လှူကထိန် ခင်းသည့်ချိန်ခါ
မိုးလတို့ကုန်ဆုံး၍ ခြေခင်းလက်ခင်းသာသည့် ဤရာသီတွင် နိုင်ငံတစ်ဝန်း၌ ကထိန်ပွဲကို ခင်းကျင်းကြသည်။ အတိအကျအားဖြင့် ဆိုလျှင် သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့မှ တန်ဆောင်မုန်း လပြည့်နေ့အထိသည် ကထိန်ပွဲရာသီဖြစ်ပြီး ချိန်ခါရာသီမရွေး ကျင်းပချင်တိုင်း ကျင်းပ၍မရသောပွဲလည်းဖြစ်သည်။ ကထိန်ပွဲ ကျင်းပခြင်း၏ မူလအစသည် မြတ်ဗုဒ္ဓဘုရားရှင် သက်တော် ထင်ရှားရှိစဉ်ကပင် စတင်ခဲ့ခြင်းဖြစ်ပြီး မြတ်စွာဘုရားသက်တော် ၇၂ နှစ်၊ ဝါတော် ၃၇ ဝါ နောက်ပိုင်း သာဝတ္ထိပြည် ဇေတဝန်ကျောင်း ၌ သီတင်းသုံးတော်မူစဉ် ကထိန်ကို ခွင့်ပြုတော်မူခဲ့ခြင်းဖြစ်သည်။