မျက်မှောက်ကာလ ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းကို ဗဟုဝင်ရိုးကမ္ဘာဟုဆိုလာကြသည့်တိုင် နံနက်နိုးစ မှိုင်းပျပျ အချိန်အခါမျိုးနှယ်သာဖြစ်သည်။ ထင်ထင်ရှားရှားမြင်နေရသည့်မြင်ကွင်းမှာ လူသားသမိုင်းတစ်လျှောက်လုံးကိုပုံဖော်ခဲ့သော အင်အားနိုင်ငံရေး (Power Politics) ဆက်လက်ရှင်သန်နေခြင်းနှင့် အမျိုးသားအကျိုးစီးပွား စစ်ပွဲများသာလျှင်ဖြစ်သည်။ ဧကဝင်ရိုးကမ္ဘာကို ဦးဆောင်ခဲ့သည့် မဟာအင်အားကြီးနိုင်ငံနှင့် အနောက်အုပ်စုဝင်နိုင်ငံများမှာမူ အက်ရာကွဲရာများနှင့်အတူ ဘက်တစ်ဖက်တည်းမှာ ရပ်နေကြသည်။ ၂၁ ရာစု၏ ကမ္ဘာ့အစီအစဉ်သစ်တွင် နောက်ထပ်ထွက်ပေါ်လာသည့် နိုင်ငံအုပ်စုမှာ ကမ္ဘာပေါ်တွင် တစ်ခုတည်းသော ဘာသာရေးအခြေခံနိုင်ငံအုပ်စုဖြစ်သည့် အိုအိုင်စီဖြစ်သည်။
ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးပြီးနောက် နယ်ချဲ့အင်ပါယာများပြိုလဲကာ ကိုလိုနီနိုင်ငံများ လွတ်လပ်ရေးရကြသည်။ ယင်းနှင့် မရှေးမနှောင်းမှာပင် စစ်အေးတိုက်ပွဲပေါ်လာခဲ့ပြီး အနောက်အုပ်စုတို့က လစ်ဘရယ်ဒီမိုကရေစီနှင့်လူ့အခွင့်အရေးတို့ကို ကမ္ဘာလုံးဆိုင်ရာနှုန်းစံများနှင့် တန်ဖိုးများအဖြစ် သတ်မှတ်ခဲ့ကြသည်။ သို့ရာတွင် ၎င်းစံသတ်မှတ်ချက်များ၊ တန်ဖိုးများဆိုသည်မှာ ၎င်းတို့၏ဝါဒဖြန့်ချိရေးနှင့် ဆန့်ကျင်ဘက်နိုင်ငံများကို တိုက်ခိုက်ရေးတွင်အသုံးပြုရန် လက်နက်သာလျှင်ဖြစ်သည်။ တစ်ခါတစ်ရံ ၎င်းတို့ကိုယ်တိုင်ဖြစ်စေ၊ ၎င်းတို့အုပ်စုဝင် နိုင်ငံများကဖြစ်စေ ဒီမိုကရေစီစံနှုန်း၊ လူ့အခွင့်အရေးစံနှုန်းချိုးဖောက်မှုများတွင်မူ မသိကျိုးကျွန်ပြုခြင်း၊ ဖုံးကွယ်ဖျောက်ဖျက်ခြင်းတို့ဖြင့် စံနှုန်းနှစ်မျိုး ကျင့်သုံးခဲ့ကြသည်မှာလည်း အကြိမ်ကြိမ်ပင်ဖြစ်သည်။
၂ဝ ရာစု၏ နောက်ဆုံး ဆယ်စုနှစ်အတွင်း အရှေ့အုပ်စု ပြိုကွဲခြင်းနှင့်အတူ စစ်အေးတိုက်ပွဲလည်း ပြီးဆုံးသည်။ ယခု ၂၁ ရာစု၏ ပထမ ၂၅ နှစ်ပင် ကုန်ဆုံးသွားခဲ့ပြီးပြီဖြစ်သည်။ ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းတွင် အင်အားပြိုင်ဆိုင်မှု၏ အချက်အချာသည် ရွှေ့ပြောင်းလာခဲ့ပြီဖြစ်ရာ ပထဝီနိုင်ငံရေးအရ မိမိတို့နိုင်ငံမှာ အန္တရာယ်ပို၍ကြီးလာနေသည်။ မြန်မာပါဝင်သည့် ဒေသဆိုင်ရာ အဖွဲ့အစည်းဖြစ်သော အာဆီယံထဲမှာပင် စူပါပါဝါ သို့မဟုတ် အနောက်အုပ်စုနှင့် အိုအိုင်စီတို့၏ ခြေတံလက်တံများ ဝင်ရောက်မွှေနှောက်နေသည့် အရိပ်လက္ခဏာများကိုမြင်ရသည်။ ၎င်းတို့၏ မဟာဗျူဟာရည်မှန်းချက်များအရ မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းမှုမရှိရန်၊ စည်းလုံးညီညွတ်မှုကင်းမဲ့ရန်၊ လက်နက်ကိုင်ပဋိပက္ခများ စဉ်ဆက်မပြတ်ဖြစ်နေရန် အရေးကြီးသည်။ ၎င်းတို့က နိုင်ငံတော်ကို ဆန့်ကျင်ပုန်ကန်တိုက်ခိုက်နေကြသည့် အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့အစည်းများအတွင်းသို့ပင် ကာယကံမြောက်ပါဝင်ကာ တိုက်ခိုက်ခဲ့ကြသည်ကို မြန်မာနိုင်ငံ၏ အရှေ့ဘက်မှာရော အနောက်ဘက်မှာပါ တွေ့ရသည်။
“နိုင်ငံတော်ကိုခြယ်လှယ်ချုပ်ကိုင်လိုသည့် အနောက်အင်အားကြီးနိုင်ငံများနှင့် အဖွဲ့အစည်းများအနေဖြင့် နိုင်ငံတော်တွင် တည်ငြိမ်မှုမရှိစေရေး အတိတ်ဖြစ်ရပ်များဖြင့် ပြန်လည်လှုံ့ဆော်၍ ၎င်းတို့လိုသလိုပုံသွင်းနိုင်မည့် အစိုးရတစ်ရပ်ပေါ်ပေါက်လာရေး ဦးတည်ဆောင်ရွက်ခဲ့ကြောင်း၊ ထိုအချိန်တွင် NGO၊ INGO အဖွဲ့များအနေဖြင့် နိုင်ငံရေးတွင် ပါဝင်ပတ်သက်လာခဲ့ပြီး မိမိတို့နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခဲ့ကြသည်ကို တွေ့ရကြောင်း၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလတွင်လည်း ပြည်ပနိုင်ငံများမှ ၎င်းတို့၏သဘောဆန္ဒများကို ဖော်ဆောင်ပေးနိုင်သည့်ပါတီကို နည်းလမ်းပေါင်းစုံဖြင့် ကူညီထောက်ပံ့ပေးခဲ့ကြောင်း” မေလ ၂၆ ရက်ကကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
လက်ရှိကာလသည် တတိယမြောက် ဒီမိုကရေစီအစိုးရ သက်တမ်းကာလဖြစ်သည်။ မိမိတို့နိုင်ငံ၏ အတိတ်သမိုင်းတွင် သင်ခန်းစာယူစရာများသည် အဝေးကာလတွင်ရော အနီးကာလ၌ပါရှိနေကြသည်ကိုသတိပြု၍ သင်ခန်းစာယူဖွယ်ရာများကို သင်ခန်းစာယူကြရမည်ဖြစ်သည်။ မိမိတို့က နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံသားများ လူမှုစီးပွားဘဝမြင့်မားရေးအတွက် ကြိုးပမ်းဆောင်ရွက်နေချိန်တွင် ပြည်တွင်းပြည်ပမှ အဖျက်ရန်များကိုလည်း သတိမကင်းကွာ၊ မျက်ခြည်မပြတ်ကြရန်လိုသည်။ အထူးသဖြင့် နိုင်ငံကို နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေးတို့တွင် အင်အားခိုင်မာတောင့်တင်းအောင် စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်နှင့် တက်တက်ကြွကြွ ဝိုင်းဝန်းတည်ဆောက်ကြရမည်ဖြစ်သည်။ ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းတွင် သမိုင်းနှင့်ချီ၍ ကျင့်သုံးလာခဲ့ကြသော အင်အားနိုင်ငံရေး (Power Politics) နှင့် အမျိုးသားအကျိုးစီးပွားတို့မှာ လက်ရှိအချိန်ကာလတွင်လည်း ဖုံးကွယ်နေသော အရှိတရားများအဖြစ် သိရှိနားလည်ကြကာ မိမိတို့နိုင်ငံကို အင်အားတောင့်တင်းခိုင်မာသည့် နိုင်ငံတစ်နိုင်ငံအဖြစ် ဂုဏ်သိက္ခာမြှင့်တင်ကြရပါမည့်အကြောင်း။ ။