လွှတ်တော်များ၏ ဂုဏ်သိက္ခာ

 

 

 

အာဏာရှင်ခေတ်အဆက်ဆက်ကို ကျော်ဖြတ်ခဲ့ပြီးနောက် ဒီမိုကရေစီ ကြွေးကြော်သံဖြင့် ဖွင့်လှစ်ကျင်းပသော လွှတ်တော်များ၏ တတိယ သက်တမ်းကို ရောက်ခဲ့ပြီ။ လွှတ်တော်တို့ စတင်တော့မည်။

လွှတ်တော်ဟူသည်နှင့် တွဲလျက်ရှိနေ၊ နားလည်နေကြသည်မှာ ဥပဒေပြုမဏ္ဍိုင်ဟူ၍ဖြစ်၏။ လွှတ်တော်သည်ဥပဒေပြုရေးကို အဓိက ကိုင်တွယ်ရသည်ဖြစ်လေရာ လက်ရှိဥပဒေများကို စေ့စေ့စပ်စပ် လေ့လာပြီး ခေတ်ကာလနှင့်မညီသည်တို့ကို ပြုပြင်ရေးဆွဲရန်၊ အချို့ကို ဖျက်သိမ်းရန်၊ အချို့ကို အသစ်ရေးဆွဲရန် စသည့်လုပ်ငန်းများကို တာဝန်ယူရ၏။ ထိုသို့သော ဥပဒေရေးရာများသာမက ပြည်သူ့ဘဏ္ဍာ ကို အသုံးပြုရသော စီမံကိန်းများတွင် ဘတ်ဂျက်လျာထားမှု၊ ဘတ်ဂျက်သုံးစွဲရာတွင် မှန်ကန်မှုရှိမရှိ စသည်တို့အတွက်လည်း တာဝန်ရှိနေမည်ဖြစ်သည်။ ထို့ပြင်တ၀၊ မိမိတို့ ရွေးကောက်ပွဲ ဝင်ရောက်ခဲ့သည့် မဲဆန္ဒနယ်မြေနှင့် နယ်မြေခံ ပြည်သူလူထု၏ အကျိုးကို ဆောင်ရွက်ရန်တာဝန်ကလည်း ရှိ၏။

ဒီမိုကရေစီစနစ်အောက်ရှိ လွှတ်တော်တို့တွင် ခမ်းနားမြင့်မြတ် သော ဂုဏ်တစ်ခုရှိ၏။ ထိုလွှတ်တော်တို့သည် ပြည်သူလူထုက ရွေးချယ်တင်မြှောက်လိုက်သော ပြည်သူ့ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ မည်မျှလောက်ကျက်သရေရှိပါသနည်း။ နိုင်ငံ့ အရေးအရာ အဝဝကို ပြည်သူလူထုက သူတို့၏ကိုယ်စား တာဝန် ယူပေးရန်၊ အလုပ်လုပ်ပေးရန် ကိုယ်စားလှယ်များကို ရွေးချယ်ပေး လိုက်၏။ ယင်းသည်ပင် လွှတ်တော်တို့၏ ဂုဏ်ကျက်သရေဖြစ်၏။

ပြည်သူ့ကိုယ်စားလှယ်များက လွှတ်တော်များခေါ်ယူကာ လွှတ်တော်သဘာပတိ တင်မြှောက်မည်။ ထို့နောက် လွှတ်တော် ဥက္ကဋ္ဌ အသီးသီးကို ရွေးချယ်ကြမည်။ လွှတ်တော်ဥက္ကဋ္ဌများ၏ ဦးဆောင်မှုဖြင့် ပြည်သူ့ကိုယ်စားလှယ်များက စုကာဝေးကာ ဆွေးနွေး ညှိနှိုင်းအဖြေရှာကာဖြင့် နိုင်ငံ့ဦးသျှောင်သမ္မတဖြစ်သူကို ရွေးချယ် ပေးမည်။ ပြည်သူ့ကိုယ်စားပြု သမ္မတဖြစ်လာသူက အုပ်ချုပ်ရေး မဏ္ဍိုင်ကို ထိန်းကျောင်းလည်ပတ်နိုင်ရေးအတွက် နိုင်ငံအတွက် စေတနာမှန်၊ အဂတိကင်း၊ ကိုယ်ကျိုးကင်းမည့်သူများကို အစိုးရအဖွဲ့ ခေါင်းဆောင်များအဖြစ် ရွေးချယ်ကာ အစိုးရအဖွဲ့ကို ဖွဲ့စည်းမည်။

ယင်းသည်ပင် လုပ်ပိုင်ခွင့် အာဏာသုံးရပ်သည် ပြည်သူလူထု ထံမှ ပြည်သူ့ကိုယ်စားလှယ်များဆီသို့ စီးဆင်းလာခြင်းမည်၏။ ဒီမိုကရေစီစနစ်၏ အနှစ်သာရသည် ပြည်သူ့ကိုယ်စားလှယ်စစ်စစ် များလက်သို့ အာဏာသုံးရပ်ကို အပ်နှင်းခြင်းပင်။ ဒီမိုကရေစီစနစ် ကို ပြည်သူတို့ ယုံကြည်တည်ဆောက်လိုခြင်း၏ ပင်မအကြောင်း အချက်ဟုလည်း ဆိုနိုင်ပါသည်။

အတိုချုပ်ဆိုရလျှင် ပြည်သူလူထုက ရွေးချယ်တင်မြှောက် လိုက်သည့် ပြည်သူ့ကိုယ်စားလှယ်များသည် လွှတ်တော်တွင်းက တစ်ဆင့် အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်နှင့် ဥပဒေပြု ရေးမဏ္ဍိုင်ဟူသော မဏ္ဍိုင်သုံးရပ်ကို ခွဲဝေတာဝန်ပေး၏။

မြန်မာနိုင်ငံ၏ အနေအထားအရ၊ လက်တွေ့အလုပ်များအနေဖြင့် လွှတ်တော်များတွင် များစွာသော လုပ်ငန်းဆောင်တာများရှိနေသည် ကား အမှန်။ နိုင်ငံရေးရာ စီမံခန့်ခွဲမှုများ၊ ငွေကြေးသုံးစွဲမှုများသည် လွှတ်တော်များက ဆွေးနွေးဆုံးဖြတ်ပေးရမည့် အရေးအရာများ ဖြစ်ပေသည်။

ရေရှည် မျှော်မှန်းလုပ်ဆောင်ရမည်များ ရှိသကဲ့သို့ လက်ငင်း အဖြေရှာ ဆုံးဖြတ်ရမည်တို့ကလည်း အများအပြားရှိနေမည်ဟု မြင်ပါသည်။ ဒီမိုကရေစီစနစ်အောက်တွင် တည်ရှိနေမည့် ပြည်သူ့ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် လွှတ်တော်ဟူ၍ မရှိဘဲ လူတစ်ဦး၊ အဖွဲ့တစ်ဖွဲ့က အရာရာ ဆုံးဖြတ်သည့်ခေတ်ကာလရှည် ကို ဖြတ်သန်းလာခဲ့သည်ဖြစ်ရာ ယနေ့ပြန်လည်တည်ဆောက်ရမည် များက သက်တမ်းနုနယ်သေးသော လွှတ်တော်အတွက် အမြောက် အမြား ရှိနေသည်သာ။ ထို့ပြင် ပြည်သူ့ကိုယ်စားလှယ်များချည်းသာ ပါဝင်ဖွဲ့စည်းထားသည့် လွှတ်တော်အဖြစ် ဆွေးနွေးဆုံးဖြတ်နိုင်ဖို့ ကိုပင် ကြိုးစားအားထုတ်ရဦးမည် ဖြစ်ပါသည်။

မည်သို့ဖြစ်စေ၊ မည်သည့်နည်းဖြင့်ဖြစ်စေ၊ လွှတ်တော်တွင်း၌ နေရာယူဆွေးနွေးကြမည့် လွှတ်တော်ကိုယ်စားလှယ်များကို ပြည်သူ လူထုက မျက်လုံးဒေါက်ထောက်ကြည့်နေကြသည်ကို သတိပြုရန် လိုပါသည်။ မည်သည့် လွှတ်တော်ကိုယ်စားလှယ်များက ပြည်သူ့ သဘောထား၊ ပြည်သူ့ဆန္ဒနှင့် ပြည်သူ့လိုလားချက်များကို မည်မျှ အလေးထား ဆွေးနွေးကြမည်နည်း။ မည်သည့် လွှတ်တော်ကိုယ်စား လှယ်များက ပြည်သူလူထု၏ အကျိုးစီးပွားကို မည်မျှအားထုတ် ကြံစည် ဆောင်ရွက်ကြပါသနည်း။

လွှတ်တော်ကိုယ်စားလှယ်များက ပြည်သူလူထုကို လေးလေး စားစားရှိခြင်း၊ ရိုရိုသေသေ တန်ဖိုးထားခြင်း ဆိုသည်တို့ကသာ လွှတ်တော်များ၏ ဂုဏ်သိက္ခာကို ပေါ်လွင်စေမည်ဖြစ်သည်ဟု တင်ပြ လိုက်ရပါကြောင်း။ ။