မြေကမ္ဘာကျန်းမာရေးနှင့် လူသားတို့၏အနာဂတ်

မြန်မာ့အလင်းအယ်ဒီတာအာဘော်

“ကမ္ဘာ့ရာသီဥတု ဖောက်ပြန်လာမှု” ဟုဆိုလျှင် သီးသန့်ဘာသာ ရပ်တစ်ခု သို့မဟုတ် မိမိတို့နှင့် လွန်စွာအလှမ်းဝေးလှသည့် အကြောင်းအရာတစ်ရပ်ဟူ၍ လူတိုင်းက တွေးထင်တတ်ကြ သည်။ သို့ရာတွင် ရာသီဥတုဖောက်ပြန်မှု၏ အကျိုးဆက်များကို လူတိုင်း ခံစားနေကြရခြင်းဖြစ်ပြီး ကမ္ဘာ့ရာသီဥတုဖောက်ပြန်မှု ၏ အဓိကလက်သည်မှာ လူသားများပင်ဖြစ်သလို ကမ္ဘာ့ရာသီ ဥတုဖောက်ပြန်မှုများကို တားဆီးရန်အတွက်မှာလည်း လူတိုင်း ပါဝင်ဆောင်ရွက်ရန် လိုအပ်လျက်ရှိသည်။
ပညာရှင်တို့၏ အဆိုအမိန့်အရ ကမ္ဘာ့ရာသီဥတုဖောက်ပြန် ပြောင်းလဲမှုတွင် အကြောင်းနှင့်အကျိုး ကွင်းဆက်များ ရှိနေသည်။ ကမ္ဘာ့ရာသီဥတုပြောင်းလဲရခြင်းမှာ ကမ္ဘာ့လေထုထဲတွင် အပူချိန် တိုးလာမှုကြောင့်ဖြစ်သည်။ ကမ္ဘာ့လေထုအပူချိန်တိုးရခြင်း မှာ ကမ္ဘာ့လေထုအပေါ်လွှာတွင် မှန်လုံအိမ်ဓာတ်ငွေ့များ တားဆီးပိတ်ဆို့နေခြင်းကြောင့် ဖြစ်သည်။ မှန်လုံအိမ် ဓာတ်ငွေ့များဟု ဆိုရာတွင် ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ က အဓိကဖြစ်ပြီး သစ်တောများပြုန်းတီးခြင်း၊ ရုပ်ကြွင်းလောင်စာ ခေါ် ဒီဇယ်ဆီ၊ ဓာတ်ဆီတို့ကို ယာဉ်ရထား၊ ယန္တရားများ လည်ပတ် ခုတ်မောင်းရာတွင် သုံးစွဲရာမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ မိမိတို့မြန်မာနိုင်ငံတွင် ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ ထွက်ပေါ်ရသည့် အကြောင်းအရာများမှာ သစ်တောများကို စိုက်ပျိုးမြေအဖြစ် ရှင်းလင်းခုတ်ထွင်မှုမှ ၅၀ ရာခိုင်နှုန်း၊ စိုက်ပျိုး ရေးလုပ်ငန်းများမှ ၃၆ ရာခိုင်နှုန်းဖြစ်ပြီး ကျန်အကြောင်းအရာ များမှာ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုလုပ်ငန်းများ၊ သယ်ယူ ပို့ဆောင်ရေးလုပ်ငန်းများ၊ အခြားလောင်စာလောင်ကျွမ်းမှုများ၊ အမှိုက်စွန့်ပစ်မှုများ၊ ကုန်ထုတ်လုပ်ငန်းနှင့် ဆောက်လုပ်ရေး လုပ်ငန်းများမှ ထွက်ပေါ်လာခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် မှန်လုံအိမ်ဓာတ်ငွေ့ထွက်ပေါ်ရခြင်း၏ အဓိကအကြောင်းအရာမှာ သစ်တောများပြုန်းတီးခြင်းနှင့် စိုက်ပျိုးရေးလုပ်ငန်းများကြောင့်ဖြစ်ရာ ရာသီဥတုပြောင်းလဲ ဖောက်ပြန်မှုများသည် လာမည့် ဆယ်စုနှစ်အနည်းငယ်အတွင်း ဆိုးရွားသည့်ပုံစံများဖြစ်လာနိုင်ကြောင်း ပညာရှင်များက ခန့်မှန်းထားကြပြီး အဓိကထိခိုက်ခံစားကြရမည့် ကဏ္ဍမှာ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာထုတ်လုပ်ရေးဖြစ်သည်ဟု ဆိုထားသည်။ ရေကြီးခြင်း၊ မိုးခေါင်ခြင်း၊ မိုးရွာသွန်းသည့်ပုံစံ ပြောင်းလဲခြင်း၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်းတို့က နိုင်ငံ၏ အစားအစာဖူလုံရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လူနေမှု စနစ်များစသည်တို့အပေါ် မကောင်းသည့် အကျိုးသက်ရောက်မှု များ ဖြစ်ပေါ်လာစေမည်ဖြစ်သည်။ ထို့အပြင် ပြင်းထန်သည့် ရာသီဥတုဖြစ်စဉ်များဖြစ်သော မိုးအလွန်အကျွံရွာသွန်းခြင်း၊ ကာလကြာရှည် မိုးခေါင်ခြင်း၊ ပြင်းထန်သည့်မုန်တိုင်းများ ပုံမှန်ထက်အကြိမ်ရေ ပိုမိုဖြစ်ပေါ်ခြင်းစသည်တို့ကြောင့် ထိခိုက် ဆုံးရှုံးပျက်စီးမှုများလည်း ပိုမိုဖြစ်ပေါ်လာနိုင်သည်ကို မျှော်မှန်း ထားရတော့မည် ဖြစ်သည်။
ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကိုကာကွယ်တားဆီးရာတွင် မိမိတို့ မြန်မာ့လူ့အဖွဲ့အစည်းကို သဘာဝပတ်ဝန်းကျင်ကို သဘာဝပတ်ဝန်းကျင် ပြန်လည်ထူထောင်ထိန်းသိမ်းသည့် လူ့အဖွဲ့အစည်း၊ ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လုပ်မှုလျှော့ချ နိုင်သည့် လူ့အဖွဲ့အစည်းအဖြစ် ပြုပြင်ပြောင်းလဲသွားကြရမည် ဖြစ်သည်။ နိုင်ငံသူ၊ နိုင်ငံသားတစ်ဦးချင်းအနေဖြင့်မူ သစ်ပင် သစ်တောများ ခုတ်ထွင်မှုရပ်တန့်ပြီး သစ်ပင်သစ်တောများ စိုက်ပျိုးဖန်တီးသူ၊ ရုပ်ကြွင်းလောင်စာနှင့် မီးသွေးအသုံးပြုမှုများ ရှောင်ရှားပြီး ပြန်ပြည့်မြဲစွမ်းအင်များ ပိုမိုအသုံးပြုသူ၊ တောင်ယာ မီးရှို့သည့် စိုက်ပျိုးရေးစနစ်အစား ခေတ်မီစိုက်ပျိုးရေးနည်းစနစ် များကို ကျင့်သုံးသူများအဖြစ် လူတိုင်းကိုယ်စီ ရပ်တည်သွားကြ ခြင်းဖြင့် လူသားတို့နေထိုင်ရာ မြေကမ္ဘာ၏ ကျန်းမာရေးကို ဝိုင်းဝန်းစောင့်ရှောက်နိုင်ကြပါစေကြောင်း။ ။