
ဆောင်းပါး
=======
ပြည်သူ့သဘောထားစင်မြင့်
==================
တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစသည်တို့နှင့်စပ်လျဉ်း၍ ရှုထောင့်စုံမှ သဘောထားအမြင်စုံတို့ကို အများပြည်သူသို့ တင်ပြပေးနိုင်ရန် ဤကဏ္ဍကို ဖွင့်လှစ်ခြင်းဖြစ်၍ စိတ်ဝင်စားသူ မည်သူမဆို ပါဝင်ရေးသားရန် ဖိတ်ခေါ်ပါသည်။ သို့သော် ကြမ်းတမ်းပြင်းထန်သော အယူအဆ၊ အရေးအသားများကိုမူ သတင်းစာ၏ မူဝါဒအရ ဖော်ပြပေးနိုင်မည်မဟုတ်ကြောင်းနှင့် ဤကဏ္ဍတွင် ပါရှိသမျှတို့သည် သက်ဆိုင်ရာ ဆောင်းပါးရှင်၏ အာဘော်သာ ဖြစ်ပါသည်။
(စာတည်းအဖွဲ့)
မှတ်ပုံတင် (နိုင်ငံသား) ကတ်ပြားနှင့် မဲပေးခွင့်
=====================================
အငြိမ်းစားတစ်ဦး
နိုင်ငံပိုင်သတင်းစာများတွင် ၂၀၂၀ ရွေးကောက်ပွဲ အထူး ကဏ္ဍထည့်သွင်း၍ ‘‘ရွေးကောက်ပွဲ ကျင်းပရန် ရက် (.....)သာ လိုတော့သည်”ဟု ပြည်သူသို့ အသိပေးသည့် Count down ဖော်ပြပေးနေသည်ကို တွေ့မြင်ရပါသည်။ ရွေးကောက်ပွဲကျင်းပမည့် နိုဝင်ဘာလ ၈ ရက်နေ့သို့ မကြာမီရောက်ရှိလာတော့မည်ကို ရင်ခုန်စိတ်လှုပ်ရှား စွာဖြင့် စောင့်စားနေမိပါသည်။
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန မြို့နယ်မှတ်ပုံတင် (လဝက) ရုံးများ မှ ဝန်ထမ်းများက ကွင်းဆင်း၍ မှတ်ပုံတင်(နိုင်ငံသား)ကတ်ပြားများ နေ့ချင်းပြီး ထုတ်ပေးနေသည့် သတင်း ဓာတ်ပုံများကိုလည်း သတင်းစာများတွင် နေ့စဉ်နီးပါး ဖတ်ရှုတွေ့မြင်နေရပါသည်။ ဌာနအကြီးအကဲများက လိုက်လံကြည့်ရှုပြီး ‘‘မဲစာရင်းတိကျ မှန်ကန်ရေး၊ မဲစာရင်းတွင် ပါရှိသူများကို မှတ်ပုံတင်ကတ်ပြား တစ်မျိုးမျိုး ထုတ်ပေးရေး၊ ဝန်ထမ်းများကွင်းဆင်း ဆောင်ရွက်နေကြရသော်လည်း ရုံးတွင် ကျန်ရှိသည့် သမ္ပဇဉ်လုပ်ငန်းများ မကျန်ရှိစေရေးအတွက်လည်း စနစ်တကျဆောင်ရွက်ရန်” မှာကြားခဲ့ကြောင်းလည်း ဖတ်ရှုရပါသည်။ တစ်နေ့တည်းတွင် ထုတ်ပေးခဲ့သည့် ကတ်ပြား ၂၅၀၀ ကျော်၏ မှတ်ပုံတင် (နိုင်ငံသား) နံပါတ် များကို ကာယကံရှင်တစ်ဦးချင်းစီ၏ အိမ်ထောင်စုလူဦးရေ စာရင်းတွင် ဖြည့်သွင်းခြင်းနှင့် ရုံးလက်ခံစာရင်းများတွင် လည်း တစ်ရွက်ချင်းရှာဖွေလှန်လှော၍ ဖြည့်သွင်းခြင်း အပါအဝင် ကြီးမားသည့် လုပ်ငန်းတာဝန်များကို အားသွန်ခွန်စိုက် ထမ်းရွက်နေကြသည့် ဝန်ထမ်းများ အတွက်လည်း ဂုဏ်ယူဝမ်းမြောက်မိပါသည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ-၃၉၁ (က)တွင် ‘‘ရွေးကောက်ပွဲကျင်းပသည့် နေ့ရက်၌ အသက် (၁၈)နှစ်ပြည့်၍ ဥပဒေအရ အရည်အချင်းပျက်ယွင်းသူ မဟုတ်သူ နိုင်ငံသားတိုင်းမဲပေးခွင့်ရှိသည်’’၊ ရွေးကောက်ပွဲ ကော်မရှင်၏ တာဝန်များအနက် ပုဒ်မ-၃၉၉(ဃ)တွင် ‘‘မဲစာရင်းပြုစုခြင်း၊ ပြင်ဆင်ခြင်း”၊ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ-၁၃ တွင် ‘‘မဲစာရင်းများကို မြို့နယ်/ ရပ်/ ကျေးကော်မရှင်အဖွဲ့ခွဲတို့က ပြုစုရမည်၊’’ ယင်းဥပဒေပုဒ်မ ၆(ခ)တွင် ‘‘မဲစာရင်းတွင် အမည်ပါဝင် သူသည် မဲပေးခွင့်ရှိသည်’’ဟူ၍ အသီးသီးပြဋ္ဌာန်းထားရှိ ပေရာ ရွေးကောက်ပွဲကျင်းပမည့် နိုဝင်ဘာလ ၈ ရက် နေ့တွင် အသက်(၁၈)နှစ် ပြည့်မည့်သူများကိုပါ မဲစာရင်းတွင် ထည့်သွင်းပြုစုရမည်ဖြစ်ပါ သည်။ သို့မှသာ ငါးနှစ်တွင်တစ်ကြိမ် ကြုံကြိုက်ရသည့် အခွင့်အရေးကို မဆုံးရှုံးစေဘဲ မဲပေးခွင့်ရကြမည် ဖြစ်ပါ သည်။
နိုင်ငံသားနှင့် မှတ်ပုံတင်(နိုင်ငံသား)
ကတ်ပြားကိုင်ဆောင်ခွင့်
၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေပုဒ်မ (၁၀)တွင် မြန်မာနိုင်ငံအတွင်း မွေးဖွားသော နိုင်ငံသားတစ်ဦး အတွက် ‘‘အသက်(၁၀)နှစ်ပြည့်သည့်နေ့”မှစ၍ တစ်နှစ် အတွင်း မိဘ(သို့မဟုတ်) အုပ်ထိန်းသူက မှတ်ပုံတင်ရမည်၊ နိုင်ငံသားဆိုင်ရာ လုပ်ထုံးလုပ်နည်းအပိုဒ်-၁၂(ဂ)၊ အပိုဒ် ခွဲငယ် (၁)-(ကက)တွင် အသက်(၁၀)နှစ်ပြည့် ကတ်ပြား အား အသက်(၁၈)နှစ်ပြည့်ကတ်ပြားနှင့် လဲလှယ်ပေးရန်၊ ‘‘အသက်(၁၈)နှစ်ပြည့်သည့်နေ့”မှစ၍ မိမိနေထိုင်ရာ မြို့နယ်မှတ်ပုံတင် (လဝက)ရုံးသို့ ကိုယ်တိုင် သွားရောက် လျှောက်ထားရမည်”ဟု ပြဋ္ဌာန်းထားပါသည်။ ယင်း ပြဋ္ဌာန်းချက်များအရ နိုင်ငံသားတစ်ဦးသည် နိုင်ငံသား အရည်အချင်းနှင့် ပြည့်စုံသော်လည်း အသက်(၁၀)နှစ် (သို့မဟုတ်) အသက်(၁၈)နှစ်မပြည့်မီ တစ်ရက်မျှပင် လိုအပ်စေကာမူ အသက်အရွယ်အလိုက် ကိုင်ဆောင်ရန် သတ်မှတ်ထားသည့် မှတ်ပုံတင်(နိုင်ငံသား)ကတ်ပြားကို ထုတ်ယူကိုင်ဆောင်ခွင့်မရှိပါ။ ထုတ်ပေးခဲ့သည့် အစဉ် အလာလည်းမရှိခဲ့ပါ။ အသက်(၁၀)နှစ်မပြည့်မီ လပိုင်း အလိုတွင် မှတ်ပုံတင်(နိုင်ငံသား)ထုတ်ယူပြီး ပတ်စ်ပို့ လျှောက်ထားရယူ၍ ဖခင်ဖြစ်သူက နိုင်ငံခြားသို့ ခေါ်ဆောင် သွားသဖြင့် မိခင်ဖြစ်သူက တိုင်ကြားခြင်း၊ အသက်(၁၈)နှစ်မပြည့်မီ မှတ်ပုံတင် (နိုင်ငံသား) ကတ်ပြားထုတ်ယူပြီး ယာဉ်မောင်းလိုင်စင်ရယူပြီးနောက် မတော်တဆ ယာဉ်တိုက်မှုကြောင့် အဖမ်းခံရခြင်းစသည့် ဖြစ်စဉ်များနှင့် ဆက်နွှယ်ပြီး အသက်မပြည့်မီ မှတ်ပုံတင် (နိုင်ငံသား) ကတ်ပြားထုတ်ပေးခဲ့သော ဌာနမှတာဝန်ရှိသူ ဝန်ထမ်း များကို အရေးယူအပြစ်ပေးခဲ့ရသည့် ဖြစ်စဉ်မှုခင်း မှတ်တမ်းများ ရှိခဲ့ပါသည်။
ထောက်ခံချက်ဖြင့် မဲပေးခြင်း
မှတ်ပုံတင်(လဝက)ဌာနက ကွင်းဆင်း၍ ဆောင်ရွက် ပေးနေသော်လည်း ထိုနေ့(ကွင်းဆင်းသည့်နေ့ရက်) တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအထိကိုသာလျှင် မှတ်ပုံတင် (နိုင်ငံသား) ကတ်ပြားများ ထုတ်ပေး၍ရပါမည်။ အသက် (၁၈) နှစ်ပြည့်ရန် တစ်ရက်လိုသူများကိုပင် ဥပဒေအရ ထုတ်ပေး၍မရပါ။ (၁၀)နှစ်ပြည့် ကတ်ပြားထုတ်ပေးလိုက် လျှင်လည်း အသက်(၁၈)နှစ်ပြည့်ကြောင်း အထောက် အထားမဟုတ်၍ မဲပေးခွင့်နှင့် အကျုံးမဝင်ပါ။ လူဦးရေ မွေးဖွားခြင်းသဘာဝအရ နိုဝင်ဘာလ ၈ ရက်နေ့ မရောက်မီ အထိ နေ့စဉ်၊ နေ့တိုင်း နိုင်ငံအနှံ့တွင် အသက်(၁၈)နှစ် ပြည့်လာသူများ တိုးပွားလာနေမည်ဖြစ်ပါသည်။ ထိုသူများ ကို ကွင်းဆင်းစီမံချက်ဖြင့် တစ်နေရာပြီးတစ်နေရာ လှည့်လည်ဆောင်ရွက်ပေးနေသော်လည်း ပြီးပြတ်အောင် ဆောင်ရွက်ရန် အခက်အခဲရှိနိုင်ပါသည်။ အချိန်မီပြီးစီးရန် အခက်အခဲရှိနိုင်ပါသည်။ ယခုကဲ့သို့ ကွင်းဆင်း၍ အမြန် ပြုလုပ်ထုတ်ပေးခြင်းထက် ‘‘အသက်(၁၈)နှစ် ပြည့်ပြီးသူ ဖြစ်ကြောင်း၊ နိုင်ငံသားဖြစ်ကြောင်း” ထောက်ခံချက် ထုတ်ပေးခြင်းဖြင့် မဲပေးခွင့်ရှိသူအားလုံး အချိန်မီမဲပေးနိုင် ကြမည်ဟု ယူဆပါသည်။ တစ်ဦးတည်းမဟုတ်ဘဲ မိသားစု ဝင်များဖြစ်ပါက မိသားစုအလိုက် စုပေါင်း၍ တစ်စောင်တည်း ထုတ်ပေးနိုင်ပါသည်။
မြို့နယ်ကော်မရှင်အဖွဲ့ခွဲတွင် အဖွဲ့ဝင်များအဖြစ် ပါဝင်သည့် ထွေ/အုပ်၊ ဥပဒေဌာန၊ ကျန်းမာရေးဌာနနှင့် မှတ်ပုံတင်(လဝက)ဌာနတို့သည် ၂၀၁၀ ပြည့်နှစ်မတိုင်မီက ဖွဲ့စည်းခဲ့ဖူးသည့် ‘‘ခရိုင်/ မြို့နယ် နိုင်ငံသားစိစစ်ရေး ကော်မတီအဆင့်ဆင့်တွင် ပါဝင်ခဲ့ဖူးပြီး အတွေ့အကြုံ ရှိသူများ ဖြစ်ကြပါသည်။ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌက ဦးစီးပြီး ဖော်ပြပါ လေးဌာနကိုယ်စားလှယ်များ ပါဝင်သည့် အဖွဲ့ဖြင့်စိစစ်၍ နိုဝင်ဘာလ ၈ ရက်နေ့အထိသာ အသုံးပြုခွင့်ရှိသော ထောက်ခံချက်တစ်စောင် ထုတ်ပေး လိုက်လျှင် အဆင်ပြေချောမွေ့စွာ မဲပေးခွင့်ရသွားကြမည် ဖြစ်ပါသည်။ မဲပေးပြီးပါက အဆိုပါထောက်ခံချက် စာရွက်ကိုပြသ၍ မြို့နယ်မှတ်ပုံတင်(လဝက)သို့ လျှောက်ထားစေပြီး ဦးစားပေးအစီအစဉ်ဖြင့် မှတ်ပုံတင် (နိုင်ငံသား) ကတ်ပြား ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အာမခံချက်ပေးထားလျှင် ထောက်ခံချက်မှာ ပိုမိုအသက် ဝင်မည် ဖြစ်ပါသည်။
မဲစာရင်း၏ အခြေခံအိမ်ထောင်စုလူဦးရေ
ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲနည်းဥပဒေ အပိုဒ်(၅)တွင် ‘‘ရပ်ကွက်/ ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲ များသည် မဲစာရင်းပြုစုရာတွင် ရပ်/ကျေးအုပ်ချုပ်ရေးမှူးက လည်းကောင်း၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေးဦးစီးဌာနကလည်းကောင်း ပြုစုထားသည့် လူဦးရေ(အိမ်ထောင်စုလူဦးရေ)စာရင်းကို ရယူအခြေခံပြီး ပြုစုရမည်”ဟု ပြဋ္ဌာန်းထားပါသည်။ အိမ်ထောင်စုလူဦးရေ စာရင်းဆိုသည်မှာ မြို့နယ်အတွင်း လိပ်စာတစ်ခုတွင် အဆောက်အအုံဖြင့် အတည်တကျနေထိုင်ပြီး မြို့နယ် မှတ်ပုံတင်(လဝက)ရုံးမှ တရားဝင်မှတ်ပုံတင်စာရင်း (Register) ရေးသွင်း၍ ပြုစုထုတ်ပေးထားသော အိမ်ထောင်စုတစ်စု၏ လူဦးရေစာရင်း ဖြစ်ပါသည်။ လူတစ်ဦးချင်းစီ၏ အမည်၊ မွေးသက္ကရာဇ်၊ ကျား/မ၊ အဖအမည်၊ အိမ်ထောင်ဦးစီးနှင့် တော်စပ်ပုံ၊ အလုပ်အကိုင်၊ မှတ်ပုံတင်အမှတ်---- စသည့် ဇယားတိုင်ပါရှိသော ပုံစံ စာရွက်တွင် အမှတ်စဉ်(၁)၌ အိမ်ထောင်ဦးစီး၏ အမည်ကို ဦးစွာရေးသွင်းပြီးနောက် အိမ်ရှိလူကုန်အားလုံးကို အစဉ်လိုက် စာရင်းရေးသွင်းထားသည့် မှတ်တမ်းစာရွက် ဖြစ်ပါသည်။ အိမ်ထောင်ဦးစီးတွင် တစ်စောင်၊ ရုံးတွင်လက်ခံ တစ်စောင်ထားရှိပါသည်။
ထွေ/အုပ်မှ ပြုစုသည့်စာရင်းတွင် မှတ်ပုံတင်(လဝက) ဌာနမှ စာရင်းအပြင် အခြားစာရင်းများလည်း ပါဝင်ပါသည်။ ယခင်အသုံးအနှုန်းအရ ဧည့်စာရင်းဖြင့် နေထိုင်သူများနှင့် ကျူးစာရင်းများ ဖြစ်ပါသည်။ ထိုသူတို့မှာ အခြားမြို့နယ် များတွင် မှတ်ပုံတင်(လဝက)ရုံး၌ တရားဝင်အိမ်ထောင်စု စာရင်းရှိသူများ ဖြစ်ပါသည်။ အများအားဖြင့် ရက်ပေါင်း ၁၈၀ ထက်မနည်း မဲဆန္ဒနယ်ပြင်ပသို့ ရောက်ရှိနေသူ များဖြစ်၍ မဲစာရင်းတွင် ထည့်သွင်းခြင်း/ ပယ်ဖျက်ခြင်း တို့ကို ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ-၁၀၊ ၁၁ တို့အရ လိုက်နာဆောင်ရွက်ရမည့်သူများ ဖြစ်ပါသည်။
မဲစာရင်းအပေါက်များ
(မှတ်ပုံတင်နံပါတ်မရှိကွက်လပ်ဖြစ်နေခြင်း)
မှတ်ပုံတင်(နိုင်ငံသား)လျှောက်ထားလျှင် အဓိက လိုအပ်ချက် အထောက်အထားတစ်ခုမှာ အိမ်ထောင်စု လူဦးရေစာရင်း ဖြစ်ပါသည်။ မှတ်ပုံတင်(နိုင်ငံသား)ကတ်ပြားတွင် တာဝန်ခံအရာရှိက အတည်ပြု လက်မှတ် ရေးထိုးပြီးပါက ရုံးလက်ခံအိမ်ထောင်စုလူဦးရေစာရင်း တွင်လည်းကောင်း၊ ကာယကံရှင်၏ အိမ်ထောင်စုစာရင်း တွင်လည်းကောင်း ကာယကံရှင်အား ထုတ်ပေးမည့် မှတ်ပုံတင်(နိုင်ငံသား) ကတ်ပြား၏ မှတ်ပုံတင်နံပါတ်ကို ရေးသွင်းရပါမည်။ ဤသို့ ဖြည့်သွင်းပြီးမှသာ ကာယကံရှင် အား လက်ဗွေနှိပ်၊ လက်မှတ်ရေးထိုးစေပြီး ထုတ်ပေး ရပါသည်။ ရုံးဝန်ထမ်းများက မပျက်မကွက် လိုက်နာ ဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းတစ်ခု ဖြစ်ပါသည်။ ရုံးသို့ လူကိုယ်တိုင်လာရောက် လျှောက်ထားသူများ အတွက် မပျက်မကွက်ဆောင်ရွက်ပေးနိုင်သော်လည်း နယ်မြေသို့ကွင်းဆင်းပြီး အလုံးအရင်းဖြင့် အလျင်အမြန် ဆောင်ရွက်ပေးရသည့် အခြေအနေမျိုးတွင် အဆိုပါ လုပ်ထုံးလုပ်နည်းကို ကုန်စင်အောင်ဆောင်ရွက်ပေး နိုင်မှု မရှိတော့ပါ။ ထိုသို့ ဆောင်ရွက်မပေးနိုင်ခြင်းသည် မဲစာရင်းအပေါက်များဖြစ်ရခြင်း၏ အကြောင်းရင်း တစ်ခု ဖြစ်ပါသည်။ Up date မဖြစ်သော လွန်ခဲ့သည့် လေး၊ ငါး နှစ်ခန့်က စုစည်းထားရှိသည့် ရပ်/ကျေး အုပ်ချုပ်ရေး မှူးရုံးများရှိ အိမ်ထောင်စုလူဦးရေစာရင်း(အဟောင်း) များကိုအခြေခံ၍ စာရင်းပြုစုခြင်းနှင့် Typing error များကလည်း အခြားအကြောင်းရင်းများ ဖြစ်ပါလိမ့် မည်။
မဲစာရင်းတွင်အမည်ပါဝင်သူတိုင်း မဲပေးကြပါစို့
အခြေခံလူတန်းစား လက်လုပ်လက်စားအချို့မှာ မှတ်ပုံတင်(နိုင်ငံသား)ကတ်ပြား၏ နံပါတ် ခြောက်လုံးကို မဆိုထားနှင့် မိမိ၏ ဘိုး/ဘွားတို့၏ အမည်ကိုပင် မှန်ကန်အောင်မပြောနိုင်သူများ ဖြစ်ပါသည်။ ယနေ့ မှတ်ပုံတင်ကတ်ပြား ထုတ်ယူသွားပြီး မနက်ဖြန်တွင် ပျောက်ဆုံးသွားသူများပင်ရှိခဲ့ရာ မှတ်ပုံတင်(နိုင်ငံသား)ကတ်ပြား ကိုင်ဆောင်ခဲ့ဖူးသော်လည်း ‘‘မရှိ၊ မလုပ် ရသေး”ဟု အလွယ်တကူထိမ်ချန်ဖြေဆိုသူများ၊ ထပ်မံ လာရောက်လျှောက်ထားသူများလည်း ရှိခဲ့ပြီး၊ ရှိနေ ဦးမည်လည်း ဖြစ်ပါသည်။
မှတ်ပုံတင်(နိုင်ငံသား) ကတ်ပြားလက်ဝယ်ရှိသူ များသာ မဲပေးခွင့်ရှိသည်ဟု ဥပဒေတွင် ပြဋ္ဌာန်းမထားပါ။ အသက်(၁၈)နှစ်ပြည့်သူ နိုင်ငံသားတိုင်းမဲပေးခွင့် ရှိပါ သည်။ မဲစာရင်းတွင် အမည်ပါဝင်သူများသည် အကြောင်းအမျိုးမျိုးကြောင့် အပေါက်များ (မှတ်ပုံတင် နံပါတ် ကွက်လပ်) ဖြစ်နေကြသော်လည်း အများစုသည် မှတ်ပုံတင်(နိုင်ငံသား)ကတ်ပြား ကိုင်ဆောင်ခဲ့ဖူးသူများ (သို့မဟုတ်) မိဘ/ အစ်ကို/ အစ်မ/ ညီ/ မောင်/ ညီမ တစ်ဦးဦးက မှတ်ပုံတင်(နိုင်ငံသား) ကတ်ပြား ကိုင်ဆောင် ထားသူများ၏ မိသားစုဝင်များ ဖြစ်ကြပါသည်။ အနီးကပ် နေထိုင်သူ လမ်းမှူး၊ (၁၀)အိမ်မှူး၊ ရာအိမ်မှူးများက အသိဆုံးဖြစ်ပါသည်။ ထိုသို့သော ဆက်စပ်မှုများကို အခြေခံ၍ အထက်တွင် တင်ပြခဲ့သည့်အတိုင်း ‘‘မြို့နယ် ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဆောင်သည့်အဖွဲ့ဖြင့် စိစစ်ထောက်ခံအတည်ပြုလက်မှတ်တစ်ခုခု ထုတ်ပေး ခြင်း” ဖြင့် နိုဝင်ဘာလ ၈ ရက်နေ့တွင် မှတ်ပုံတင် (နိုင်ငံသား)ကတ်ပြား လက်ဝယ်၌မရှိသော်လည်း မဲပေး နိုင်ကြမည်ဖြစ်ပါကြောင်း အကြံပြုရေးသားတင်ပြ လိုက်ရပါသည်။ ။
- Log in to post comments