ဆာန်တွေ ဖြတ်ကူးလေ့ရှိရာနေရာမှာ ECO Link ခေါ် တောလမ်းအဖြစ် ဖန်တီးထားတဲ့ တံတားကျယ်ကြီးတွေ ဆောက်လုပ်ပေးထားပါတယ်။ တောဝက်၊ မျောက်၊ မိချောင်း၊ စပါးကြီးမြွေကြီးတွေကို သဘာဝအတိုင်းရှိစေ တဲ့အတွက် ပြည်သူတချို့ကတော့ ကြောက်ရွံ့ကြပါတယ်။

နောက်ဆုံး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆောင်းပါးမှာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လာခြင်းနဲ့ သဘာဝပတ်ဝန်းကျင် ပျက်ယွင်းမှုကို ချိန်မျှထိန်းချုပ်ခြင်း ဆောင်းပါးဖြစ်ပါတယ်။ c စာမျက်နှာ ၆ မှ

မြို့ပြ အဆောက်အအုံတွေ တိုးချဲ့ဆောက်လုပ်လာ တဲ့အခါ သစ်ပင်၊ ပန်းပင်၊ ဆေးဖက်ဝင်အပင်တွေ ပျက်စီး ပျောက်ကွယ်တတ်ပါတယ်။ စင်ကာပူနိုင်ငံအနေနဲ့ လူလုပ်ကျွန်းမြေအသစ်တွေ တည်ဆောက်ရာမှာ သန္တာကျောက်တန်းတွေ၊ ရှားပါးရေသတ္တဝါလေးတွေ သေကျေပျက်စီးဆုံးရှုံးနိုင်ပါတယ်။ ရေမြင်း၊ ကြယ်ငါး၊ နီယိုငါး၊ ကဏန်းမျိုးစုံတို့ကို မပျောက်ပျက်အောင် အရင်ရှာဖွေရွှေ့ပြောင်းပေးကြရပါတယ်။

x x x x x

၈။ နိုင်ငံခြားရေးဝါဒ အောင်မြင်မှု

စင်ကာပူနိုင်ငံဟာ အဓိက ပါဝါ (Major Powers) အားလုံးနဲ့ ဘယ်လိုဆက်ဆံရေးကောင်းမွန်အောင် ဆက်ဆံပြီး အဓွန့်ရှည်ကြာအောင် စွမ်းဆောင်နိုင် သလဲဆိုတဲ့ ပါမောက္ခ ချန်ဟိန်ချီးရဲ့ဆောင်းပါးနဲ့ မစ္စတာ အောင်ခန်ရုံးရေးသားတဲ့ အောင်မြင်သော ကျွန်ုပ်တို့၏ အရှေ့တောင်အာရှ ပေါ်လစီ (Asean Policy) အပြင် မစ္စတာ ဘာဟန်ဂဖိုး ရှင်းလင်းရေးသားထားတဲ့ စင်ကာပူ က ငယ်ပင်ငယ်သော်လည်း ကမ္ဘာ့ကုလသမဂ္ဂမှာ ဘယ်လို ခေါင်းဆောင်အဆင့်အတန်း ဆောင်ရွက်နိုင်သလဲဆိုတဲ့ ဆောင်းပါးတွေ ဖြစ်ပါတယ်။

x x x x x

၉။ စင်ကာပူ သုခချမ်းသာ

လူ့အမူအကျင့်ဆိုင်ရာ သိပ္ပံပညာသင်တန်းကျောင်း ရဲ့ ညွှန်ကြားရေးမှူး ပရော်ဖက်ဆာ ဒေးဗစ်ချန်းရေးသား တဲ့ (Social – Psychological Capital and Well-Being in Singapore - လူမှုရေးစိတ်ဓာတ်ရေးရာနှင့် စင်ကာပူ သုခချမ်းသာ) ဆောင်းပါး ဖြစ်ပါတယ်။

စာအုပ်ရဲ့ ဆောင်းပါး ၅၀ အနက် နောက်ဆုံး ဆောင်းပါးလေးပါ။ အထက်ပါအကြောင်းနဲ့ အကျိုး ကြောင့် စင်ကာပူလူမျိုးတွေ ကမ္ဘာ့အလယ်မှာဝင့်ထည် လူ့ဂုဏ်သိက္ခာမြင့်တက်ပြီး သုခစည်းစိမ်ခံစားနေကြရတာ ပါ။

စင်ကာပူ သမ္မတ ဟာလီမာ ရာကွတ်က “စင်ကာပူ က မတူကွဲပြားမှု၊ ရိုးသားပွင့်လင်းမှု၊ ကိုယ်တိုင်စိတ်ဓာတ် ကြံ့ခိုင်ခြင်းတို့ကြောင့် တန်ဖိုးရှိစွာ စင်ကာပူရဲ့ ခေတ်သစ် နိုင်ငံတော်ကို ပုံဖော်နိုင်တာလို့ ဆိုပါတယ်။ ခရီးလမ်းက မဖြောင့်ဖြူးခဲ့ပါဘူး။ ဒါပေမယ့် အမြဲတမ်း ဆွဲတင်ကြိုးပမ်း ကြတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်မတို့ ကိုယ့်ဟာကိုယ် တစ်စုံတစ်ခုတော့ ဖြစ်အောင်လုပ်မယ်ဆိုတဲ့ စိတ်ဆုံးဖြတ် ချက်ကြောင့် ဖြစ်ပါတယ်။ ကျွန်မတို့မှာ ကပ်နေတဲ့ အဲဒီ ဉာဉ်လေးတွေကြောင့် အောင်မြင်မှုတွေ နှစ် ၅၀ အတွင်း ဖြစ်လာတာ”လို့ ဆိုပါတယ်။

x x x x x

တစ်ချိန်တစ်ခါ ၁၉၆၀ ပြည့်နှစ်တွေဆီက မြန်မာပြည် ကို လေ့လာအတုယူခဲ့တဲ့ စင်ကာပူဟာ ခေါင်းဆာင် ကောင်း၊ အစိုးရကောင်းကြောင့် ကမ္ဘာ့ထိပ်တန်းစာရင်းဝင် နိုင်ငံတစ်နိုင်ငံဖြစ်နေပါပြီ။ ယခုအချိန်မှာ ခေါင်းဆောင် ကောင်း၊ အစိုးရကောင်းရရှိထားတဲ့ မြန်မာနိုင်ငံဟာ အောင်မြင်နေတဲ့နိုင်ငံတွေကို မျက်ခြည်မပြတ်ကြည့်ရင်း ပိုမိုကောင်းမွန်တဲ့ နည်းစနစ်တွေနဲ့ အောင်မြင်တဲ့ နိုင်ငံ အဖြစ် တည်ဆောက်နေကြပြီဖြစ်ပါတယ်။ ။