နေ့စဉ်မပြတ် ဖတ်ရှုလေ့လာ ဗဟုသုတတိုးပွားဉာဏ်ပညာ

 

အပ္ပဿုတာယံ ပုရိသော၊ ဗလီဗဒ္ဒေါဝ ဇီရတိ။
မံသာနိတဿ ဝဎုန္တိ၊ ပညာ တဿ န ဝုဎုတိ။အကြားအမြင်နည်းသော ဤယောက်ျားသည် နွားလားကဲ့သို့ အချည်းအနှီး ကြီးထွားလာ၏။ ထိုယောကျ်ားအား အသားတို့သာ တိုးပွားကုန်၏၊ ပညာမူကား မတိုးပွား။ (ဓမ္မပဒ)


သတ္တဝါမှန်သမျှ မွေးဖွားသည်မှစကာ အချိန်နှင့်အမျှ ကြီးပြင်း လာကြရသည်။ လူသားဘဝကို ရထားသူတို့အဖို့မှာမူ တဖြည်း ဖြည်း  ကြီးပြင်းလာသည်နှင့်အမျှ   ခန္ဓာကိုယ်ကြီးထွားလာရုံ၊ အသားတိုးကာ   အလေးချိန်စီးရုံမျှနှင့်မပြီး။    အကြားအမြင် ဗဟုသုတတို့ကလည်း  တစ်နေ့ထက်တစ်နေ့ ပိုမိုတိုးပွားလာဖို့ လိုအပ်သည်။ လူတိုင်းတစ်နေ့တာ ကုန်ဆုံးပြီးချိန်တွင် ထိုနေ့အဖို့ အနည်းငယ်မျှပင်ဖြစ်စေ  အသိဉာဏ်  ပိုမိုတိုးတက်နေစေရမည်ဟု လည်း ပညာရှိတို့က မိန့်ဆိုသည်။  ကလေးဘဝ၊   လူငယ်ဘဝ  ပညာသင်သည့်အရွယ်တွင် ကျောင်းနေပညာသင်ယူခြင်းသည် အကြားအမြင်ဗဟုသုတ၊ ဉာဏ်ပညာတို့ကို ရှာဖွေနိုင်ရန် ပြင်ဆင် လေ့ကျင့်ခြင်းသာဖြစ်ရာ ဘွဲ့ယူခြင်းသည် ပညာသင်ယူမှု ပြီးဆုံး သွားခြင်းမဟုတ်ဘဲ ပညာနှင့်အသိသုတတို့ ရှာဖွေခြင်း၏ အစသာ ဖြစ်သည်ဟုလည်း အဆိုအမိန့်ရှိသည်။


လူတိုင်း  နေ့စဉ်ပညာတိုးပွားစေရန်၊ အချည်းနှီးကြီးထွားသူ မဖြစ်စေရန် အရိုးရှင်းဆုံး၊  အလွယ်ကူဆုံးနည်းလမ်းမှာ စာဖတ် ခြင်းပင်ဖြစ်သည်။ စာဖတ်ရန် ဝါသနာပါသူ၊ သိလိုစိတ်ပြင်းပြသူ၊ ဗဟုသုတရှာဖွေလိုသူတို့မှာ မည်သူကမျှ တိုက်တွန်းရန်မလိုဘဲ စာပေကို  စဉ်ဆက်မပြတ်  ရှာဖွေဖတ်ရှုနေလေ့ရှိသည်။  အလုပ် မအား၍၊ အချိန်မရှိ၍၊  စာအုပ်များဈေးကြီး၍   စသည့် ဆင်ခြေ များမှာ  စာဖတ်ဝါသနာပါသူတစ်ဦးအတွက်မလိုအပ်ဘဲ ရသည့် အချိန်တွင်     ရသည့်နည်းလမ်းဖြင့်    စာကို  မရရအောင်လည်း ဖတ်ကြသည်။ “မှတ်ဖွယ်မှတ်ရာ၊ ထိုထိုစာကို၊  ရှာ၍မပြတ်၊ အိမ် တွင်ဖတ်။ ဖတ်ပြန်သော်ကား၊ ဖတ်ဖန်များက၊ သားမယားပင်၊ သိမြင်ကင်းကွာ၊  မလိမ္မာလည်း၊ စာပေစကား၊ နေ့တိုင်းကြားက ထူးခြားလိမ္မာ၊  ရှိသည်သာတည့်။”  ဟူ၍  လွန်ခဲ့သည့်နှစ်ပေါင်း ၅၀၀ ကျော်ကပင် ဆရာတော်ရှင်မဟာရဋ္ဌသာရ မိန့်ဆိုခဲ့သည့် အတိုင်း စာကောင်းပေမွန်တို့ကို စဉ်ဆက်မပြတ် ဖတ်ရှုလေ့လာ နေမည်ဆိုပါက မိမိနှင့်အနီးဆုံး  အသိုက်အဝန်းဖြစ်သည့် မိသားစု အတွင်းမှာပင် အသိပညာအလိမ္မာတို့  ထူးထူးခြားခြား  တိုးတက် လာမည်ဖြစ်သည်။


ယခုအခါ  လူငယ်များ   ဗလငါးတန်  အားမာန်ပြည့်ဝစေရန် အတွက် နိုင်ငံတော်က   ဘက်ပေါင်းစုံမှ  မြှင့်တင်ဖြည့်ဆည်းပေး လျက်ရှိသည်။ နိုင်ငံ၏ အနာဂတ်အင်အားဖြစ်သော လူငယ်များကို တန်ဖိုးမြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်လာအောင် ပြုစုပျိုးထောင်ရေးတွင် အသိပညာ၊ အတတ်ပညာနှင့် ကျွမ်းကျင် မှုတို့အပြင် ဗဟုသုတအကြားအမြင်တို့ ပြည့်စုံကြွယ်ဝရန်လည်း လိုအပ်သည်။ ကျောင်းနေအရွယ်လူငယ်များ စာပေဖတ်ရှုသည့် ဝါသနာရင့်သန်လာစေရန်၊ စာပေဗဟုသုတကို စိတ်ပါဝင်စားလာ စေရန်၊ စာအုပ်စာပေများနှင့် ရင်းနှီးလာစေရန်တို့အတွက် စာပေ ဆိုင်ရာ ပွဲတော်များ ကျင်းပပေးခြင်း၊ စာကြည့်တိုက်များတွင် လာရောက်ဖတ်ရှုကြရေးတို့အတွက် စာပေဆိုင်ရာ လှုပ်ရှားမှုများ ဆောင်ရွက်ခြင်း၊ ကျောင်းစာကြည့်တိုက်၊ တက္ကသိုလ်စာကြည့် တိုက်တို့တွင်  စာအုပ်စာစောင်များ    ဖြည့်တင်းပေးခြင်းတို့ကို အခါအားလျော်စွာ ဆောင်ရွက်ပေးလျက်ရှိသည်။


မိမိတို့နိုင်ငံတွင် နိုင်ငံ့လူဦးရေနှင့် နှိုင်းယှဉ်ပါက ဘွဲ့ရသူဦးရေ ရာခိုင်နှုန်းမှာ နည်းပါးနေသကဲ့သို့ အတန်းပညာတတ်မြောက်မှု အခြေအနေမှာလည်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုးရိမ်ဖွယ် ပင်ဖြစ်သည်။ ဘဝပေးအခြေအနေကြောင့် ကျောင်းသင်ပညာကို ပြီးဆုံးအောင် သင်ယူမှုမပြုနိုင်ခဲ့သည့်တိုင်အောင် ပြင်ပစာကောင်း ပေမွန်များကို ဖတ်ရှုလေ့လာရင်း စာပေမှရရှိသည့် အသိ၊ ဉာဏ် ပညာ၊ အလိမ္မာတို့ဖြင့်   မိမိတို့ဘဝကို  ထိန်းကျောင်းပဲ့ပြင်ကာ မြင့်မားသည့်ဘဝအခြေအနေသို့   ရောက်ရှိအောင်   ကြိုးစား အားထုတ် တက်လှမ်းနိုင်ခဲ့ကြသူ များစွာရှိသည်ကို စံနမူနာယူကြ စေလိုသည်။ သာမန် စာတတ်ရုံမျှမက စာပေကို လေ့လာဖတ်ရှု ကာ တိုးတက်မြင့်မားသည့် အသိဉာဏ်ပညာ ဗဟုသုတတို့ဖြင့် မိမိတို့ဘဝ အောင်မြင်မှုအတွက်ရော နိုင်ငံတော်နှင့် ပြည်သူ့အကျိုး အတွက်ပါ ရွက်ဆောင်သယ်ပိုးနိုင်ကြပါစေကြောင်း။        ။