
သိန်းဦး
====
(ယမန်နေ့မှအဆက်)
ရွေးကောက်ပွဲစီမံခန့်ခွဲမှု
အီတလီနိုင်ငံတွင် ရွေးကောက်ပွဲများကျင်းပခြင်း၊ ရွေးကောက်ပွဲစီမံခန့်ခွဲခြင်းများကို ပြည်ထဲရေး ဝန်ကြီးဌာန၏ ဌာနခွဲအဆင့်ဆင့်က ကိုင်တွယ်ဆောင်ရွက်သည်။ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက် ရှိ ရွေးကောက်ပွဲဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့အစည်းမှာ Central Directorate for Electoral Services ဖြစ်သည်။ ယင်းအဖွဲ့အစည်းသည် အမြဲတမ်းဖွဲ့စည်းထားသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ဥရောပသမဂ္ဂ ပါလီမန်ရွေးကောက်ပွဲအပါအဝင် ပြည်ထောင်စုအဆင့်၊ ဒေသအဆင့်နှင့် ဒေသန္တရအဆင့် ရွေးကောက်ပွဲ များကို ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ ခရိုင်အဆင့်အုပ်ချုပ်ရေးရုံးများမှတစ်ဆင့် ကြီးကြပ်ကျင်းပ ပေးရသည်။
ရွေးကောက်ပွဲတွင်အသုံးပြုမည့် ရွေးကောက်ပွဲဆိုင်ရာပစ္စည်းများကို အချိန်မီပြင်ဆင်ပေးပို့ နိုင်ရေးအတွက်လည်းကောင်း၊ ရွေးကောက်ပွဲရလဒ်အကြမ်းဖျင်းတွက်ချက်ခြင်းနှင့် အနိုင်ရပါတီများအတွက် ကိုယ်စားလှယ်နေရာခွဲဝေမှု ကနဦးအဆင့်တွက်ချက်ခြင်းတို့ကိုလည်းကောင်း တာဝန်ယူဆောင်ရွက်ရသည်။ Central Directorate for Demographic Services သည် ရွေးကောက်ပွဲအတွက် လူဦးရေအချက်အလက် များနှင့်စပ်လျဉ်း၍ ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရသည်။ ပြည်ထဲရေးဝန်ကြီးဌာန၏ The Department for Internal and Territorial Affairs သည် ရွေးကောက်ပွဲဆိုင်ရာ သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ဖြစ်ပေါ်သည့်ကိစ္စရပ်များအား လေ့လာခြင်း၊ မဲဆန္ဒရှင် အရည်အချင်းမပြည့်မီသော ကိစ္စရပ်များနှင့် အရည်အချင်းမပြည့်မီကြောင်း ကြေညာထားသော ကိုယ်စားလှယ်လောင်းများအတွက် ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးရသည်။
ရွေးကောက်ပွဲကာလတွင် ရွေးကောက်ပွဲဆိုင်ရာတာဝန်များ ဆောင်ရွက်နိုင်ရန်အတွက် ရွေးကောက်ပွဲ ဆိုင်ရာယာယီအဖွဲ့အစည်းများကို တရားရေးရုံးများတွင် ဖွဲ့စည်းထားရှိသည်။ တရားဝင် ရွေးကောက်ပွဲ ရလဒ်ကို တရားရုံးဆိုင်ရာစနစ်အတွင်း ဖွဲ့စည်းထားရှိသည့် ရွေးကောက်ပွဲဆိုင်ရာရုံးများမှတစ်ဆင့် တွက်ချက်ဆောင်ရွက်သည်။ National Central Electoral Office ( NCEO ) ကို Court of Cassation (အမြင့်ဆုံးတရားရုံး) အတွင်း ဖွဲ့စည်းထားရှိသည်။ အဖွဲ့ဝင်ငါးဦးဖြင့် ဖွဲ့စည်းထားပြီး တရားရုံးဥက္ကဋ္ဌ တစ်ဦးနှင့် ဥက္ကဋ္ဌမှခန့်အပ်သည့် အဖွဲ့ဝင် လေးဦးဖြစ်သည်။ NCEO သည် အောက်လွှတ်တော်အတွက် ဒေသဆိုင်ရာအဆင့် ရွေးကောက်ပွဲရလဒ်များ တွက်ချက်ခြင်း၊ ရွေးကောက်ပွဲရလဒ်များ တရားဝင် ကြေညာပေးခြင်းနှင့် လွှတ်တော်ကိုယ်စားလှယ်နေရာ ခွဲဝေပေးခြင်းတို့ကို ဆောင်ရွက်ရသည်။ ကိုယ်စားလှယ် လောင်းအမည်စာရင်းတင်သွင်းခြင်းနှင့် ပါတီအမှတ်တံဆိပ်များနှင့် စပ်လျဉ်းသည့် အယူခံအမှုများကိုလည်း စစ်ဆေးဆုံးဖြတ်ရသည်။
ဒေသဆိုင်ရာရွေးကောက်ပွဲရုံး (Regional Election Offices – REOs) များကို ဒေသဆိုင်ရာ အယူခံရုံး များတွင် ဖွဲ့စည်းထားရှိပြီး အထက်လွှတ်တော်အတွက် ရွေးကောက်ပွဲရလဒ်များကို တွက်ချက်ရသည်။
ခရိုင်အဆင့်ရွေးကောက်ပွဲရုံး (District Election Offices - DEOs) များကို ခရိုင်အဆင့်အယူခံ ရုံးများတွင် ဖွဲ့စည်းထားရှိပြီး အောက်လွှတ်တော်အတွက် ခရိုင်အဆင့်ရှိ ရွေးကောက်ပွဲရလဒ်များကို တွက်ချက်ရသည်။ ၎င်းအပြင် မဲရုံဆိုင်ရာရုံး (Polling Electoral Offices – PEOs) များ၏ ဥက္ကဋ္ဌများ ကိုလည်း ခန့်အပ်ပေးရသည်။
နိုင်ငံပြင်ပမဲဆန္ဒနယ်များမှရောက်ရှိလာမည့် ဆန္ဒမဲများအတွက် မဲရေတွက်ခြင်းဆောင်ရွက်နိုင်ရန် ဒေသဆိုင်ရာရွေးကောက်ပွဲရုံး (REO) တစ်ရုံးနှင့် ခရိုင်အဆင့်ရွေးကောက်ပွဲရုံး (DEO) တစ်ရုံးတို့ကို ရောမအယူခံတရားရုံးတွင် ဖွင့်လှစ်ထားရှိသည်။ ဒေသဆိုင်ရာ ရွေးကောက်ပွဲရုံးများနှင့် ခရိုင်အဆင့် ရွေးကောက်ပွဲရုံးများသည် ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ၎င်းတို့၏ သက်ဆိုင်ရာတရားရေး နယ်ပယ်အတွင်းမှ တာဝန်ယူဆောင်ရွက်ပေးရသည်။
မြူနီစီပယ်အဆင့်တွင် မြူနီစီပယ်အဆင့်ရွေးကောက်ပွဲကော်မရှင် (MECs) များသည် ရွေးကောက်ပွဲ များကို အဓိကတာဝန်ယူဆောင်ရွက်ပေးရပြီး မဲရုံဆိုင်ရာရုံး (PEOs) များအတွက် အဖွဲ့ဝင်များခန့်အပ်ခြင်းနှင့် ကိုယ်စားလှယ်လောင်းများအတွက် မဲဆွယ်စည်းရုံးရေးပိုစတာများချိတ်ဆွဲရန် နေရာသတ်မှတ်ပေးခြင်းတို့ကို ဆောင်ရွက်ရသည်။ မြူနီစီပယ်အဆင့် ရွေးကောက်ပွဲကော်မရှင်များသည် အမြဲတမ်းဖွဲ့စည်းထားသော အဖွဲ့အစည်းများဖြစ်ကြပြီး မြူနီစီပယ်ကောင်စီမှ ရွေးကောက်တင်မြှောက်ထားသော မြူနီစီပယ်ကောင်စီဝင် များဖြင့် ဖွဲ့စည်းထားသည်။ ဥက္ကဋ္ဌအဖြစ် မြူနီစီပယ်မြို့တော်ဝန်မှ ဆောင်ရွက်သည်။
မဲရုံဆိုင်ရာရုံး (PEOs) များသည် မဲရုံပြင်ဆင်ဆောင်ရွက်ခြင်း၊ မဲပေးခြင်းနှင့် မဲရေတွက်ခြင်း လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် အဓိကတာဝန်ယူကြီးကြပ်ပေးရသည်။ မဲရုံဆိုင်ရာရုံးကို အဖွဲ့ဝင် လေးဦးဖြင့် ဖွဲ့စည်းထားသည်။ မဲရုံဆိုင်ရာရုံး (PEO) ၏အဖွဲ့ဝင် အနည်းဆုံးတစ်ဦးသည် မြူနီစီပယ် ကောင်စီရှိ လူနည်းစုကိုယ်စားပြုသည့်ကောင်စီဝင်ဖြစ်ရသည်။ မဲရုံတစ်ရုံလျှင် မဲဆန္ဒရှင် ၁၂၀၀ နှုန်း သတ်မှတ်ထားသည်။ နိုင်ငံပြင်ပမဲပေးခြင်းကို နိုင်ငံရပ်ခြားရှိ ကောင်စစ်ဝန်ရုံးများမှ တာဝန်ယူ ဆောင်ရွက် သည်။
၂၀၁၈ ခုနှစ် အထွေထွေရွေးကောက်ပွဲ
၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် အီတလီပါလီမန်အား သမ္မတ Sergio Mattarella က ဖျက်သိမ်းပြီး ၂၀၁၈ ခုနှစ် အီတလီနိုင်ငံအထွေထွေရွေးကောက်ပွဲကို ၂၀၁၈ ခုနှစ် မတ်လ ၄ ရက်နေ့တွင် ကျင်းပခဲ့သည်။ အီတလီနိုင်ငံ အထွေထွေရွေးကောက်ပွဲကို ၁၉၄၈ ခုနှစ်မှ စတင်ကျင်းပခဲ့ရာ ယခု ရွေးကောက်ပွဲသည် ၁၈ ကြိမ်မြောက်ဖြစ်သည်။ ရွေးကောက်ပွဲတွင် အောက်လွှတ်တော်အတွက် လွှတ်တော် ကိုယ်စားလှယ်နေရာ ၆၃၀ နှင့် အထက်လွှတ်တော်အတွက် လွှတ်တော်ကိုယ်စားလှယ် ၃၁၅ နေရာ ရွေးကောက်တင်မြှောက်ခဲ့သည်။ နိုင်ငံရေးပါတီပေါင်း ၁၄ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
အောက်လွှတ်တော်အတွက် ညွန့်ပေါင်းအဖွဲ့ဖြစ်သော ဗဟို−လက်ယာညွန့်ပေါင်း (Center–right coalition) က လွှတ်တော်ကိုယ်စားလှယ်၂၆၅ နေရာဖြင့် အများဆုံးအနိုင်ရရှိခဲ့ပြီး Five Star Movement (MSS) ပါတီက လွှတ်တော်ကိုယ်စားလှယ်၂၂၇ နေရာဖြင့် ဒုတိယအနိုင်ရရှိခဲ့သည်။ ဝန်ကြီးချုပ်ဟောင်း Matteo Renzi ဦးဆောင်သော ဗဟို - လက်ဝဲညွန့်ပေါင်း (Center – Left Coalition) က တတိယနေရာမှ အနိုင်ရရှိခဲ့သည်။ ထို့အတူ အထက်လွှတ်တော်အတွက်လည်း ညွန့်ပေါင်းအဖွဲ့ဖြစ်သော ဗဟို−လက်ယာ ညွန့်ပေါင်း (Center – right coalition) က လွှတ်တော်ကိုယ်စားလှယ် ၁၃၇ နေရာဖြင့် အများဆုံး အနိုင်ရရှိခဲ့ပြီး Five Star Movement (MSS) ပါတီက လွှတ်တော်ကိုယ်စားလှယ် ၁၁၂ နေရာဖြင့် ဒုတိယ အနိုင်ရရှိခဲ့သည်။ ဝန်ကြီးချုပ်ဟောင်း Matteo Renzi ဦးဆောင်သော ဗဟို−လက်ဝဲညွန့်ပေါင်း (Center– Left Coalition) က နေရာ ၆၀ ဖြင့် တတိယနေရာမှ အနိုင်ရရှိခဲ့သည်။
၂၀၁၈ ခုနှစ် အီတလီပါလီမန်ရွေးကောက်ပွဲတွင် အောက်လွှတ်တော်ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင် ၅၀၇၃၆၂၀၄ ဦးရှိပြီး မဲပေးသူဦးရေ ၃၅၁၈၅၇၄၃ ဦးရှိသည့်အတွက် မဲပေးမှုရာခိုင်နှုန်း ၆၉ ဒသမ ၃၅ ရာခိုင်နှုန်းရှိသည်။ အထက်လွှတ်တော်ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင် ၄၆၆၁၅၈၁၃ ဦးရှိပြီး မဲပေးသူဦးရေ ၃၅၀၆၇၅၉၄ ဦးရှိသည့်အတွက် မဲပေးမှုရာခိုင်နှုန်း ၇၅ ဒသမ ၂၃ ရာခိုင်နှုန်းရှိသည်။ နောင်လာမည့် ရွေးကောက်ပွဲမှာ ၂၀၂၃ ခုနှစ် ဇွန်လ ၁ ရက်နေ့ဟု ခန့်မှန်းထားသည်။
- Log in to post comments