
ခင်ရတနာ
(ယမန်နေ့မှအဆက်)
ပြည်သူအတွက် ကြိုတင်အသိပညာဖြန့်ဝေခဲ့
နိုင်ငံပိုင်သတင်းစာများသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လုပ်ငန်း တာဝန်များဖြစ်သည့် ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ လုပ်ငန်း စဉ်များအလိုက် ဆောင်ရွက်မှုသတင်းများကို ယခုနှစ်ဆန်းပိုင်းကတည်းက ဖော်ပြနိုင်ခဲ့ကြသည်။ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ဖွဲ့စည်းခြင်း၊ မဲဆန္ဒနယ် များ သတ်မှတ်ခြင်း၊ မဲစာရင်းများ ပြုစုခြင်းသတင်းများ၊ နိုင်ငံရေးပါတီများကို ဥပဒေနှင့်အညီ ဆောင်ရွက်စေရန် ကြီးကြပ်ခြင်းသတင်းများ၊ ဆန္ဒမဲလက်မှတ် များကို မဲရုံများထံ စနစ်တကျသယ်ယူပေးပို့သည့် သတင်းများ အစရှိသည့် သတင်းများကို နေ့စဉ်ဖော်ပြပေးနိုင်ခဲ့ပါသည်။
သတင်းစာများတွင် ယခုနှစ်ဆန်းပိုင်းမှစတင်ကာ ရွေးကောက်ပွဲအကြို ကာလ တစ်လျှောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၏ ဒေသအသီးသီးသို့ သွားရောက်၍ မဲရုံများစစ်ဆေးခြင်း၊ ပြည်သူများ၏ နိုင်ငံသားအခွင့်အရေးကို အပြည့်အဝရရှိနိုင်စေရေးနှင့် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးဟောပြောခြင်းများ၊ တိုင်းဒေသကြီးနှင့် ခရိုင်၊ မြို့နယ်ကော်မရှင် အဖွဲ့ခွဲများ ဖွဲ့စည်းပေးခြင်းများ၊ မဲရုံများ ကြိုတင်ပြင်ဆင်ခြင်းသတင်းများ၊ ရွေးကောက်ပွဲဆိုင်ရာ အထူးရဲများ လေ့ကျင့်ပေးခြင်းနှင့် မဲရုံ တာဝန်ထမ်းဆောင် ကြမည့် မဲရုံမှူးများအတွက် သင်တန်းဖွင့်လှစ်သည့် သတင်းများကို နေ့စဉ် ဖော်ပြနိုင်ခဲ့သည်။
ထို့ပြင် ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်သည့် ပညာပေးအချက်အလက် များအပြင် ပြည်ပနိုင်ငံများတွင် ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများ အားလုံး နိုင်ငံသားအခွင့်အရေး အပြည့်အဝရရှိနိုင်ရေးအတွက် ပြည်ပနိုင်ငံ များရှိ မြန်မာနိုင်ငံသံရုံးများသို့ မဲလက်မှတ်များ အချိန်မီတင်ပို့နိုင်မှု အခြေအနေ၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် နိုင်ငံအသီးသီးရှိ မြန်မာသံရုံးများမှ သက်ဆိုင်ရာ မြန်မာနိုင်ငံသားများသို့ အသိပေးချက်များ၊ ကြိုတင်ဆန္ဒမဲ ပေးအပ်နိုင်ရန် အတွက် လမ်းညွှန်မှုများနှင့် ကြိုတင်ဆန္ဒမဲပေးခြင်း သတင်းများကိုလည်း ဆက်သွယ်ရယူပြီး ဖော်ပြပေးနိုင်ခဲ့ပါသည်။
ထို့ပြင် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီမှ ထုတ်ပြန်ထားသည့် ကျန်းမာရေးနှင့်အညီ ဆန္ဒမဲပေးနိုင်စေရန် အသိပေးချက်များကို သတင်းများ၊ ထုတ်ပြန်ချက်များ၊ တွေ့ဆုံမေးမြန်းခန်း များအဖြစ် ရွေးကောက်ပွဲမတိုင်မီ ရက်ပေါင်း ၁၀၀ အတွင်း ဖော်ပြပေးနိုင်ခဲ့ ပါသည်။ ထို့ပြင် ရွေးကောက်ပွဲအတွက် ကျန်းမာရေးပစ္စည်းများ ရောက်ရှိ ဖြန့်ဖြူးနေမှု၊ နိုင်ငံသားဆိုင်ရာအသိပညာနှင့် ဆန္ဒမဲဆိုင်ရာအသိပညာပေးမှု များစွာကို ဖော်ပြနိုင်ခဲ့ခြင်းဖြစ်ပါသည်။
သတင်းယူရန် လျာထားခဲ့
ထို့ပြင် ရွေးကောက်ပွဲကျင်းပနေစဉ်နှင့် မဲစာရင်းရေတွက်စဉ်ကာလ အတွင်း နိုင်ငံပိုင်သတင်းစာများတွင် သတင်းဖော်ပြပေးနိုင်ရန်အတွက် နေပြည်တော်ကောင်စီအပါအဝင် တစ်နိုင်ငံလုံးတွင် တိုက်ပိုင်သတင်းထောက် များ၊ ဒေသခံသတင်းထောက်များ စုစုပေါင်း ၈၈ ဦးနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၅၂၂ ဦးတို့ကို သတ်မှတ်ကာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ထားသည့် သတင်းရယူခွင့် အသိ အမှတ်ပြုကတ်ပြားများ တပ်ဆင်၍ ရွေးကောက်ပွဲသတင်းရယူခြင်းဆိုင်ရာ လိုက်နာရမည့် သတင်းမီဒီယာကျင့်ဝတ်များ၊ အမိန့်နှင့်ညွှန်ကြားချက်များ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟို ကော်မတီမှချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာ ဆောင်ရွက် သတင်းရယူနိုင်ရန်အတွက် ပြင်ဆင်ထားရှိခဲ့ပါသည်။
စာဖတ်ပရိသတ်များ၏ အကြံဉာဏ်များရယူ
ရွေးကောက်ပွဲကာလတွင်သာမက နိုင်ငံပိုင်သတင်းစာများနှင့် ပတ်သက် လာပါက မကြာခဏဝေဖန်ခံရခြင်းများ ကြုံတွေ့နေရစမြဲဖြစ်ပါသည်။
နိုင်ငံပိုင်သတင်းစာများ၏ ဆက်လက်ရှင်သန်ရပ်တည်နိုင်ခြင်းသည် အားပေးဖတ်ရှုသူ ပြည်သူများကြောင့်သာ ဆက်လက်တည်ရှိနေခြင်း ဖြစ်ပါ သည်။ နိုင်ငံပိုင်သတင်းစာများနှင့် ပတ်သက်၍ သတင်းအရည်အသွေး၊ ပုံနှိပ် အရည်အသွေးနှင့် သတင်းခန်းအရည်အသွေးများ မြှင့်တင်ရေးအတွက် စာရေးသူအလုပ်ဝင်ရောက်သည့် ဆယ်စုနှစ် တစ်စုစာအတွင်း သက်ဆိုင်ရာဌာန အကြီးအကဲများက သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပကာ အရည် အသွေးမြှင့်တင်ပေးခဲ့သည်ကိုလည်း ကြုံတွေ့ခဲ့ရပါသည်။ သတင်းများကို လည်း သတင်းအင်္ဂါရပ်၊ သတင်းအရည်အသွေးပြည့်မီမှုရှိစေရန် ပြင်ပသတင်း အတတ်ပညာရှင်များ ဖိတ်ခေါ်ကာ သင်ကြားလေ့လာမှုများ၊ ပြည်တွင်း၊ ပြည်ပ သတင်းအတတ်ပညာဆွေးနွေးပွဲများ တက်ရောက်စေခြင်းများကိုလည်း ဆောင်ရွက်နိုင်ခဲ့ပါသည်။ ပြန်ကြားရေးဝန်ကြီးဌာနအောက်ရှိ သတင်းမီဒီယာ ပလက်ဖောင်းများဖြစ်သော မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ နိုင်ငံပိုင်သတင်းစာ များ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် နေ့စဉ်သတင်းတင်ဆက်မှု ညှိနှိုင်းဆောင်ရွက်ခြင်းများကို ဗီဒီယိုကွန်ဖရင့်ဖြင့် ဆောင်ရွက်၍ ပိုမိုကောင်းမွန်သည့် သတင်းဖော်ပြနိုင်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
နိုင်ငံပိုင်မီဒီယာများအနေဖြင့် ဒီမိုကရေစီအစိုးရလက်ထက်တွင် ပြည်သူ နှင့် အစိုးရကြား ပေါင်းကူးပေးခြင်းကိုသာ ဆောင်ရွက်လျက်ရှိပြီး မိမိတို့နှင့် သဘောထားအမြင် မတူသူများအား ဖိနှိပ်ခြင်း၊ ဝါဒဖြန့်ချိခြင်းတို့ကို လုံးဝ လုပ်ဆောင်ခြင်း မရှိသည်ကို ယခင်၊ ယခု နှိုင်းယှဉ်ဖတ်ရှုကြသည့် စာဖတ် ပရိသတ်များ သိရှိသတိထားမိမည်ဟု ယုံကြည်ပါသည်။ မိမိတို့နှင့် သဘော ထားအမြင် မတူသူများ၏ ဆောင်းပါးများ၊ ရေးသားချက်များကိုပါ “ပြည်သူ့ သဘောထားစင်မြင့်”ဟု ကဏ္ဍတစ်ရပ်ဖွင့်လှစ်၍ ဖော်ပြပေးခြင်းများလည်း ရှိပါသည်။
သို့သော် နိုင်ငံပိုင်သတင်းစာများဖြစ်သဖြင့် ယမန်နေ့က တင်ပြသကဲ့သို့ စာဖတ်သူပရိသတ်များနှင့် အစိုးရအကြား သတင်းပြန်ကြားပေးရမည့်တာဝန်ကို အပြည့်အဝထမ်းဆောင်နေကြရသဖြင့် အစိုးရအဖွဲ့ရုံး၊ ဌာနများ၏ ဌာနဆိုင်ရာ သတင်းထုတ်ပြန်ခြင်းများ၊ အချက်အလက်ကိန်းဂဏန်း ပြန်ကြားပေးရမှုများ တွင် အချက်အလက်မှန်ကန်ရေး၊ သတင်းခိုင်မာမျှတရေးကို ဦးစားပေး ဆောင်ရွက်ရပါသည်။ အများပြည်သူစိတ်ဝင်စားဖွယ်သတင်း ဖော်ပြမှုပုံစံ အဖြစ် ပြောင်းလဲနိုင်ရန် ကြိုးပမ်းနေပါသည်။ အများပြည်သူ သတင်းသိပိုင်ခွင့် အတွက် လိုအပ်သော အကြုံပြုချက်များ၊ ဝေဖန်ချက်များ ပေးပို့လာသည့် စာဖတ်သူများ၏ စကားသံများကို အစဉ်နားစွင့်၍ လိုအပ်ချက်များကိုလည်း ဖြည့်ဆည်းလျက်ရှိပါသည်။
၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ အထူးစာမျက်နှာများ
ရွေးကောက်ပွဲကျင်းပရန် နီးကပ်လာသည်နှင့်တစ်ပြိုင်နက် ရွေးကောက်ပွဲ ဆိုင်ရာ သတင်းအချက်အလက်များ ပိုမိုပြည့်စုံစွာဖော်ပြနိုင်ရန်အတွက် ပြင်ဆင်ဆောင်ရွက်ခဲ့ကြပါသည်။
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၃ ရက်နေ့ကလည်း ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ဌာနအကြီးအကဲများသည် နိုင်ငံပိုင်သတင်းစာတိုက်များမှ စာတည်းအဖွဲ့ဝင်များနှင့် တွေ့ဆုံပြီး ရွေးကောက်ပွဲကာလအတွင်း သတင်း အချက်အလက်ခိုင်မာ၍ ဘက်မလိုက် မျှတသည့်သတင်းများ ဖော်ပြပါရှိရေး၊ ရွေးကောက်ပွဲရလဒ်များကို အများပြည်သူတို့ အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရန် အတွက် နိုင်ငံပိုင်သတင်းစာများ၊ အွန်လိုင်းသတင်းစာနှင့် လူမှုကွန်ရက်များတွင် ဖော်ပြနိုင်ရေး၊ ရလဒ်များကို ထုတ်ပြန်ကြေညာချက်စာရင်းများအပြင် ဖတ်ရှု ရလွယ်ကူစေရေးအတွက် အခြေပြဇယားများ ရေးဆွဲဖော်ပြရေး၊ အမှားအယွင်း ကင်းစင်ရေးတို့အတွက် ဆွေးနွေးညှိနှိုင်းပေးခဲ့ကြသဖြင့် နိုင်ငံပိုင် သတင်းစာ များသည် အထွေထွေရွေးကောက်ပွဲကျင်းပစဉ်နှင့် ရလဒ်များပေါ်ထွက်လာချိန် တွင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ အထူးစာမျက်နှာများ ဖွဲ့စည်း၍ သတင်း ဖော်ပြပေးနိုင်ရန်အတွက် ပြင်ဆင်နေခဲ့ကြပြီဖြစ်ပါသည်။
(ဆက်လက်ဖော်ပြပါမည်)
- Log in to post comments