နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် တွန်းအားပေးသည့် အရင်းအနှီး

နိုင်ငံတော်၏ အဓိက စီးပွားရေးမဏ္ဍိုင်ဖြစ်သော လယ်ယာ စီးပွားမြှင့်တင်ရေးနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများ၏ စီးပွားရေး မြှင့်တင်ရေးတို့ အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ရန်ပုံငွေများကို ပြည်ထောင်စု ဝန်ကြီးဌာန နှစ်ခု၊ ပြည်နယ်များနှင့် တိုင်းဒေသကြီး များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ငါးခုနှင့် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရ တိုင်းတစ်ခုတို့သို့ အသီးသီးလွှဲပြောင်း ပေးအပ်လိုက်သည်။ ရန်ပုံငွေများ ခွဲဝေလွှဲပြောင်းပေးအပ်ခဲ့ခြင်း၏ ရည်ရွယ်ချက်မှာ နိုင်ငံ့စီးပွားရေးမြင့်မားလာစေရန်နှင့် တစ်ပြိုင်တည်းမှာပင် ဒေသ အသီးသီးရှိ ပြည်သူများအားလုံး၏ လူမှုစီးပွားဘဝများနှင့် စီးပွားရေးမြင့်တက်လာစေရေးအတွက် ဖြစ်သည်။ “လွန်ခဲ့တဲ့နှစ်များအတွင်းမှာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့ရတဲ့ စီးပွားရေးလုပ်ငန်းများ ပြန်လည်နာလန်ထလာ စေဖို့အတွက် ချေးငွေများထုတ်ပေးခဲ့တာရှိပါတယ်။ အကြောင်း အမျိုးမျိုးကြောင့် သိသာတဲ့ တိုးတက်မှုတော့ မရသေးပါဘူး။ ဒါကြောင့် စီးပွားရေးအား ပိုမိုကောင်းလာစေဖို့ ကုန်ထုတ်လုပ်မှု ကို ဦးစားပေးတဲ့ ယခုလို ထပ်မံဆောင်ရွက်ခြင်းဖြစ်ပါတယ်။ အမြန်အကျိုးရလဒ်ဖြစ်စေမယ့် (Quick Win) လယ်ယာစိုက်ပျိုး ရေးနဲ့ မွေးမြူရေးလုပ်ငန်းအတွက် ပထမဦးစားပေး ဆောင်ရွက် သွား ပါမယ်။ လာမယ့် နွေစပါးနဲ့ ဆောင်းသီးနှံများအနက် ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ ပြောင်း စိုက်ပျိုးရေး၊ ကြက်၊ ဝက်၊ ငါး၊ ပုစွန်မွေးမြူ ရေးနဲ့ တစ်သီးချင်း တစ်သုတ်ချင်း ငွေကြေးစိုက်ထုတ်ပေးပြီး ဆောင်ရွက်ပါမယ်။ ဒုတိယဦးစားပေးက အဲဒီထွက်ကုန်များကို ကုန်ချောဆောင်ရွက်ပေးတဲ့ စက်ရုံ အလုပ်ရုံများအဆင့်မြှင့်တင် ရေး၊ SME မှာ အကျုံးဝင်မယ့် စက်ရုံများ တည်ထောင်ရေးကို ထောက်ပံ့ဆောင်ရွက်ပါမယ်” ဟူ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၁၈ လပြည့် မိန့်ခွန်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ထည့်သွင်းပြောကြား ခဲ့သည်။ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေမှ ခွဲဝေထုတ်ပေးလိုက်သည့် ရန်ပုံငွေများသည် အရင်းမပျောက် လည်ပတ်လုပ်ကိုင်သွားရ မည့် အရင်းအနှီးများဖြစ်သည့်အလျောက် အကျိုးရှိရှိ၊ ထိထိ ရောက်ရောက် စီမံခန့်ခွဲနိုင်ရန်နှင့် အလေအလွင့်မရှိစေရန် ဆောင်ရွက်ကြရမည်ဖြစ်သည်။ စိုက်ပျိုးမွေးမြူရေးကို အခြေခံ၍ ကုန်ထုတ်လုပ်မှုမြှင့်တင်ရာတွင် ကုန်ချောထုတ်လုပ်သည်အထိ ဆောင်ရွက်သွားရမည်ဖြစ်ရာ အသေးစား၊ အငယ်စား၊ အလတ်စား စက်ရုံ အလုပ်ရုံများ လည်ပတ်လုပ်ကိုင်နိုင်ရေး အားပေး ဆောင်ရွက်ရမည့်နည်းတူ ပြည်ပမှ တရားမဝင်တင်သွင်းလာသည့် အမျိုးအစားတူ ကုန်စည်များကိုလည်း စိစစ်တားဆီးပိတ်ဆို့မှု၊ ကန့်သတ်မှုတို့ ပြုလုပ်ခြင်းဖြင့် ပြည်တွင်းထုတ်ကုန်များ၏ ဈေးကွက်ကို ဝင်ရောက်လုယက်မှုမျိုး မဖြစ်စေရန် ထိရောက်စွာ ဆောင်ရွက်ပေးရမည့်လည်း ဖြစ်သည်။ ပြည်တွင်းထုတ်လုပ်သူ များအနေဖြင့်လည်း ပြည်တွင်းဈေးကွက်သာမက ရေရှည်တွင် နိုင်ငံတကာဈေးကွက်၌ ဝင်ရောက်ပြိုင်ဆိုင်နိုင်သည်အထိ ရည်မှန်းချက်ထားကာ မိမိတို့ ကုန်စည်၏ အရည်အသွေး၊ ဈေးနှုန်း နှင့် ထုပ်ပိုးမှုတို့ကို စားသုံးသူတို့အကြိုက် ဆောင်ရွက်ကြရမည် ဖြစ်သည်။ နိုင်ငံ့စီးပွားမြှင့်တင်ရေး၊ ရန်ပုံငွေများ လွှဲပြောင်းပေးအပ်ခြင်း ကြောင့် သက်ဆိုင်ရာတိုင်းဒေသကြီးများ၊ ပြည်နယ်များ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ/တိုင်းများတွင် လုပ်ငန်းများကို လျင်မြန်စွာ အကောင်အထည်ဖော်နိုင်ကြမည်ဖြစ်ရာ မိမိတို့၏ ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားကြိုးမာန်တက် အလုပ်လုပ်ကြရန် သာလိုအပ်သည်။ အမြန်အကျိုးရလဒ်ဖြစ်ပေါ်စေမည်ဖြစ်သည့် အလျောက် မှန်ကန်သည့် ဦးဆောင်မှု၊ ထိရောက်သည့် စီမံခန့်ခွဲ မှု၊ စုပေါင်းညီညာ တက်ကြွစွာ ပူးပေါင်းလုပ်ကိုင်အကောင်အထည် ဖော်မှုတို့ဖြင့် လာမည့်ခြောက်လခန့်မျှကာလအတွင်း အလုပ် အကိုင် အခွင့်အလမ်းများစွာ ပေါ်လာခြင်း၊ အလုပ်လုပ်သူတိုင်း ဝင်ငွေရရှိလာခြင်း၊ ဝယ်လိုအားတိုးတက်လာခြင်း၊ ရောင်းကုန် ပစ္စည်းများ တိုးတက်လာသည့်အတွက် တိုင်းပြည်ဝင်ငွေတိုးတက် လာခြင်းစသည့် တိုးတက်မှုများကို မျက်ဝါးထင်ထင်တွေ့မြင် လာနိုင်မည်ဖြစ်ပါကြောင်း။ ။