ကလေးအလုပ်သမားလျော့နည်းပပျောက်ရေးနှင့် ကျောင်းနေအရွယ်များအားလုံး ကျောင်းတက်ရေး

mmal 15-6-2026

 

ကမ္ဘာပေါ်ရှိ ကလေးသူငယ်ဦးရေ စုစုပေါင်း၏ ၈ ရာခိုင်နှုန်း တစ်နည်းအားဖြင့် ကလေး ၁၇ ယောက်တွင် တစ်ယောက်တို့မှာ ကလေးအလုပ်သမားများ ဖြစ်နေကြသည်ဟု ဆိုသည်။ ခန့်မှန်းခြေအားဖြင့် ကမ္ဘာတစ်ဝန်းလုံးတွင် ကလေးအလုပ်သမားဦးရေ ၁၃၈ သန်းခန့်ရှိသည့်အနက် ၅၄ သန်းခန့်မှာ ကျန်းမာရေး၊ ဘေးကင်းလုံခြုံရေးနှင့် စာရိတ္တပိုင်းဆိုင်ရာတို့အတွက် အာမခံချက်ကင်းမဲ့သော အန္တရာယ်ရှိ သည့်လုပ်ငန်းခွင်များတွင် လုပ်ကိုင်နေကြရသည်ဟုဆိုသည်။

 

အထက်တွင်ဖော်ပြခဲ့သည့်အရေအတွက်သည် ၂၀၂၀ ပြည့်နှစ်တွင်ရှိခဲ့သော ကလေးအလုပ်သမားဦးရေ သန်း ၁၆၀ မှ သိသာစွာကျဆင်းလာခဲ့သည်ဟု ဆိုနိုင်သော်လည်း နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ၂၀၂၅ ခုနှစ်တွင် ကလေးအလုပ်သမား လုံးဝပပျောက်စေရေးဟူသည့် ကုလသမဂ္ဂ၏ရည်မှန်းချက်ကိုမူ မဖြည့်ဆည်းနိုင်ဘဲ လွဲချော်ခဲ့သည်။ ကမ္ဘာပေါ်ရှိ ကလေးအလုပ်သမားများတွင် ယောက်ျားလေး ၇၈ သန်းနှင့် မိန်းကလေး ၅၉ သန်းတို့ပါရှိနေရာ ဝင်ငွေရှာဖွေရသည့် အလုပ်များတွင် ယောက်ျားလေးများက ပိုမိုများပြားနေသည်ကို တွေ့ရသော်လည်း တစ်ပတ်လျှင် ၂၁ နာရီထက်မနည်း အလုပ်လုပ်ကြရပြီး အခကြေးငွေမရသည့် အိမ်မှုကိစ္စများကိုပါ ထည့်သွင်းစဉ်းစားတွက်ချက်ပါက မိန်းကလေးဦးရေက သိသာစွာပို၍ များပြားသွားသည်ဟုဆိုသည်။

 

ကမ္ဘာ့ကလေးအလုပ်သမားများ၏ ၆၁ ရာခိုင်နှုန်းသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သစ်တောလုပ်ငန်း များတွင် ပါဝင်လုပ်ကိုင်နေကြခြင်းဖြစ်ရာ အဓိကအားဖြင့် မိသားစုပိုင် အသေးစားလယ်ယာများတွင် အခကြေးငွေမယူဘဲလုပ်ကိုင်နေကြရခြင်းဖြစ်သည်။ အိမ်အကူအလုပ်၊ စားပွဲထိုးအလုပ်၊ လမ်းဘေး ဈေးရောင်းအလုပ်များတွင် လုပ်ကိုင်နေကြသည့် ကလေးများမှာ ၂၇ ရာခိုင်နှုန်းရှိပြီး အန္တရာယ်ဖြစ်နိုင် ခြေမြင့်မားသည့် ဆောက်လုပ်ရေး၊ ကုန်ပစ္စည်းထုတ်လုပ်ရေး၊ အုတ်ဖုတ်လုပ်ငန်း၊ သတ္တုတူးဖော်ရေး လုပ်ငန်းများတွင် ကမ္ဘာ့ကလေးအလုပ်သမား စုစုပေါင်း၏ ၁၃ ရာခိုင်နှုန်း လုပ်ကိုင်နေကြသည်ဟု ဆိုသည်။ အချက်အလက်များအရ ကမ္ဘာပေါ်တွင် ကလေးအလုပ်သမားရာခိုင်နှုန်း အမြင့်ဆုံးနိုင်ငံများ၌ ဆာဟာရ အောက်ပိုင်းနိုင်ငံများဖြစ်သည့် တောင်ဆူဒန် ၄၈ ရာခိုင်နှုန်း၊ အီသီယိုပီးယား ၄၅ ရာခိုင်နှုန်း၊ ဘာကိနာဖာဆို ၄၂ ရာခိုင်နှုန်း၊ ကင်မရွန်း ၃၉ ရာခိုင်နှုန်း၊ ချဒ် ၃၉ ရာခိုင်နှုန်းတို့ ပါဝင်နေသည်ကို တွေ့ရသည်။

 

မြန်မာနိုင်ငံတွင် အလုပ်လုပ်ကိုင်နိုင်သော အနိမ့်ဆုံးအရွယ်ကို အသက် ၁၄ နှစ်အဖြစ် သတ်မှတ်ထားရာ အသက် ၁၄ နှစ်အောက်ကလေးများကို မည်သည့်လုပ်ငန်းခွင်၌မဆို အလုပ်လုပ်ခွင့်မပြုဘဲ တားမြစ်ထား သည်။ အသက် ၁၄ နှစ်မှ ၁၅ နှစ်အရွယ်များကို ပုံမှန်လုပ်ငန်းခွင်များတွင် မွန်းလွဲ ၂ နာရီမတိုင်မီ ပညာသင်ကြားရေးကို မထိခိုက်စေဘဲ ပေါ့ပါးသည့်အလုပ်များကိုသာ လုပ်ကိုင်ခွင့်ရှိသည်။ အသက် ၁၆ နှစ်မှ ၁၈ နှစ် အရွယ်များကို လူငယ်လုပ်သားများအဖြစ်သတ်မှတ်ပြီး လုပ်ကိုင်ခွင့်ရှိသော်လည်း အန္တရာယ် ရှိသောလုပ်ငန်းခွင်များတွင် ဝင်ရောက်လုပ်ကိုင်ခွင့်မရှိကြောင်း သတ်မှတ်ထားသည်။

 

မြန်မာနိုင်ငံတွင် ကလေးအလုပ်သမားများ ဖြစ်ပွားရခြင်း၏ အဓိကအကြောင်းရင်းမှာ ဆင်းရဲနွမ်းပါးမှု ကြောင့်ပင်ဖြစ်သည်။ မိသားစုဝင်ငွေနည်းပါးခြင်း၊ အလုပ်အကိုင်ရှားပါးခြင်းတို့ကြောင့် မိဘများက ကလေးများကိုလုပ်ငန်းခွင်သို့စေလွှတ်ခြင်း၊ ကလေးများကိုယ်တိုင် ဝင်ငွေရှာပေးရခြင်းဖြစ်သည်။ ပညာသင်ကြားရန် တိုက်ရိုက်စရိတ်၊ သွယ်ဝိုက်စရိတ်တို့ကို မတတ်နိုင်ခြင်း၊ ကျောင်းနှင့်ဝေးကွာခြင်းတို့ ကြောင့် ပညာကိုဆက်လက်မသင်ယူနိုင်ကြဘဲ ငယ်ရွယ်စဉ်မှာပင် အလုပ်လုပ်ကြခြင်းလည်းဖြစ်သည်။ ကလေးအလုပ်သမားအများစုမှာ ကျေးလက်ဒေသများတွင် လယ်ယာလုပ်ငန်း၊ ရေလုပ်ငန်းများ၊ မြို့ပြဒေသများတွင် အိမ်အကူ၊ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်များ၊ လက်လီလက်ကားဆိုင်များတွင် ဆိုင်အကူ၊ အရောင်းဝန်ထမ်းများ၊ အသေးစားစက်မှုလက်မှု လုပ်ငန်းများနှင့် ဝပ်ရှော့များ၊ အုတ်ဖုတ် လုပ်ငန်းများ၊ ဆောက်လုပ်ရေးအကူလုပ်ငန်းများ၊ သတ္တုတူးဖော်ရေးလုပ်ငန်းများတွင် လုပ်ကိုင်နေကြ ခြင်းဖြစ်သည်ဟု သိရသည်။

 

ကလေးများကို အလုပ်သမားများအဖြစ်ခိုင်းစေခြင်းက ကလေးများ၏ အနာဂတ်အလားအလာများကို မှေးမှိန်ပျက်စီးစေသည်။ ပညာသင်အရွယ်တွင် အလုပ်လုပ်ခိုင်းခြင်းဖြင့် ကလေးသူငယ်အခွင့်အရေးကို ချိုးဖောက်ခြင်းလည်းဖြစ်သည်။ ပညာသင်ကြားနေရမည့် ကလေးများကိုကောင်းစွာပညာသင်ကြား လေ့ကျင့်ပေးခြင်းအားဖြင့် နိုင်ငံ၏အနာဂတ်အတွက် လူ့စွမ်းအားအရင်းအမြစ်ကောင်းများရရှိစေသကဲ့သို့ ကလေးငယ် တစ်ဦးချင်းစီ၏ အနာဂတ်အတွက်လည်း ပိုမိုမြင့်မားကောင်းမွန်စေမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ကျောင်းနေအရွယ်ကလေးများ ကျောင်းထွက်နှုန်းမြင့်မားနေခြင်းသည် မိသားစု အလုပ်ကိုကူရန်အတွက်ဟူသော အကြောင်းပြချက်ဖြင့် အများဆုံးဖြစ်ရာ ကလေးအလုပ်သမား လျော့နည်းပပျောက်ရေး၊ တန်းစဉ်ကူးပြောင်းမှုနှုန်း မြင့်မားရေးတို့အတွက် ကဏ္ဍအသီးသီးတို့မှ ကြိုးပမ်းဆောင်ရွက်ပေးကြရပါမည့်အကြောင်း။    ။