နေ့အပူချိန်များမြင့်မားလာချိန် အပူဒဏ်အန္တရာယ်ကာကွယ်ကြရန်လို

 

မြန်မာနိုင်ငံ မြို့နယ်အချို့တွင် ဖြစ်ပေါ်နေသည့် ထူးခြားသည့် နေ့အပူချိန်များကို မိုး/ဇလက နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိ ရာ ယခုရက်ပိုင်းအတွင်း နေ့အပူချိန်သည် အချို့မြို့များတွင် ၄၅ ဒီဂရီစင်တီဂရိတ်အထိ ရောက်ရှိလာသည်ကို တွေ့ရသည်။ ကျန်းမာရေးပညာရှင်များ၏ အဆိုအရ လူတစ်ယောက်၏ ခံနိုင်ရည်အပူချိန်သည် ၃၇ ဒီဂရီစင်တီဂရိတ်အထိသာဖြစ်ပြီး ယင်းထက်အပူချိန် ပိုမိုမြင့်တက်လာပါက ပင်ပန်းနွမ်းနယ် ခြင်း၊ မူးမော်ခြင်းမှသည် သတိလစ်ခြင်းနှင့် အသက်အန္တရာယ် တို့အထိ ဖြစ်ပေါ်နိုင်ခြင်းကြောင့် လူတိုင်းအပူဒဏ်အန္တရာယ် မှ ကာကွယ်နေထိုင်ကြရန်လိုသည်။

 


အပူဒဏ်မြင့်မားသည့်   ကာလရောက်ရှိလာသည်နှင့် ကျန်းမာရေးဝန်ကြီးဌာနကလည်း    အပူဒဏ်အန္တရာယ် ကာကွယ်ရေးနှိုးဆော်ချက်ကို မီဒီယာများမှတစ်ဆင့် ထုတ်ပြန် ပေးလျက်ရှိရာ ဂရုတစိုက်မှတ်သားလိုက်နာ နေထိုင်ကြခြင်း အားဖြင့် အပူဒဏ်ကြောင့် ကျရောက်လာနိုင်သည့် အန္တရာယ် များကို ကာကွယ်နိုင်ကြမည်ဖြစ်သည်။ အပူချိန်မြင့်မားသည့် မြို့ရွာဒေသများတွင် အပူရှောင်နားခိုနေရာများ စီစဉ်ပေးပြီး ကျန်းမာရေးပြုစုစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်းက လည်း အပူဒဏ်အန္တရာယ်ကို တစ်ဖက်တစ်လမ်းမှ ကာကွယ် ပေးနိုင်သည့်အတွက် ကိုဗစ် - ၁၉ ကာကွယ်ရေးနည်းလမ်း များနှင့်အညီ အပူရှောင်နားခိုနေရာများ ဖွင့်လှစ်၍ ကျန်းမာရေး ထိခိုက်လွယ်သည့် သက်ကြီးရွယ်အိုများ၊ နာတာရှည်ရောဂါ ခံစားနေရသူများကို ပြုစုပေးနိုင်သည်။

 


မိမိတို့နိုင်ငံကဲ့သို့ပင် ပတ်ဝန်းကျင်နိုင်ငံများတွင်လည်း အပူချိန်မှာ ထူးထူးခြားခြား မြင့်တက်လျက်ရှိပြီး လွန်ခဲ့သည့် ရက်ပိုင်းအတွင်း   အိန္ဒိယနိုင်ငံတွင်   အပူချိန်မြင့်မားသည့် နေရောင်အောက်၌   အရိပ်အမိုးမပါဘဲ   လူထုအခမ်းအနား တစ်ခု ကျင်းပခဲ့ရာ အပူဒဏ်ကြောင့် ၁၁ ဦး သေဆုံးသွားခဲ့ပြီး အများအပြားလည်း ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည့် သတင်း တစ်ပုဒ်ကို ဖတ်ရှုလိုက်ရသည်။ ပြင်းထန်သော အပူရှိန်နှင့် နေရောင်ကို အချိန်ကြာမြင့်စွာ တိုက်ရိုက်ထိတွေ့နေခဲ့ရခြင်း ကြောင့် Heat Exhaustion ခေါ် အပူဒဏ်ကြောင့် ပင်ပန်းနွမ်း နယ်ခြင်းနှင့် ပိုမိုပြင်းထန်လာသည့်အခါတွင် Heat  Stroke ခေါ်   အပူဒဏ်ကြောင့်     သတိလစ်ခြင်းတို့ကို    ခံစားခဲ့ရရာမှ အသက်တိမ်းပါးခဲ့ရသည်အထိ ဖြစ်ခဲ့သည်မှာ သတိပြုဖွယ်ရာ ပင်ဖြစ်သည်။

 


သို့ဖြစ်ရာ အပူရှိန်မြင့်မားသည့် အချိန်များတွင် ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါအခံရှိသူများ၊ ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများ အရိပ်ရ၊ အေးမြ၍  လေဝင်လေထွက် ကောင်းသည့်နေရာတွင်    အနားယူကြရန်၊   ပူပြင်းသည့် နေရောင်အောက်တွင်   လှုပ်ရှားသွားလာမှုများ  မပြုကြရန်၊  အရက်သေစာသောက်စားမှုများကို  ရှောင်ကြဉ်ရန်၊   ရေနှင့် ဓာတ်ဆားရည်တို့ကို လုံလောက်စွာသောက်သုံးရန်၊ အပူဒဏ် ကြောင့် အန္တရာယ်ဖြစ်ပေါ်လာပါက  လူနာကို  ရှေးဦးပြုစုခြင်း နည်းလမ်းများဖြင့် ပြုစုပေးပြီး နီးစပ်ရာ  ဆေးရုံ၊ ဆေးခန်း၊ ကျန်းမာရေးဌာနများသို့  အမြန်ဆုံးပို့ဆောင်၍  ကုသမှုခံယူ ကြရပါမည့်အကြောင်း။           ။