သက်တမ်း ၁၄၅ နှစ်ကျော်ပြီဖြစ်သည့် မြန်မာ့မီးရထားသည် အရှေ့တောင်အာရှနိုင်ငံများတွင် သက်တမ်းအရင့်ဆုံး ရထားပို့ဆောင်ရေးလုပ်ငန်းတစ်ခုဖြစ်သည်။ ရထားသယ်ယူပို့ဆောင် ရေးစနစ်သည် လူနှင့် ကုန်စည်ပမာဏအမြောက်အမြားကို အချိန်တိုတို၊ ကုန်ကျစရိတ်သက်သက်သာသာဖြင့် တစ်ပြိုင် တည်း သယ်ယူပို့ဆောင်ပေးနိုင်သည့် စနစ်တစ်ခုဖြစ်ရာ နိုင်ငံ နှင့် ပြည်သူအတွက်လည်း လွန်စွာအကျိုးဖြစ်ထွန်းစေသည်။
နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ဒီဇင်ဘာ ၂၁ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ မြန်မာ့မီးရထား၊ စက်ခေါင်းစက်ရုံ(အင်းစိန်) သို့ ရောက်ရှိခဲ့ပြီး ဝန်ထမ်းများအား တွေ့ဆုံအမှာစကား ပြောကြားရာတွင် “နိုင်ငံ၏ စီးပွားရေးမောင်းနှင်အားတွင် ရထားပို့ဆောင်ရေးသည် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်နေသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ရထားပို့ဆောင်ရေး စနစ်ကို ယခုထက် ပိုမိုလျင်မြန်စွာ သွားလာနိုင်သည့် အဆင့် ထိရောက်ရှိအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ရထားလမ်းများ အဆင့်မြှင့်တင်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း များကို စဉ်ဆက်မပြတ် ဆောင်ရွက်နေရန်လည်းလိုကြောင်း၊ အလားတူ ရထားတွဲများ၊ စက်ခေါင်းတွဲများ၊ လူစီးတွဲ၊ ကုန်တင် တွဲများကိုလည်း အမြဲကောင်းမွန်စေရေး ထိန်းသိမ်း ဆောင်ရွက်နေရန်လိုကြောင်း၊ မြန်မာ့မီးရထားသည် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့် အဖွဲ့အစည်း တစ်ခုဖြစ်သဖြင့် မီးရထားဝန်ထမ်းများ၏ တာဝန်ထမ်းဆောင် မှုသည် အရေးပါသည်ကိုလည်း သတိပြုစေလိုကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။
မြန်မာ့မီးရထားသည် နှစ်ပေါင်း ၁၅၀ ခန့်ရှိ ရင့်ကျက် သော အတွေ့အကြုံများနှင့်အတူ နိုင်ငံအတွင်း ဒေသအများ အပြားတွင် အရင်းအမြစ်များစွာကို ပိုင်ဆိုင်ထားသည့် နိုင်ငံ၏ အရေးပါသည့် စီးပွားရေးလုပ်ငန်းကြီး တစ်ခုဖြစ်သည်။ လက်ရှိမြန်မာ့မီးရထား၏ ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေး လျော့နည်းကျဆင်းနေမှု အခြေအနေနှင့် စပ်လျဉ်း၍ ပုဂ္ဂလိက အဝေးပြေးမော်တော်ယာဉ်လိုင်းများက ဈေးကွက်ဝေစု အများစုကို ရယူသွားနိုင်ခဲ့ခြင်းကြောင့်ဟု ဆိုလေ့ရှိရာ မီးရထား၏ အားသာချက်ကို မြှင့်တင်၊ အားနည်းချက်ကို ပြုပြင်ပြီး ခရီးသွားပြည်သူတို့၏ ယုံကြည်အားထားမှုကို ပြန်လည်ရယူခြင်းဖြင့် ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေး ဈေးကွက်ဝေစုတို့ ပြန်လည်ရရှိလာနိုင်မည်ဖြစ်သည်။
မြန်မာ့မီးရထားဖြင့် ခရီးသွားရသည့်အားသာချက်များမှာ လက်မှတ်ခဈေးနှုန်း ချိုသာခြင်းနှင့် ဘူတာများသည် မြို့၏ အချက်အချာနေရာများတွင် တည်ရှိနေကြရာ တိုက်ရိုက် ရောက်ရှိနိုင်ခြင်းပင်ဖြစ်သည်။ ရထားလမ်းများနှင့် စက်ခေါင်း များ၊ ရထားတွဲများ၏ အားနည်းချက်များကြောင့် ခုတ်မောင်း ချိန် ကြာမြင့်နေရခြင်းကို ပြုပြင်ဆောင်ရွက်အဆင့်မြှင့်တင် မှုများ ပြုလုပ်လျက်ရှိရာ ခုတ်မောင်းချိန်ကို လျှော့ချနိုင်ခြင်း ဖြင့် Express ယာဉ်များကို ယှဉ်လာနိုင်မည်ဖြစ်သည်။ အဓိက အားဖြင့် ပုဂ္ဂလိက အဝေးပြေးမော်တော်ယာဉ်လိုင်းများက ဝန်ဆောင်မှုများကို ကောင်းမွန်ရေးအတွက် အပြိုင်အဆိုင် ဆောင်ရွက်နေကြခြင်းဖြစ်သည့်အလျောက် မြန်မာ့မီးရထား အနေဖြင့်လည်း ရထားလက်မှတ်များကို online မှတစ်ဆင့် လက်မှတ်များ ဝယ်ယူပေးချေနိုင်ရေး၊ ခရီးစဉ်တစ်လျှောက် ဝန်ဆောင်မှုများ ကောင်းမွန်အောင် မြှင့်တင်ရေးတို့ကို ဝန်ထမ်းများက စွမ်းဆောင်ရည်ပြည့်ဝစွာ ကြိုးပမ်းဆောင် ရွက်ကြသည်နှင့်အမျှ ရထားတစ်ခေတ် ဆန်းသစ်လာနိုင် မည်ဟု ရှုမြင်ပါကြောင်း။ ။