နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုး သယ်ပိုးနိုင်မည့် အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေးမူဝါဒ

 

အမျိုးသားအဆင့် အစားအသောက်ဘေးအန္တရာယ် ကင်းရှင်းရေး မူဝါဒကို မိတ်ဆက်ဖြန့်ဝေလိုက်ပြီဖြစ်ရာ နိုင်ငံအတွက် အရေးပါ သည့် လိုအပ်ချက်တစ်ရပ်ကို ဖြည့်ဆည်းလိုက်ခြင်းပင် ဖြစ်သည်။ အဆိုပါမူဝါဒကို ချမှတ်လိုက်ခြင်းအားဖြင့် အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ နိုင်ငံတကာ စံချိန်စံညွှန်းများ နှင့်ကိုက်ညီသော   ခေတ်မီဥပဒေနှင့်   နည်းဥပဒေများကိုလည်း မူဝါဒနှင့်အညီ ချမှတ်လာနိုင်မည်ဖြစ်သည်။

 


ပြည်သူအများ    ဝယ်ယူစားသုံးနေကြသည့်     လက်လီဈေး၊ လက်ကားဈေးများ နိုင်ငံအနှံ့  ဒေသအသီးသီးတွင် တည်ရှိနေရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းတို့မှ ထုတ်လုပ်လိုက်သည့် ဟင်းသီးဟင်းရွက်၊     သားငါး၊   သစ်သီးဝလံများ၊     ကုန်စိမ်း ကုန်ခြောက်များ၊ ထုပ်ပိုးစားသောက်ကုန်များ၊ အသင့်စား အစား အစာများ  စသည်တို့ကို  ရောင်းချလျက်ရှိကြသည်။  မိမိတို့နိုင်ငံရှိ ကုန်စိမ်းဈေး၊ သားငါးဈေးများတွင် ခင်းကျင်းရောင်းချမှုများမှာ အစားအစာ ဘေးကင်းလုံခြုံရေးဆိုင်ရာ  အားနည်းချက်များစွာကို တွေ့မြင်နေရပြီး တရားမဝင် လမ်းဘေးဈေးများတွင်မူ ပို၍ပင် ဆိုးလှသည်ကို တွေ့မြင်ရသည်။ ထို့အပြင် စားသုံးရန် မသင့်သော ဆိုးဆေးများ သုံးစွဲခြင်း၊ ဖော်မလင်အပါအဝင် မပုပ်မသိုး ဆေးနှင့် တာရှည်ခံဆေးများ   သုံးစွဲခြင်း၊  သီးနှံများနှင့် သစ်သီးဝလံများ ရောင်းပန်းလှစေရန်      ဓာတုဆေးများသုံးစွဲခြင်း   စသည်ဖြင့် စားသုံးသူများ  ဘေးဥပဒ်သင့်စေသည့် ဆောင်ရွက်မှုများမှာလည်း အစားအသောက်ဘေးကင်းလုံခြုံမှုအပေါ်  စားသုံးသူတို့ စိုးရိမ် မကင်းမှုများ ဖြစ်စေသည်။

 


ယခုအခါ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း စသည်တို့မှ ထုတ်လုပ်လိုက်သည့် ဟင်းသီးဟင်းရွက်၊ သီးနှံသားငါးများကို အသင့်ချက်ပြုတ်    စားသုံးနိုင်သည့်အဆင့်ထိ    ပြုပြင်ထုပ်ပိုး ရောင်းချမှုများကို  ဝယ်ယူချက်ပြုတ်စားသောက်မှု အလေ့အထ များလည်း ဖြစ်ပေါ်နေပြီဖြစ်သည်ကို တွေ့ရှိရသည်။ ဥပမာအား ဖြင့် ငါးမွေးမြူရေးကန်တစ်ခုမှ ထုတ်လုပ်လိုက်သော ငါးများကို ငါးအကောင်လိုက်သာမက ငါးအသားတုံး၊ ငါးအသားလွှာ၊ ငါးဆုပ် လုံး၊ ငါးအသားချောင်း စသည်ဖြင့် ပြုပြင်ထုပ်ပိုးပြီး ဈေးကွက်တင် ရောင်းချခြင်းအားဖြင့် အလုပ်ရုံများ၊ လုပ်ငန်းများပေါ်ထွက်လာ သလို စားသုံးသူများအနေဖြင့်လည်း အလွယ်တကူ ဝယ်ယူစားသုံး နိုင်ကြသည်။    အဓိကလိုအပ်ချက်မှာ   ထုတ်လုပ်လိုက်သည့် စားသောက်ကုန်များ အရည်အသွေးကောင်းမွန်ရေးနှင့် ဘေးဥပဒ် ကင်းစင်ရေးပင်ဖြစ်သည်။

 


အမျိုးသားအဆင့် အစားအသောက်ဘေးအန္တရာယ်ကင်းရှင်း ရေးမူဝါဒ      ထွက်ပေါ်လာခြင်းက    ပြည်သူလူထုအတွက် အစားအစာ လုံခြုံရေးမှသည် ကျန်းမာကြံ့ခိုင်ရေးနှင့် အာဟာရ ပြည့်ဝရေးတို့ကို အထောက်အကူဖြစ်ပေါ်စေမည်ဖြစ်သကဲ့သို့ အရည်အသွေးပြည့်ဝပြီး ဘေးကင်းသည့် စားသောက်ကုန်များ ထုတ်လုပ်မှုအတွက်လည်း  တွန်းအားတစ်ရပ်  ဖြစ်ပေါ်စေမည် ဖြစ်သည်။ မိမိတို့ ပြည်သူလူထု၏  ကျန်းမာရေးအတွက်  စားသုံး သူများ ဘေးအန္တရာယ်ကင်းရှင်းနေရန်ဆိုသည့်  မျှော်မှန်းချက် အပြင် သက်ဆိုင်ရာကဏ္ဍအလိုက် နိုင်ငံတကာနှင့် လျော်ညီသည့် စံချိန်စံညွှန်းများ  ပေါ်ထွက်လာရေး၊  စိုက်ပျိုးရေး၊  မွေးမြူရေး၊ ထုတ်လုပ်ရေးဆိုင်ရာ  အလေ့အကျင့်ကောင်းများ ပေါ်ထွက်လာ ရေး၊ ပို့ကုန်လုပ်ငန်းများမှတစ်ဆင့် နိုင်ငံတော်အတွက်  နိုင်ငံခြား ငွေ    ပိုမိုရရှိနိုင်ရေးတို့ကို   ဆက်လက်လုပ်ဆောင်သွားနိုင်ရန် မျှော်မှန်းပြီး  ယခုမူဝါဒကို ရေးဆွဲချမှတ်ခြင်းဖြစ်ရာ မျှော်မှန်းချက် များ ပြည့်မြောက်နိုင်ရေးအတွက် ပါဝင်ဆောင်ရွက်ရမည့်သူများ အားလုံးက ဝိုင်းဝန်းကြိုးပမ်းကြရမည်ဖြစ်ပါကြောင်း။        ။