ခြင်၊ ယင် နှိမ်နင်း သန့်ရှင်းအောင်နေ

ကိုဗစ်- ၁၉ တတိယလှိုင်းအခြေအနေ တည်ငြိမ်စပြုချိန်တွင် မိုးရာသီ ကာလအဖြစ်များသည့် ရောဂါများကိုလည်း ဂရုပြုကြရန်လိုအပ် သည်။ မြန်မာနိုင်ငံဒေသအနှံ့အပြားတွင် မိုးရွာသွန်းခြင်းနှင့်အတူ လူနေ ရပ်ရွာ ပတ်ဝန်းကျင်များ၌လည်း ပြောင်းလဲမှုများဖြစ်ပေါ်လာ သည်။ သစ်ပင်ချုံနွယ် ပိတ်ပေါင်းများ အပြိုင်းအရိုင်းထူထပ်စွာ ပေါက်ရောက်လာကြပြီး မြေပြင်ပေါ်တွင် တင်ကျန်နေသည့် မိုးရေ များ၊ မစီးဆင်းနိုင်ဘဲ ပိတ်ဆို့နေသည့်  မသန့်ရှင်းသော ရေဆိုးများ၊ အမှိုက်သရိုက်များနှင့် ၎င်းတို့ကိုအမှီပြု ပေါက်ပွားလာကြသည့် ခြင်၊ ယင်များ စသည်တို့က   လူသားတို့အတွက်   ရောဂါပေါင်းစုံတို့ကို သယ်ဆောင်လာကြသည်။


စွတ်စိုထိုင်းမှိုင်းအေးမြသည့် မိုးရာသီတွင် အဖြစ်များတတ်သည့် ရောဂါများမှာ သွေးလွန်တုပ်ကွေး၊ ရာသီတုပ်ကွေး၊ ဆင်တုပ်ကွေး (ခေါ်) ချီကန်ဂန်ညာ၊ ဝမ်းပျက်ဝမ်းလျှော၊ ဝမ်းကိုက်၊ တိုက်ဖွိုက်၊ အသည်းရောင်အသားဝါ၊   ဂျပန်ဦးနှောက်အမြှေးရောင်   စသည့် ရောဂါများဖြစ်သည်။  ခြင်၊ ယင်၊ မသန့်ရှင်းသည့်ရေနှင့် တစ်ကိုယ်ရေ သန့်ရှင်းမှုအားနည်းချက်တို့ကြောင့် ဆိုခဲ့ပါရောဂါများကို ခံစားခဲ့ကြ ရခြင်းဖြစ်သည်။ နေ့ခင်းဘက်တွင် ကိုက်တတ်သည့် ခြင်ကျားကြောင့် ဖြစ်ပွားသည့်  ကူးစက်ရောဂါဖြစ်သော  သွေးလွန်တုပ်ကွေးသည် ကိုဗစ်-၁၉ ရောဂါကဲ့သို့ပင် ကုစရာ ဆေးမရှိသေးသော ရောဂါဖြစ်ပြီး ရောဂါဖြစ်နှုန်းနှင့် ရောဂါကြောင့် သေဆုံးသည့်နှုန်းတို့မှာ ကိုဗစ်-၁၉ ထက်ပင်များပြားသည်ဟု ပညာရှင်တို့က ပြောကြားထားရာ အထူး သတိပြုကြရမည့် ရောဂါပင်ဖြစ်သည်။


သွေးလွန်တုပ်ကွေးအပါအဝင် မိုးရာသီတွင် အဖြစ်များသည့် ရောဂါများအားလုံးမှာ ကြိုတင်ကာကွယ်နိုင်သည့် ရောဂါများဖြစ် သည်။  ခြင်ကိုက်မခံရအောင် အင်္ကျီ၊ ဘောင်းဘီအရှည်တို့ကို ဝတ် ဆင်ခြင်း၊ နေ့ဖြစ်စေ ညဖြစ်စေ ခြင်ထောင်ချ၍ အိပ်စက်ခြင်း၊ ခြင် နိုင်ဆေးလိမ်းခြင်း၊ အိမ်တွင် ခြင်လုံဆန်ခါများ တပ်ဆင်ခြင်း စသည် ဖြင့်  တစ်ဦးချင်းစီ ကာကွယ်နိုင်သည်။ တစ်ဖက်တွင်လည်း ခြင်၊ ယင်များ မပေါက်ပွားစေရေးအတွက် ပတ်ဝန်းကျင်သန့်ရှင်းစေရန် ချုံနွယ်ပိတ်ပေါင်း၊ အမှိုက်သရိုက်များရှင်းလင်းခြင်း၊ ရေစီးရေလာ ကောင်းစေရန်   ရေမြောင်းများ   ရှင်းလင်းခြင်း၊  ရေအိုင်များကို ရေဖောက်ထုတ်ခြင်း၊ မြေဖို့ခြင်း၊ ရေတင်ကျန်နိုင်သည့် ပုံး၊ ခွက်၊ အိုးအလွတ်များ၊ ကားတာယာဟောင်းများ၊ ဘက်ထရီဟောင်းများ စသည်တို့ကို ရှင်းလင်းခြင်း၊ ရေစည်များကို ဖုံးအုပ်ခြင်း၊ ပိုးလောက် လမ်းများ  စစ်ယူနှိမ်နင်းခြင်း၊    ပိုးလောက်လမ်း  မပေါက်ပွားနိုင်  သည့် ဆေးခတ်ခြင်း၊  ခြင်ခိုအောင်းနိုင်သည့်   အိမ်တွင်းမှနေရာများကို ရှင်းလင်းခြင်းစသည့်   ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများကို ရပ်ရွာလူထုအားဖြင့် စုပေါင်းဆောင်ရွက်ကြရန်  လိုအပ်သည်။


ကိုဗစ်- ၁၉ ရောဂါကြောင့် သွားလာမှုများအကန့်အသတ်ရှိသည့် အပြင် ဆေးရုံ၊ ဆေးခန်းများ၊ ဆရာဝန် ဆရာမများ၊ ကျန်းမာရေး ဝန်ထမ်းများမှာ ကပ်ရောဂါတားဆီးကာကွယ်ရေးလုပ်ငန်းများဖြင့် ကြီးမားလေးလံသည့်တာဝန်များကို  ထမ်းဆောင်နေကြရသည်။ သို့ဖြစ်သည့်အတွက် မိုးရာသီတွင်အဖြစ်များသည့် ရောဂါများကို ပြည်သူ တစ်ဦးချင်းစီ၏ ကျန်းမာရေးအသိ၊ ကျန်းမာရေးသတိဖြင့် ကြိုတင် ကာကွယ်နိုင်ကြဖို့လိုသည်။ ခြင်၊ ယင် နှိမ်နင်းရေး၊ တစ်ကိုယ် ရေ  သန့်ရှင်းရေး၊  ရေနှင့်အစားအစာသန့်ရှင်းရေး၊ ပတ်ဝန်းကျင် သန့်ရှင်းရေးတို့ကို    ဂရုပြုဖော်ဆောင်ကာ    မိုးရာသီတွင်အဖြစ်များသည့် ကူးစက်ရောဂါတို့ကို ရှောင်ရှားနိုင်ကြစေရေးအတွက် အကျိုးမျှော် ကာ နှိုးဆော်တိုက်တွန်းအပ်ပါကြောင်း။     ။