မိုးကြိုကာလ မိုးကြိုးအန္တရာယ်

 

မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံဖြစ်သော ဘင်္ဂလား ဒေ့ရှ်နိုင်ငံတွင် ပြီးခဲ့သည့် ဧပြီလ ၂၃ ရက်နေ့က မိုးကြိုးပစ်မှုများ ကြောင့် နှစ်နာရီအတွင်း လူကိုးဦး သေဆုံးခဲ့ကြောင်း၊ သေဆုံး သူအများစုမှာ     လယ်ယာလုပ်ငန်း    လုပ်ကိုင်နေကြသည့် ကျေးလက်ပြည်သူများဖြစ်ကြောင်း  နိုင်ငံတကာ  သတင်း တစ်ပုဒ်တွင်  ဖတ်ရှုရသည်။  မိမိတို့ မြန်မာနိုင်ငံတွင်လည်း မိုးကြိုးပစ်မှုကြောင့်  နှစ်စဉ်  လူနှင့် ကျွဲနွား  သေဆုံးမှုများ ရှိခဲ့ရာ ယခု ၂၀၂၃ ခုနှစ်တွင်လည်း  လူသေဆုံးမှုများ ရှိခဲ့ပြီ ဖြစ်သည်။

 


မြန်မာနိုင်ငံတွင် မိုးကြိုးဘေးအန္တရာယ်သည် လွန်ခဲ့သည့် ဆယ်စုနှစ် တစ်ခုကျော်ခန့်မှစ၍ ပိုမိုများပြားလာခဲ့ရာ ပဲခူး တိုင်းဒေသကြီးသည် မိုးကြိုးဘေးအန္တရာယ်ကို အများဆုံး ကြုံတွေ့ခဲ့ရပြီး ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ငါးနှစ်တာ ကာလအတွင်း မိုးကြိုးကြောင့် ဒေသတွင်းနေ လူ ၁၅၀ ကျော် သေဆုံးခဲ့ရသည်ဟုဆိုသည်။ မိုးကြိုးအန္တရာယ်ကို မိုးကြို ကာလ၊ မိုးတွင်းကာလနှင့် ရုတ်တရက် ရာသီဥတုဖောက်ပြန် သည့် အချိန်တို့တွင် သတိပြုကြရန် ပညာရှင်တို့က သတိပေး ထားသည်။   မြန်မာနိုင်ငံတွင်   မိုးကြိုးအများဆုံးပစ်သည့် အချိန်သည်    မိုးကြိုကာလဖြစ်သော   ဧပြီလနှင့်    မေလ၊ မိုးနှောင်းကာလဖြစ်သော  အောက်တိုဘာလနှင့်  နိုဝင်ဘာလ တို့တွင်ဖြစ်ပြီး တစ်နေ့တာအတွင်း မွန်းတည့်ချိန်မှစ၍ ညနေ ၆ နာရီခန့်အတွင်း မိုးကြိုးအပစ်များသည်ဟုလည်း ဆိုသည်။

 


ယမန်နှစ်မိုးကြိုကာလဖြစ်သော ဧပြီလနှင့် မေလတို့တွင် မိုးကြိုးပစ်မှု ၃၂ ကြိမ်ဖြစ်ပေါ်ခဲ့ရာ လူ၃၄ ဦး သေဆုံးခဲ့ရပြီး ကိုးဦးဒဏ်ရာရ၍ ဆေးရုံတွင်ကုသခဲ့ရသည်။ ပြီးခဲ့သည့် ဧပြီလ ၂၂  ရက်နေ့က  မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်အတွင်း ရှိ ကျေးရွာတစ်ရွာတွင် နွားကျောင်းနေသည့် သားအဖနှစ်ဦး မိုးကြိုးပစ်ခံရမှုကြောင့် သေဆုံးသွားခဲ့သည့်အတွက် ယခုနှစ် မိုးရာသီအကြိုကာလ   မိုးကြိုးအန္တရာယ်ကြောင့်   အသေ အပျောက်  စတင်လာခဲ့ခြင်းပင်ဖြစ်သည်။  မိမိတို့နိုင်ငံတွင် မိုးကြိုးပစ်မှုကြောင့် နှစ်စဉ်လူသေဆုံးမှု ရာနှင့်ချီ၍ရှိနေပြီး အများစုမှာ    လယ်ယာလုပ်ငန်းခွင်        လုပ်ကိုင်ကြသည့် ကျေးလက်ပြည်သူများဖြစ်သည့်အလျောက် ယခုကဲ့သို့ မိုးကြို ကာလနှင့် မိုးနှောင်းကာလတို့တွင် မိုးကြိုးအန္တရာယ်ကို သတိ ပြုကြရတော့မည်ဖြစ်သည်။

 


မိုးကြိုကာလ   မိုးရွာသွန်းခြင်း၊   မိုးခြိမ်းခြင်း၊   လျှပ်စီး လက်ခြင်းတို့ ဖြစ်ပေါ်ပြီး မိုးကြိုးဘေးအန္တရာယ်ကျရောက် လာနိုင်သည့်အခြေအနေတွင် လယ်ယာ ချောင်း မြောင်း အင်း စသည်တို့တွင် လယ်ယာလုပ်ငန်း၊ ရေလုပ်ငန်း လုပ်ကိုင်နေ ကြသူများ   ကွင်းပြင်၊   ရေပြင်တို့တွင်   ထီးတည်းကြီးမနေဘဲ အဆောက်အအုံများသို့   အမြန်ဆုံးခိုဝင်ခြင်း၊   မြောင်းများ၊ ချိုင့်ဝှမ်းများနှင့်     နိမ့်သောနေရာများတွင်   ဝပ်၍နေခြင်း၊ ကွင်းပြင်၌ လူစုလူဝေးနှင့် ဖြစ်နေပါက သီးခြားစီဖြန့်ခွဲ၍နေခြင်း၊ ကွင်းပြင်၌ ရောက်ရှိနေပါက ဆောင့်ကြောင့်ထိုင်၍ ဒူးနှစ်ဖက် ပေါ်တွင် လက်တင်ခေါင်းငုံ့ထားခြင်း၊ ဆံပင်များ ထောင်နေ သည်ဟု စတင်ခံစားရပါက မိုးကြိုးပစ်တော့မည့် လက္ခဏာ ဖြစ်ရာ   ဒူးထောက်ချလိုက်ပြီး  ဒူးပေါ်သို့  လက်နှစ်ဖက်ကို ယှက်တင်ကာ ခန္ဓာကိုယ်ကို ကွေးညွတ်ထားခြင်းဖြင့် မိုးကြိုး အန္တရာယ်မှ ရှောင်ရှားနိုင်ကြရန် အကြံပြုလမ်းညွှန်ချက်များ ရှိရာ လေ့လာထားကြရန်လိုသည်။

 


မိုးကြိုးပစ်ခြင်း၏ သဘောသဘာဝကို သိနားလည်ရေး၊ မိုးကြိုးဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်သည့် နည်းလမ်း များကို လေ့လာမှတ်သားလိုက်နာဆောင်ရွက်ရေး၊ မိမိတို့၏ မိသားစုများနှင့်  ပတ်ဝန်းကျင်၌လည်း  အသိပညာ  ဖြန့်ဝေ ပေးကြရေးအတွက်  အကျိုးမျှော်ကာ  နှိုးဆော်တိုက်တွန်း အပ်ပါကြောင်း။         ။