တိုင်းပြည်လူထုနှင့်ယှဉ်၍ ကိုယ်ထိလက်ရောက်ပါဝင်ကူညီ

အချုပ်အခြာအာဏာပိုင်   လွတ်လပ်သည့်   နိုင်ငံတစ်နိုင်ငံအဖို့ ကမ္ဘာ့အလယ်တွင် အခြားနိုင်ငံများနှင့်တန်းတူရည်တူ ရင်ပေါင် တန်းနိုင်ရန် အားရှိဖို့လိုသည်။ နိုင်ငံတစ်နိုင်ငံ၏ အားဆိုသည်မှာ နိုင်ငံရေး၊ စီးပွားရေးနှင့် ကာကွယ်ရေးအားများကို ပေါင်းစုထား ခြင်းပင်ဖြစ်ပြီး နိုင်ငံတိုင်းရှိ နိုင်ငံသားတိုင်းက မိမိတို့နိုင်ငံအင်အား ခိုင်မာတောင့်တင်းစေရန် စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ် ကြိုးပမ်းဆောင်ရွက်ကြရခြင်းဖြစ်သည်။


အမျိုးသားခေါင်းဆောင်ကြီး   ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာနိုင်ငံ နယ်ချဲ့လက်အောက်မှ လွတ်မြောက်ပြီး လွတ်လပ် သည့်   နိုင်ငံဘဝတွင်   အင်အားတောင့်တင်းခိုင်မာသည့်   နိုင်ငံ တစ်နိုင်ငံအနေဖြင့် ကမ္ဘာနှင့်ရင်ပေါင်တန်းနိုင်ရန် မျှော်မှန်းပြီး   တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊     နိုင်ငံသားပြည်သူလူထု တစ်ရပ်လုံး စည်းလုံးညီညွတ်ရေးတို့   အရေးကြီးကြောင်းနှင့်  အခြားနိုင်ငံများမှ ပြည်သူများထက် ၄၊ ၅၊ ၁၀ ဆပို၍  အလုပ် လုပ်ကြရန် လိုအပ်ကြောင်း မြန်မာပြည်သူလူထုတစ်ရပ်လုံးကို တိုက်တွန်း မိန့်ကြားခဲ့သည်။ ‘‘တန်းတူညီတူမဖြစ်သမျှ  ကာလ ပတ်လုံး ဒီတိုင်းပြည်ကြီးဟာ  လွတ်လပ်တယ်ဆိုပေမယ့်   ဟိုလူ့ မြင်တဲ့အခါမှာ  မျက်နှာချိုသွေးရ၊  ဒီလူ့မြင်တဲ့အခါ  မျက်နှာချို သွေးရနဲ့ (. . . .)  လို   နိုင်ငံမျိုး ဖြစ်နေမှာပဲဆိုတာ  ခင်ဗျားတို့ အတိအလင်းနားလည် ထားစေချင်တယ်။   အားမှမရှိသေးတော့ အဲဒီလိုပဲ ဖြစ်နေမှာပဲ။ အဲဒီတော့ကာ အင်မတန်ကို ကျွန်တော်တို့     တစ်ခါတည်း ကျွန်တော်တို့ တိုင်းပြည်မှာရှိတဲ့လူတွေ စည်းစည်း ရုံးရုံးနဲ့ရှိပါမှ  (. . . .) သဘောမျိုး၊ နိုင်ငံမျိုးမဖြစ်ပဲနေမှာ။ ’’ ဟူ၍ ခပ်ကြမ်းကြမ်း ပြောကြားခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်း စကားမှာလည်း  ပြည်သူလူထုအတွင်း ယနေ့ထက်တိုင် စွဲထင် လျက်ရှိသည်။
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို          ခိုင်ခိုင်မာမာ တည်ဆောက်ပြီး  လွတ်လပ်ရေးကိုရယူကာ   မြန်မာနိုင်ငံကို ပြည်ထောင်စုနိုင်ငံအဖြစ် တည်ထောင်၍ ကမ္ဘာနှင့်ရင်ပေါင်တန်း နိုင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်လာစေရန် နှစ်ပေါင်း ၇၀ ကျော် ကြိုးပမ်းအားထုတ်မှုများမှာမူ မျှော်မှန်းသလောက် ခရီးမပေါက် နိုင်သေး။ ပစ္စက္ခကာလတွင် မိမိတို့နိုင်ငံမှာ သာမန်အခြေအနေ မဟုတ်သော အရေးပေါ်ကာလတွင် ကျရောက်နေပြီး နိုင်ငံရေး ခရီးကြမ်းတစ်ခုကို ဖြတ်သန်းနေရသည်။ ပြည်တွင်း၌ အကြမ်း ဖက်အဖျက်သမားတို့က မီးကုန်ယမ်းကုန် သောင်းကျန်းဖျက်ဆီး နေကြသကဲ့သို့ ပြည်ပမှလည်း အကြမ်းဖက်အားပေး၊ မီးလောင်ရာ လေပင့် ဝိုင်းကူဖျက်ဆီးနေကြသည်။ နိုင်ငံသူ နိုင်ငံသားတို့၏ နေ့စဉ်လူမှုစီးပွားဘဝများ အခက်အခဲဖြစ်ပေါ်စေရန်အတွက်ပင် နည်းလမ်းပေါင်းစုံဖြင့် အနှောင့်အယှက်၊ အဟန့်အတား ပြုလုပ် ကြရာတွင် ပြည်ပအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့်အတူ ပြည်ပ ရောက် မိမိတို့လူမျိုးများလည်း ပါဝင်နေသည်။


လက်ရှိ    မိမိတို့ရင်ဆိုင်ကြုံတွေ့နေရသည့်     အကြမ်းဖက် တိုက်ခိုက်ဖျက်ဆီးမှုများမှာ နိုင်ငံပြိုကွဲပျက်စီးသွားစေနိုင်သည် အထိ အန္တရာယ်ကြီးသည်။ လတ်တလောတွင်  လူနေမြို့ပြများပေါ် အထိ တိုက်ပွဲများဖော်ဆောင်လာပြီး အေးချမ်းစွာနေထိုင်လျက် ရှိသည့် ဒေသခံတိုင်းရင်းသားပြည်သူများကို စစ်ဘေးအန္တရာယ် အမျိုးမျိုး ကျရောက်စေခြင်း၊ လက်နက်အားကိုး အနိုင်ကျင့်ခြင်း၊  လူမျိုးရေးအခြေခံ ခွဲခြားဆက်ဆံခြင်းတို့အပေါ် ပြည်သူလူထု တစ်ရပ်လုံးက ရွံရှာစက်ဆုပ်မုန်းတီးလျက်ရှိနေကြပြီဖြစ်သည်။ နိုင်ငံနှင့်လူမျိုး ပျက်စီးရာ ပျက်စီးကြောင်းသက်သက် လက်နက် ကိုင်အကြမ်းဖက်မှုများကို  အမြစ်ပြတ်  သုတ်သင်ရှင်းလင်းရန် လည်း  တောင်းဆိုနေကြပြီဖြစ်သည်။ ဤသည်မှာသောင်းကျန်းသူ အဖျက်သမားတို့၏ ဟန်ဆောင်မျက်နှာဖုံးကွာကျပြီး စရိုက်အမှန်၊ သရုပ်မှန်တို့   ထင်ရှားစွာပေါ်ထွက်လာသည်နှင့်အမျှ   ပြည်သူ လူထုက ဆန့်ကျင်လာခြင်းပင်ဖြစ်သည်။


‘‘ယခုခေတ်မယ် ဘယ်ဟာပဲဖြစ်ဖြစ်၊ ပြန်လည်ထူထောင် ရေးလုပ်ငန်းမှာပဲဖြစ်ဖြစ်၊ ကာကွယ်ရေးလုပ်ငန်းမှာပဲဖြစ်ဖြစ်၊ လုပ်တဲ့အခါမယ် တိုင်းပြည်လူထုနှင့်ယှဉ်၍ ကိုယ်ထိလက်ရောက် ပါဝင်ကူညီဖို့သဘောတရား တစ်နေ့တခြား ပိုမိုထင်ရှားလာတယ်။’’ ဟူ၍ လွန်ခဲ့သော နှစ်ပေါင်း ၇၀ ကျော်က ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ကြားချက်မှာ လက်ရှိနိုင်ငံ၏ အခြေအနေတွင်လည်း အံဝင်ခွင်ကျ ရှိနေသည်။ နိုင်ငံတစ်ဝန်း အေးချမ်းသာယာရေး၊ နိုင်ငံသူ နိုင်ငံ သားအားလုံး တည်ငြိမ်အေးချမ်းစွာ နေထိုင်နိုင်ရေး၊ နိုင်ငံ အတွင်း ပျက်စီးယိုယွင်းမှုများ  ပြန်လည်ထူထောင်ရေးနှင့်  နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးတွင် ပြည်သူလူထုတစ်ရပ်လုံးက စိတ်ရောကိုယ်ပါ အင်တိုက်အားတိုက် ပါဝင်ကူညီကြရပါမည့်အကြောင်း။        ။