ရန်ကုန်တက္ကသိုလ်ကစခဲ့သော သစ်တောပညာရပ်ဖွံ့ဖြိုးမှုအဆင့်ဆင့်
=====================================
ပါမောက္ခ ဒေါက်တာစန်းဝင်း
=============
ဘာသာစကားများသည် ရပ်တန့်နေသည်ဟူ၍မရှိဘဲ အစဉ်အမြဲအလိုက် ပြောင်းလဲနေကြသည်။ စကားလုံး အသစ်များလည်း ခေတ်အခြေအနေအပေါ် မူတည်ကာ ထွက်ပေါ်လာလေ့ရှိကြသည်။ ဥပမာ အင်္ဂလိပ်ဘာသာ စကားတွင် British Exit from European Union ဥရောပသမဂ္ဂမှ ဗြိတိသျှတို့ နုတ်ထွက်ခြင်းဟူသော အဓိပ္ပာယ်ဆောင်သည့် British Exit ကို Brexit ဟူ၍ ခေါ်ဆိုနေပါသည်။ ယင်းဝေါဟာရမှာ ခရစ်နှစ် ၂၀၁၀ မှ ၂၀၂၀ ကြားတွင် ပေါ်လာခဲ့သော စကားလုံး ဖြစ်သည်။ မြန်မာဘာသာတွင်လည်း အလားတူပင် အရေးအသား အခေါ်အဝေါ် ပြောင်းလဲခြင်းများစွာရှိခဲ့၊ ရှိနေဆဲ ဖြစ်ပါ သည်။ ကျွန်တော်တို့ငယ်စဉ်က “ဆရာ” ဟူသော ဝေါဟာရ ကို ရှေးကျသော ဆေးကျမ်းများ၊ အချို့သောလုပ်ငန်း (ဥပမာ ပန်းရန်၊ ပန်းပဲ)များတွင် “ဆြာ” ဟု ရေးသားခဲ့ကြ သည်။ ဘာသာစကားများသည်လည်း အမြဲရှင်သန် ပြောင်းလဲနေကြသည်ဆိုသောအချက်ကို တင်ပြနေခြင်း ဖြစ်ပါသည်။
ထိုနည်းတူစွာ ပညာရပ်များသည်လည်း ရပ်တန့်နေသည်မဟုတ်၊ ပြောင်းလဲလျက် ရှိကြသည်။ အထူးသဖြင့် ၁၉ ရာစု၊ ၂၀ ရာစုနှင့် ၂၁ ရာစုတို့တွင် စက်မှု ပညာ၊ ဆက်သွယ်ရေးပညာ၊ သတင်းအချက်အလက် နည်းပညာတို့မှာ အလွန်မြန်သော အရှိန်အဟုန်ဖြင့် ပြောင်းလဲလျက်ရှိကြသည်။
သစ်တောပညာသည်လည်း မပြောင်းလဲဘဲ ကျန်နေ ခဲ့သည်မဟုတ်ပါ။ အထူးသဖြင့် သစ်တောပညာရပ်သည် သဘာဝပတ်ဝန်းကျင် ကောင်းမွန်ရေးအတွက် အရေး ပါသော ပညာရပ်အဖြစ်သို့ ဦးတည်ပြောင်းလဲလျက် ရှိသည်။ ရှေးယခင်က သစ်တောများကို အနားယူ အပန်းဖြေရန်နေရာအတွက်လောက်သာ သုံးခဲ့ကြသည်။
တောကစား၊ အမဲလိုက်၊ အပန်းဖြေရန်အတွက်သာ
Forest ဟူသော စကားလုံးသည်မှာပင်လျှင် လက်တင်ဘာသာ “Foris” မှ ဆင်းသက်လာပြီး လက်တင် ကာလနှောင်းပိုင်းတွင် “Forests Silva” အဓိပ္ပာယ်မှာ “wood outside” နှင့် နောက်ပိုင်းကာလများတွင် Forests ဟူသောအဓိပ္ပာယ်မှာ “wooded area kept for hunting” ဟု အဓိပ္ပာယ်ဖွင့်ဆိုခဲ့ကြသည်။ ဆိုလိုသည်မှာ အစဦး ကာလများတွင် သစ်တောဆိုသည်မှာ တောကစား၊ အမဲလိုက်၊ အပန်းဖြေရန်အတွက်သာ ဖြစ်ခဲ့သည်။
၁၉ ရာစုတွင် သစ်တောများကို စီးပွားရေးအတွက် ပိုမိုအာရုံစိုက်လာကြပြီး စီးပွားရေးအကျိုးအမြတ်အတွက် သစ်တောစိုက်ခင်းများ ထူထောင်လာကြကာ သစ်တော ဘောဂဗေဒ (Forest Economics) ဘာသာရပ်လည်း ဖြစ်ပေါ်လာခဲ့သည်။
ပြောင်းလဲမှုလမ်းစဉ်တွင်ပါဝင်
၂၀ ရာစု နှောင်းပိုင်းနှင့် ယခုရာစုများတွင် သစ်တော များကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးကောင်းမွန်အောင်နှင့် သဘာဝဂေဟစနစ်ကို မျှခြေ (Balance) တွင် တည်ရှိ စေရေးတို့အတွက် အရေးပါသောပစ္စည်းအဖြစ် လက်ခံကာ လေ့လာခဲ့ကြသည်။ သစ်တောများက ကာဗွန်စုပ်ယူမှု (Carbon sequestration)၊ သစ်တောများက ဇီဝမျိုးစုံ မျိုးကွဲထိန်းသိမ်းရေးတွင် အရေးပါမှု၊ သစ်တောများရှိမှ ရေချိုရရှိနိုင်မှုတို့ကို အသိအမှတ်ပြုလာကြကာ သစ်တော အုပ်ချုပ်မှုစနစ်ကိုပင် Sustainable Forest Management (Sustainability Concept) မှ (Eco-system based Forest Management Concept) သို့ ကူးပြောင်းလာခဲ့သည်။ ဤသည်တို့မှာ သစ်တောပညာရပ်သည်လည်း ပြောင်းလဲမှု လမ်းစဉ်တွင် ပါဝင်လျက်ရှိသည်ကို ထောက်ပြနေပေသည်။
မြန်မာနိုင်ငံတွင် သစ်တောပညာရပ်ဖွံ့ဖြိုးလာမှုနှင့် ပတ်သက်ပြီး တင်ပြရသော် သိပ္ပံနည်းကျသစ်တောအုပ်ချုပ်မှု ကို ၁၈၅၆ ခုနှစ်က စတင်ခဲ့သည်။ “သစ်တော” ဟူသော စကားလုံးမှာ ထိုစဉ်က သစ်မျိုးအားလုံးကို ကိုယ်စားပြု ခြင်းထက် “ကျွန်းပင် (Teak)” ကိုသာ ကိုယ်စားပြုခဲ့ဟန် ရှိပါသည်။ အကြောင်းမှာ ကျွန်းသစ်သည် ရေကြောင်း သွားလာရေးအတွက်တည်ဆောက်ရန်၊ သင်္ဘောများ ပြုလုပ်ရန်အတွက် အဓိကအရေးပါသော “သစ်” ဖြစ်နေ ခဲ့ခြင်းကြောင့် သစ်တောအုပ်ချုပ်မှု၏ အသက်ဖြစ်သော “နှစ်စဉ်တောထွက်”ကို စဉ်းစားသောအခါ ကျွန်းသစ်မျိုး ကိုသာ အဓိကထား စဉ်းစားတွက်ချက်ခဲ့သည့်အတွက် ဖြစ်သည်။
နှစ်ပေါင်း ၁၂၀ ကျော်ကြာမြင့်ခဲ့
မြန်မာနိုင်ငံတွင် သစ်တောပညာရပ်ကို သင်တန်း ကျောင်းအဆင့်အနေဖြင့် ဖွင့်လှစ်သင်ကြားခဲ့ခြင်းကို ၁၈၉၈ ခုနှစ်တွင် ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့တွင် စတင်ခဲ့သည်ဟု မှတ်တမ်းများအရ သိရှိရသည်။ ခေတ်အဆက်ဆက်တွင် သစ်တောကျောင်းများမှာ သာယာ ဝတီမှတစ်ဆင့် အင်းစိန်မြို့၊ ပျဉ်းမနားမြို့နှင့် ယခုအခါ ပြင်ဦးလွင်မြို့တို့တွင် ဆက်လက် တည်တံ့လျက်ရှိပါသည်။ ထို့ကြောင့် သစ်တောသင်တန်းကျောင်း (Forestry Technological Vocational Training School) အဖြစ် တည်ရှိခဲ့သည်မှာ နှစ်ပေါင်း ၁၂၂ နှစ်ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
တက္ကသိုလ်အဆင့် သစ်တောပညာ
တက္ကသိုလ်အဆင့်သစ်တောပညာကိုမူ ရန်ကုန် တက္ကသိုလ် စတင်တည်ထောင်ခဲ့သည့် ၁၉၂၀ ပြည့်နှစ် နောက် သုံးနှစ်အကြာတွင် စတင်သင်ကြားခဲ့ခြင်း ဖြစ်သည်။ မှတ်တမ်းများအရ ရန်ကုန်တက္ကသိုလ်တွင် အင်္ဂလိပ်စာ၊ သင်္ချာ၊ သတ္တဗေဒ၊ ရာဇဝင်၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ၊ အရှေ့တိုင်းဘာသာရပ်များနှင့် ဥပဒေ ပညာရပ်တို့ကို ၁၉၂၁ ခုနှစ်တွင် စတင်ဖွင့်လှစ်သင်ကြား ပေးခဲ့သည်။ ထို့နောက် သုံးနှစ်အကြာတွင် အင်ဂျင်နီယာ၊ သစ်တောပညာ၊ ဘူမိဗေဒ၊ ပထဝီဝင်၊ ဘောဂဗေဒ၊ ပညာရေးနှင့် ဆေးပညာဘာသာရပ်များကို တိုးချဲ့ သင်ကြားပေးခဲ့ပါသည်။ စတင်သင်ကြားခဲ့စဉ်က သစ်တော ပါမောက္ခကို တိကျစွာ မသိရသေးသော်လည်း ၁၉၃၀ ပြည့်နှစ် ရန်ကုန်တက္ကသိုလ်၌ သစ်တောပညာပါမောက္ခ တာဝန် ထမ်းဆောင်နေသောပုဂ္ဂိုလ်မှာ အာရ်အေကော့ ကရိန်း (R.A. Cochrane) ဖြစ်ကြောင်း သိရှိရပါသည်။
m စာမျက်နှာ ၈ မှ
ရန်ကုန်တက္ကသိုလ် ကျောင်းသား ကျောင်းသူ အဖြစ် ဝင်ခွင့်ရပြီး စာသင်ကြားရန်အတွက် လိုအပ်ချက် မှာ တက္ကသိုလ်ဝင်စာမေးပွဲကို (က) စာရင်းမှ အောင်မြင်သူ ဖြစ်ရမည့်အပြင် အကြိုသင်တန်း(ဥပစာတန်း)တွင်လည်း နှစ်နှစ်ခန့်တက်ရန် လိုအပ်ခဲ့သည်။ သစ်တောပညာ သင်တန်း တက်ရောက်ရန် ဥပစာသိပ္ပံသင်တန်း အောင်မြင်သူ ကျောင်းသားများက ရွေးချယ်ရေးအဖွဲ့ထံ လျှောက်ထားရပြီး ရွေးချယ်ခြင်းခံရသော ကျောင်းသား များသာ ဤသင်တန်းကို တက်ရောက်ခွင့်ရကြောင်း သိရပါသည်။
သိပ္ပံ(သစ်တော) ဘွဲ့ရရှိသူများအဖြစ် မှတ်တမ်းတင်နိုင်
အထက်ဖော်ပြပါအတိုင်း သစ်တောပညာရပ် အတွက် အစပိုင်းတွင် ဥပစာတန်း အောင်မြင်ပြီး နှစ်နှစ်ခန့် သစ်တောပညာသင်တန်းတက်ပြီးသောအခါ သိပ္ပံ (သစ်တော) ဘွဲ့ကို ချီးမြှင့်မည်ဖြစ်ကြောင်း သတ်မှတ် ခဲ့သော်လည်း နှစ်နှစ်ခန့်အကြာ ၁၉၂၅ ခုနှစ်တွင် သင်တန်း ကာလ သုံးနှစ်သို့ တိုးမြှင့်လိုက်ကြောင်း သိရပါသည်။ တက္ကသိုလ်ဝင်တန်း အောင်မြင်သူတစ်ဦးသည် ငါးနှစ်ကြာ သင်တန်းတက်ပြီးမှသာ သိပ္ပံ(သစ်တော) ဘွဲ့ကို ရရှိနိုင်ခဲ့သည်ဖြစ်ပါသည်။ အဆိုပါ ၁၉၂၃ ခုနှစ်မှ စတင်ပြီး တက်ရောက်ခဲ့သော သိပ္ပံ (သစ်တော)ဘွဲ့ ရရှိသူများမှာ ၁၉၂၅ ခုနှစ်တွင် ခြောက်ဦး၊ ၁၉၂၆ ခုနှစ်တွင် ခြောက်ဦး ရှိခဲ့ပြီး ၁၉၂၇ ခုနှစ်တွင် သင်တန်းဆင်းသူ မရှိခဲ့ပါ။ ထို့နောက် ၁၉၂၈ ခုနှစ်တွင် ငါးဦး၊ ၁၉၂၉ ခုနှစ်တွင် လေးဦး၊ ၁၉၃၀ ပြည့်နှစ်တွင် လေးဦး၊ ၁၉၃၁ ခုနှစ်တွင် လေးဦး၊ ၁၉၃၂ ခုနှစ်တွင် ငါးဦး၊ ၁၉၃၃ ခုနှစ်တွင် လေးဦး၊ ၁၉၃၄ ခုနှစ်တွင် လေးဦး စုစုပေါင်း သိပ္ပံ(သစ်တော)ဘွဲ့ ရရှိခဲ့သူ ၄၂ ဦး ရှိပါသည်။ အဆိုပါပုဂ္ဂိုလ်များမှာ ဒုတိယ ကမ္ဘာစစ်မတိုင်မီ သိပ္ပံ(သစ်တော) ဘွဲ့ရရှိသူများအဖြစ် မှတ်တမ်းတင်နိုင်ပါသည်။
ထို့နောက် စစ်ကြိုကာလ ၁၉၃၅ ခုနှစ်မှ စစ်ပြီး ကာလအထိနှင့် လွတ်လပ်ရေးရပြီးခါစ နှစ်အနည်းငယ် အကြာဖြစ်သော ၁၉၅၀ ပြည့်နှစ်အထိ သစ်တောပညာ သင်တန်းကို ၁၅ နှစ်ခန့် ပိတ်ထားခဲ့ရကြောင်း သိရှိ ရပါသည်။
ရန်ကုန်တက္ကသိုလ်မှ သိပ္ပံဂုဏ်ထူးဘွဲ့ကို ဓာတုဗေဒ၊ ရူပဗေဒ စသည့် ဘာသာရပ်တွဲတွင် အောင်မြင်သူများအား နိုင်ငံခြားပညာတော်သင်အဖွဲ့က စိစစ်ရွေးချယ်ပြီး ဗြိတိန်နိုင်ငံ အောက်(စ်)ဖို့တက္ကသိုလ်၊ အီဒင်ဘာရာ တက္ကသိုလ်တို့သို့ သိပ္ပံ(သစ်တော)ဘွဲ့များ ရရှိရန် စေလွှတ်ခဲ့ကြောင်းလည်း တွေ့ရပါသည်။ အချို့ဘွဲ့ရသူ များကို အိန္ဒိယနိုင်ငံ ဒါရဒွန်းမြို့ရှိ သစ်တောကောလိပ်သို့ ပညာသင်အဖွဲ့က ရွေးချယ်စေလွှတ်ခဲ့ကြောင်းလည်း သိရပါသည်။
လွတ်လပ်ရေးရပြီးနောက် ၁၉၅၀ ပြည့်နှစ်၌ သစ်တောပညာသင်တန်းကို ရန်ကုန်တက္ကသိုလ်တွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။ ထိုသင်တန်းတက်ရန်အတွက် လိုအပ်ချက်များမှာ ဥပစာသင်တန်းအောင်မြင်သူ၊ လူတွေ့ စစ်ဆေးခြင်းအောင်မြင်သူ၊ ကျန်းမာကြံ့ခိုင်မှုအတွက် ၂၅မိုင် (ရန်ကုန်တက္ကသိုလ်ပြည်သူ့ဆေးရုံကြီး ပြင်ပလူနာ ဌာနရှေ့မှ မင်္ဂလာဒုံရှိ အောင်ဆန်းသူရိယလှသောင်း ကျောင်းအထိ အသွား/ အပြန်) လမ်းလျှောက်စေပြီး ဆေးစစ်ဆေးအောင်မြင်သူများသာ သင်တန်းတက်ရောက် ရန် ဝန်ထမ်းရွေးချယ်ရေးဘုတ်အဖွဲ့က သတင်းစာမှတစ်ဆင့် ကြော်ငြာထည့်၍ ခေါ်ယူစိစစ် ရွေးချယ်ပေးပါသည်။
လွတ်လပ်ရေးရပြီးနောက် သစ်တောပညာကို တာဝန်ယူပြီး စာတွေ့လက်တွေ့ သင်ကြားပေးခဲ့သော ပုဂ္ဂိုလ်များမှာ ဦးအောင်ဒင် (MA-Oxon) နှင့် မစ္စတာ အေလောင်း၊ ထို့နောက် Mr.C.W.D.Kermode က သစ်တော ပညာ ပါမောက္ခ/ဌာနမှူး (Head of Forest Department-Professor)အဖြစ် တာဝန်ယူသင်ကြားခဲ့ကြောင်း သိရှိ ရပါသည်။
လွတ်လပ်ရေးရပြီးနောက် ပထမဆုံးအသုတ်အနေဖြင့် သိပ္ပံ(သစ်တော)ဘွဲ့ရရှိခဲ့သူ ၁၄ ဦး ရှိခဲ့ပါသည်။ ထို့နောက် သစ်တောပညာ သင်တန်းဆက်လက်ဖွင့်လှစ်ခဲ့ရာ နီပေါ နိုင်ငံ၊ အိမ်နီးချင်း ထိုင်းနိုင်ငံတို့မှ သင်တန်းသားများ လာရောက်သင်ကြားခဲ့ကြကြောင်း သိရှိရပါသည်။ ၁၉၅၄ ခုနှစ်မှ ၁၉၆၄ ခုနှစ်အထိ သိပ္ပံ(သစ်တော) ဘွဲ့ရသူများမှာ စုစုပေါင်း ၁၃၆ ဦး ဖြစ်ပါသည်။
သီးခြားဌာနအဖြစ် ပြောင်းလဲဖွင့်လှစ်ခဲ့
၁၉၅၀ ပြည့်နှစ်တွင် ပြန်လည်ဖွင့်လှစ်ခဲ့သော သစ်တောပညာဌာနသည် ရန်ကုန်တက္ကသိုလ်ကြီး၏ သိပ္ပံ မဟာဌာန (Faculty of Science) အောက်တွင်ရှိခဲ့ပြီး ၁၉၅၈ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် သစ်တောပညာမဟာဌာန (Faculty of Forestry) အဖြစ် သီးခြားဌာနအဖြစ် ပြောင်းလဲ ဖွင့်လှစ်ခဲ့ပါသည်။
သစ်တောကျောင်းသားများအနေဖြင့် သစ်တော ပညာရပ်မှလွဲ၍ ကျန်အထောက်အကူပြုဘာသာရပ်များ (ဘူမိဗေဒ၊ ရုက္ခဗေဒ၊ သတ္တဗေဒ၊ စီးပွားရေးပညာ စသည်)တို့ကို ရန်ကုန်တက္ကသိုလ်ရှိ အခြားသက်ဆိုင်ရာဌာနများသို့ သွားရောက်သင်ယူကြရပါသည်။ မန္တလေးတက္ကသိုလ်တွင် ရှိသော စိုက်ပျိုးရေးမဟာဌာန(Faculty of Agriculture) သို့သွားရောက်ပြီးလည်း မြေဆီလွှာသိပ္ပံ (Soil Science) ကို တစ်လကြာ သွားရောက်သင်ကြားခဲ့ရပါသည်။
ထိုခေတ်က သိပ္ပံ(သစ်တော)ဘွဲ့ ရရန်အတွက် တက္ကသိုလ်နောက်ဆုံးနှစ် ကျောင်းသားများသည် အိန္ဒိယ နိုင်ငံ သစ်တောဌာနနှင့် ဒါရဒွန်းသစ်တောသုတေသန ဌာနများသို့ သွားရောက်၍ စာတွေ့လက်တွေ့ လေ့လာခဲ့ရ ပါသည်။ သို့သော်လည်း ၁၉၆၆ ခုနှစ်တွင် အဆိုပါ ပြည်ပသို့ သွားရောက်လေ့လာရေး ရပ်နားသွားခဲ့ပါသည်။
နှစ်စဉ် ၅၀ ခန့် လက်ခံသင်ကြားရန် စီစဉ်
၁၉၆၇ ခုနှစ်တွင် သိပ္ပံ(သစ်တော) ဘွဲ့ရရန် ကျောင်းတက်နှစ် ငါးနှစ်အစား ခြောက်နှစ်သို့ တစ်နှစ်တိုးမြှင့် သတ်မှတ်ခဲ့၍ ၁၉၆၆ ခုနှစ်တွင် ဘွဲ့ရမည့်ကျောင်းသားများမှာ တစ်နှစ်နောက်ကျပြီး ၁၉၆၇ ခုနှစ်မှ သစ်တောဘွဲ့ ရရှိသွားခဲ့ ရပါသည်။ ထို့ကြောင့် ၁၉၆၆ ခုနှစ်တွင် သိပ္ပံ (သစ်တော) ဘွဲ့ရရှိသူမရှိခဲ့ပါ။ ယခင်ခေတ်က သစ်တောဌာနနှင့် နိုင်ငံတော်သစ်လုပ်ငန်းဘုတ်အဖွဲ့(State Timber Board) တို့က လိုအပ်သော သစ်တောအရာရှိ အရေအတွက်လောက် ကိုသာ ခေါ်ယူလေ့ကျင့်ပေးခဲ့သောစနစ်သည်လည်း ၁၉၆၇ ခုနှစ်မှစတင်ပြီး ရပ်ဆိုင်းသွားခဲ့သည်။ ယင်းအပြင် ကျောင်းသားဦးရေကိုလည်း နှစ်စဉ် ၅၀ ခန့် လက်ခံ သင်ကြားရန် စီစဉ်ခဲ့ကြပါသည်။
သစ်တောကျောင်းသား ၅၀ ခန့်ကို နှစ်စဉ် လက်ခံ သင်ကြားပေးရသဖြင့် သစ်တောကျောင်းသားများ သီးသန့် နေထိုင်သင်ကြားနိုင်ရန်အတွက် ရန်ကုန်တက္ကသိုလ်ရှိ ဗဟိုကျောင်းဆောင် ငါးဆောင်အနက် သထုံဆောင်ကို သစ်တောကျောင်းသားများအတွက် သီးသန့်အဆောင် အဖြစ် သတ်မှတ်ခဲ့ကြောင်း သိရှိရပါသည်။
စနစ်သစ်တက္ကသိုလ်တွင် ယခင်စနစ်ဟောင်းကဲ့သို့ ဘာသာတွဲစနစ် (Combination System)ဖြင့် သင်ကြား ခြင်းမဟုတ်တော့ဘဲ အဓိကဘာသာစနစ် (Majoring System) ကို စတင်ကျင့်သုံးသင်ကြားခြင်း ဖြစ်ပါသည်။ ရန်ကုန် ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်တွင် စနစ်သစ်အရ ဝိဇ္ဇာ ဘာသာရပ် ကိုးမျိုးနှင့် သိပ္ပံဘာသာရပ် ခုနစ်မျိုးတို့ကို သင်ကြားပို့ချခဲ့ပါသည်။ ဝိဇ္ဇာဘာသာရပ် ကိုးမျိုးမှာ ပါဠိ၊ ဥပဒေ၊ ပထဝီ၊ ဒဿနိကဗေဒ၊ အင်္ဂလိပ်စာ၊ မြန်မာစာ၊ သမိုင်း၊ စိတ်ပညာနှင့် မနုဿဗေဒတို့ ဖြစ်ပါသည်။ သိပ္ပံဘာသာရပ် ခုနစ်မျိုးမှာ သင်္ချာ၊ သတ္တဗေဒ၊ ရုက္ခဗေဒ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ သစ်တောနှင့် ဘူမိဗေဒတို့ ဖြစ်ပါသည်။
ဤစာတမ်းပြုစုရာ၌ စာပေနယ်တွင် နှံ့စပ်ရုံမျှမက သစ်တောလုပ်ငန်းများကိုလည်း ကောင်းစွာအတွေ့အကြုံ ရှိသော သစ်တောဘွဲ့ရမင်းကြီး(ငြိမ်း) ဦးဟုတ်လင်း အားလည်း ဆက်သွယ်မေးမြန်းရာ သစ်တောကျောင်းသား များသည် တစ်နှစ်တွင် တောတွင်းလက်တွေ့ နှစ်လ ဆင်းရကြောင်း၊ နောက်ဆုံးနှစ်တွင် စာတမ်း တစ်စောင် တင်သွင်းရပြီး ဘွဲ့ယူရန်အတွက် လူတွေ့၊ နှုတ်ဖြေ ဖြေဆိုရကြောင်း၊ ဥပစာတန်း နှစ်နှစ်တက်ပြီးနောက် တတိယနှစ်သို့ ရောက်သောအခါ ဇီဝဗေဒဘာသာတွဲဖြင့် အောင်မြင်ခဲ့သူဖြစ်ပါက သင်္ချာကို ပြန်သင်ရပြီး သင်္ချာ ဘာသာတွဲဖြင့် အောင်မြင်လာခဲ့ပါက ဇီဝဗေဒကို ပြန်လည် သင်ကြားရသည်ဟု သိရှိရပါသည်။
တတိယနှစ်တွင် Forest Law ၊ Forest Engineering ၊ Geology ၊ Botany ၊ Zoology (Entomology)နှင့် စာရင်းအင်းပညာကို သင်ရပြီး၊ စတုတ္ထနှစ်တွင် Botany (Taxonomy)၊ Forest Management ၊ Forest Utilization ၊ Silviculture တို့ကိုသင်ယူရပါသည်။ နောက်ဆုံးနှစ် (ပဉ္စမနှစ်)တွင် Silviculture ၊ Utilization ၊ Statistics ၊ Botany တို့ သင်ရကြောင်း တွေ့ရပါသည်။ သင်ယူလေ့လာရန်ပြဋ္ဌာန်းခဲ့သော ဘာသာရပ်များကို လေ့လာကြည့်မိသောအခါ Botany ဘာသာရပ်ကို တတိယနှစ်မှ ပဉ္စမနှစ်အထိ သင်ယူခဲ့ရခြင်း ဖြစ်ပါသည်။
Botany ဘာသာရပ်ကို နှစ်စဉ်သင်ကြားပေး
သစ်တောမင်းကြီး (ငြိမ်း) ဦးဟုတ်လင်းကလည်း သစ်တောကျောင်းသားများအား Botany ဘာသာရပ်ကို နှစ်စဉ်သင်ကြားပေးခြင်းသည် အလွန်သင့်လျော်ပြီး အဓိပ္ပာယ်ရှိပါကြောင်း မိန့်ကြားသွားခဲ့ပါသည်။
တော်လှန်ရေးကောင်စီကာလ (၁၉၆၂ မှ ၁၉၇၄ ခုနှစ်အထိ) နှင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကာလ (၁၉၇၅ မှ ၁၉၈၈ ခုနှစ်အထိ) ကာလတွင် သင်ကြားပေး ခဲ့သော ဘာသာရပ်များမှာ ပထမနှစ်မှဒုတိယနှစ်အထိ Political Science ၊ English ၊ Burmese ၊ Botany ၊ Mathematics ၊ Physics ၊ Chemistry နှင့် Zoology ၊ တတိယ နှစ်မှ စတုတ္ထနှစ်အတွင်း Dendrology ၊ Entomology ၊ Geology ၊ Soil Science and Forest Ecology ၊ Foundation of Silviculture and Forest Meteorology ၊ Forest Protection and Fire Protection ၊ Mycology and Pathology ၊ ပဉ္စမနှစ်မှဆဋ္ဌမနှစ်တို့တွင် Forest Genetics & Tree Breeding ၊ Forest Policy & Law ၊ Plantation Silviculture and Nursery Practice ၊ Survey and Drawing ၊ Forest Engineering & Forest Machines ၊ Statistics and Biometrics ၊ Mensuration ၊ Forest Inventory ၊ Data Processing & Aerial Photo interpretation ၊ Silvicultural Systems ၊ Management I ၊ Wildlife & National Part Management & Soil Conservation & Watershed Management ၊ Timber Harvesting ၊ Minor Forest Produce Utilization and Bee Keeping နှင့် Wood Technology Tropical Silviculture ၊ Management Planning ၊ Forest Economics ၊ Plantation ၊ Economics and Econometrics ၊ Marketing and Saw Milling ၊ Pulp & Paper Technology ၊ Plywood & Veneer Technology and Utilization of Sawdust ၊ Waste wood၊ Shaving & Chips and Glue Technology Timber Utilization ၊ Seasoning and Preservation ၊ Wood Technology II တို့ ဖြစ်ပါသည်။
b စာမျက်နှာ ၉ မှ
ထူးခြားချက်မှာ ထိုခေတ်က (၁၉၇၆ နောက်ပိုင်း) Political Science ကို နှစ်စဉ်သင်ယူခဲ့ရပါသည်။ ကျောင်းသားတစ်ဦးသည် အဆိုပါဘာသာ ကျရှုံးပါက စာမေးပွဲ ကျရှုံးရပါသည်။
တတိယနှစ်မှ ဆဋ္ဌမနှစ်အထိ သင်တန်းများ အားလုံးသည် သစ်တောတွင်း လက်တွေ့လုပ်ငန်း နှစ်လ ကွင်းဆင်းဆောင်ရွက်ရပါသည်။
၁၉၇၆ ခုနှစ် ဆယ်တန်းအောင်မြင်ခဲ့သော ကျောင်းသား ကျောင်းသူများမှာ ဒေသကောလိပ်သို့ နှစ်နှစ် တက်ခဲ့ကြရသောစနစ် ပေါ်ပေါက်ခဲ့သည်။ ဒေသ ကောလိပ် နှစ်နှစ်တွင် ရရှိသောအမှတ်နှင့် ဆယ်တန်း အောင်ခဲ့စဉ်က ရရှိခဲ့သောအမှတ်များကို စုပေါင်းကာ ယင်းအမှတ်၏ အနည်း၊ အများအလိုက် ဘာသာတွဲများကို ခွဲခြားသင်ယူစေခဲ့ရပါသည်။ ထို့ကြောင့် ၁၉၇၆ ခုနှစ်မှ ၁၉၈၀ ပြည့်နှစ်အထိ ကျောင်းသား ကျောင်းသူများမှာ ဒေသကောလိပ်ပညာရေးကို ဖြတ်သန်းပြီးမှသာ သက်ဆိုင်ရာ ဘာသာရပ်များကို သင်ယူလေ့လာခဲ့ရ ပါသည်။
ရန်ကုန်မှ ရေဆင်း
၁၉၈၅ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်ရှိ သစ်တော ပညာဌာနကို ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်အောက်သို့ ပြောင်းရွှေ့သွားခဲ့ရသည်။ ၁၉၈၅ ခုနှစ် ဘွဲ့ရကျောင်းသား များသည် ရန်ကုန်တက္ကသိုလ်မှ သိပ္ပံ (သစ်တော) ဘွဲ့ရ သော နောက်ဆုံးကျောင်းသားများ ဖြစ်သွားပါသည်။ သစ်တောပညာကိုလည်း ပါမောက္ခ တစ်ဦး၊ အမြဲတမ်း နည်းပြဆရာ လေးဦးနှင့် အခြားပါမောက္ခမှ လက်ထောက် ကထိကအထိ ရာထူးများကို သစ်တောဦးစီးဌာနနှင့် သစ်လုပ်ငန်းကော်ပိုရေးရှင်း (ယခင် STB, ယခုမြန်မာ့ သစ်လုပ်ငန်း) အရာရှိများက အလှည့်ကျတာဝန်ယူ သင်ကြားပေးသော အချိန်ပိုင်းဆရာများသာ ဖြစ်ပါသည်။
သစ်တောဦးစီးဌာနရှိ FRI(Forest Research Institute) သုတေသီများက သစ်တောပညာ ကျောင်းသားများကို အချိန်ပိုင်း လာရောက်သင်ကြားပေးခဲ့ ကြပါသည်။
သင်တန်းနှစ်ကာလပြောင်းလဲ
၁၉၉၆-၁၉၉၇ ပညာသင်နှစ်မှစတင်၍ သိပ္ပံ (သစ်တော)ဘွဲ့ကို ခြောက်နှစ်မှ ငါးနှစ်သို့ ပြန်လည် ပြောင်းလဲခဲ့ပြီး စာသင်နှစ် (Academic Year) တစ်နှစ်လျှင် စာသင်နှစ်ဝက် (Semester) နှစ်ခုခွဲခြားကာ သင်ကြား၍ စာသင်နှစ်ဝက်အလိုက် စာမေးပွဲ နှစ်ကြိမ် ဖြေဆို ရပါသည်။ ဒုတိယစာသင်နှစ်ဝက် ဖြေဆိုပြီးမှသာလျှင် နှစ်ကြိမ်ဖြေဆိုခဲ့သော ဘာသာရပ်များအတွက် အောင်စာရင်း ထုတ်ပြန်သောစနစ် ဖြစ်ပါသည်။
အမျိုးသမီးသစ်တောကျောင်းသူများ
စတင်လက်ခံသင်ကြားမှု
သစ်တောပညာဘာသာရပ်တွင် ၁၉၂၃ ခုနှစ်မှ ၁၉၉၅ ခုနှစ်အထိ ကျောင်းသားများကိုသာ လက်ခံ သင်ကြားခဲ့သော်လည်း ၁၉၉၅ ခုနှစ် သစ်တောတက္ကသိုလ် ပထမနှစ်မှစတင်၍ ကျောင်းသူဦးရေကို ၂၅ ရာခိုင်နှုန်း လက်ခံသင်ကြားခဲ့သည်။ သို့ဖြစ်၍ ၂၀၀၁ ခုနှစ်တွင် ပထမဦးဆုံး သိပ္ပံ(သစ်တော)ဘွဲ့ရ အမျိုးသမီးများ ပေါ်ထွက်ခဲ့ပါသည်။
၁၉၈၈ ခုနှစ် နောက်ပိုင်းကာလ
ဝင်ခွင့်ပုံစံ ပြောင်းလဲလာမှု
ဤကာလတွင် ဝင်ခွင့်ပုံစံမှာလည်း သစ်တော တက္ကသိုလ်ဝင်ခွင့်အတွက် ယခင်က ၁၀ တန်းအောင်မြင် ပြီးသူများအား အဆင့်မြင့်ပညာဦးစီးဌာနသို့ ဝင်ခွင့် လျှောက်ထားစေပြီး အမှတ်အနည်း၊ အများအလိုက် အဆင့်မြင့်ပညာဦးစီးဌာနက ရွေးချယ်ပေးခဲ့ပါသည်။
သို့သော်လည်း ၂၀၀၆-၂၀၀၇ ပညာသင်နှစ် သစ်တော တက္ကသိုလ် ပထမနှစ် ဝင်ရောက်မည့် ကျောင်းသားများမှ စတင်၍ အဆင့်မြင့်ပညာဦးစီးဌာနသို့ လျှောက်ထားရွေးချယ် စေခြင်း မပြုလုပ်တော့ဘဲ သက်ဆိုင်ရာနှစ်အတွက် ၁၀ တန်း အောင်မြင်သူများအား ၁၀ တန်းအောင်အမှတ် ကန့်သတ်ချက်မရှိဘဲ ဝင်ခွင့်လျှောက်ထားစေပြီး အင်္ဂလိပ် နှင့် ဇီဝဗေဒ နှစ်ဘာသာဖြေဆိုရသော ဝင်ခွင့်စာမေးပွဲ ကျင်းပဖြေဆိုစေကာ အောင်မြင်သူများကို လူတွေ့စစ်ဆေး ခြင်းနှင့် မိုင် ၂၀ လမ်းလျှောက် စွမ်းရည်စစ်ဆေးခြင်း၊ ဆေးစစ်ခြင်းများ ဆက်လက်စစ်ဆေး၍ လက်ခံမည့် ဦးရေ အတိုင်း ဝင်ခွင့်ပြုခဲ့ပါသည်။
အဆိုပါဝင်ခွင့်စနစ်ဖြင့် ၂၀၀၆-၂၀၀၇ ပညာသင်နှစ် တွင် ကျောင်းသား ၁၀၀ အထိ ခေါ်ယူခဲ့ပြီး ၂၀၀၇-၂၀၀၈ ပညာသင်နှစ်နှင့် ၂၀၀၈-၂၀၀၉ ပညာသင်နှစ်များအတွက် ကျောင်းသား ၂၀၀ စီအထိ ခေါ်ယူခဲ့ပါသည်။
ဟိုးယခင်က သစ်တောသင်တန်းသားများ ခေါ်ယူရာ တွင် လုပ်ငန်းလိုအပ်ချက်အလိုက် ခေါ်ယူခဲ့သောစနစ်၊ ထို့နောက် ၁၉၆၇ ခုနှစ်မှစတင်ပြီး တစ်နှစ်ကို ကျောင်းသား ၅၀ အထိ၊ ထို့နောက် တစ်နှစ်ကို ကျောင်းသား ၁၀၀ ခေါ်ယူ ခဲ့သောစနစ် နှင့် ၂၀၀၈-၂၀၀၉ ပညာသင်နှစ်တွင် တစ်နှစ်ကို ကျောင်းသား ၂၀၀ အထိ လက်ခံခေါ်ယူခဲ့မှုဟူ၍ သစ်တော ပညာအတွက် ကျောင်းသား လက်ခံသင်ယူစေခဲ့ပုံအဆင့်ဆင့် ပြောင်းလဲလာမှုကို တွေ့နိုင်ပါသည်။ တက္ကသိုလ်မှာလည်း ထိုစဉ်က သစ်တောရေးရာဝန်ကြီးဌာနအောက်ဖြစ်၍ ဝန်ကြီးဌာနက သတ်မှတ်ပေးသည့် အရေအတွက်အတိုင်း ခေါ်ယူသွားခဲ့ရပါသည်။
၂၀၁၄ ခုနှစ်တွင် သစ်တောတက္ကသိုလ် အာဏာပိုင် ပုဂ္ဂိုလ်များက သစ်တောတက္ကသိုလ်အား သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်အဖြစ် ပြောင်းလဲကာ ပတ်ဝန်းကျင်ဆိုင်ရာ ဘာသာရပ်များကို သင်ကြားပေးရန်နှင့် B.Sc (Environmental Science) ဘွဲ့ပေးရန်ကိုပါ စဉ်းစား ခဲ့ကြသည်။ သစ်တောတက္ကသိုလ်ကို တာဝန်ယူစီမံခန့်ခွဲ နေသော သစ်တောရေးရာဝန်ကြီးဌာနမှာလည်း ၂၀၁၁ ခုနှစ်မှစတင်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တော ရေးရာဝန်ကြီးဌာနဟူ၍ ခေါ်ဝေါ်ပြောင်းလဲခဲ့ပါသည်။ ၂၀၁၆ ခုနှစ်မှစတင်ပြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနဟူ၍လည်း ပြောင်းလဲခဲ့သည်။
တက္ကသိုလ်အမည်ပြောင်းလဲမှု
ဝန်ကြီးဌာန၏ ထောက်ခံမှု၊ အစိုးရအဖွဲ့၏ သဘော တူညီချက်ဖြင့် ၂၀၁၇ ခုနှစ်တွင် သစ်တောတက္ကသိုလ်မှ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် UFES (University of Forestry and Environmental Science) အဖြစ် ပြောင်းလဲခဲ့ပါသည်။ အသစ်ဖြစ်ပေါ်လာသော University of Forestry and Environmental Science တွင် Faculty (မဟာဌာန) နှစ်ခု ပါဝင်သည်။ ယင်းတို့မှာ-
(က) သစ်တောပညာမဟာဌာန (Faculty of Forestry)
(ခ) ပတ်ဝန်းကျင်သိပ္ပံမဟာဌာန (Faculty of Environment) တို့ ဖြစ်ပါသည်။
သစ်တောပညာမဟာဌာနအောက်တွင် ဌာန (Department) သုံးခု ရှိပါသည်။ ယင်းတို့မှာ-
(က) ရေရှည်တည်တံ့စေမည့် သစ်တောနှင့် သစ်တောဂေဟဗေဒမဟာဌာန၊
(ခ) ရေမြေနှင့် ရာသီဥတုပညာဌာနနှင့်
(ဂ) ဇီဝမျိုးစုံမျိုးကွဲနှင့် ဝန်းကျင်သားငှက် ထိန်းသိမ်း မှုပညာဌာနတို့ ဖြစ်သည်။
ထိုနည်းတူစွာ ပတ်ဝန်းကျင်မဟာဌာနအောက်တွင် လည်း ဌာန သုံးခု ရှိပါသည်။ ယင်းတို့မှာ-
(က) ပတ်ဝန်းကျင်ဆိုင်ရာ စီးပွားရေး၊ မူဝါဒနှင့် စီမံ အုပ်ချုပ်မှုပညာဌာန၊
(ခ) သဘာဝသယံဇာတစီမံအုပ်ချုပ်မှု ပညာဌာနနှင့်
(ဂ) ပတ်ဝန်းကျင်ညစ်ညမ်းမှုနှင့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုပညာဌာနတို့ ဖြစ်ပါသည်။
ဘာသာရပ်များ တိုးတက်ပြောင်းလဲလာမှု
ဘာသာရပ်များမှာလည်း ယခင်ဘာသာရပ်များအပြင် RS-GIS ၊ Biodiversity ၊ Climatology ၊ Social Forestry ၊ Forestry Extension ၊ Agroforestry ၊ Wildlife management ၊ Tree improvement ၊ PAS-Protecte Area System ၊ Research Management in Forestry ၊ Ecotourism Practices ၊ Environmental Management တို့ကို တိုးချဲ့သင်ကြားခဲ့သည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဘာသာရပ်များကို ပိုမိုတိုးချဲ့ပြီး အသေးစိတ်သင်ကြား ရန်ကိုလည်း သင်ရိုးလေ့လာပြောင်းလဲသင်ကြားသွားရန် ဖြစ်ပါသည်။
တက္ကသိုလ်တစ်ခုလုံး၏ ဖွဲ့စည်းပုံပါ ဝန်ထမ်းစုစုပေါင်း အရေအတွက်မှာ ၃၀၀ ဖြစ်ပြီး ယခုအချိန်အထိ ဤတက္ကသိုလ် ရှိ ဝန်ထမ်းအရေအတွက် အများဆုံးခွင့်ပြုခြင်း ဖြစ်ပါသည်။ သို့သော်လည်း အမှန်တကယ်ခန့်ထားနိုင်သော ဝန်ထမ်း ဦးရေမှာ ၁၀၀ သာ ရှိပါသည်။
နိဒါန်းပိုင်းတွင် ဖော်ပြခဲ့သည့်အတိုင်း သစ်တော ပညာရပ်မှာလည်း တဖြည်းဖြည်းပြောင်းလဲလာခဲ့ပါသည်။ သိသာထင်ရှားသော ပြောင်းလဲမှုတစ်ခုမှာ မြန်မာနိုင်ငံမှာ သာမက အခြားနိုင်ငံများတွင်လည်း Forestry Education ကို လူငယ်လူရွယ်များ စိတ်ဝင်စားမှုနည်းပါးလာခြင်း ဖြစ်ပါ သည်။ ထို့ကြောင့် ဂျာမနီနိုင်ငံ Eberswald မြို့ရှိ University of Forestry ကို ယခုအခါ Eberswald University for Sustainable Development အဖြစ်သို့ ပြောင်းလဲခဲ့ကြောင်း သိရပါသည်။ ထိုကဲ့သို့ပင် အခြား သစ်တောပညာသင်တက္ကသိုလ်များလည်း University/ Institute of Environmental Science သို့ ပြောင်းလဲ သွားသော တက္ကသိုလ်များလည်းရှိကြောင်း သိရှိရပါသည်။ မြန်မာနိုင်ငံ၌ သစ်တောတက္ကသိုလ်မှ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်အဖြစ် ၂၀၁၇ ခုနှစ်တွင် ပြောင်းလဲပြီး သင်ကြားပေးလျက်ရှိပါသည်။
ပညာရပ်ပိုင်းဆိုင်ရာအနေဖြင့် သစ်တောပညာသည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ပါ ထဲထဲဝင်ဝင်ဆက်စပ် နေသောကြောင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ဂေဟစနစ် ဆိုင်ရာ လေ့လာသော ပညာရပ်ဘက်သို့ တဖြည်းဖြည်း ပြောင်းလဲနေကြောင်း တွေ့ရပါသည်။ ရှိပြီးမူလ သစ်တော ပညာရပ်များသည်ပင်လျှင် ခေတ်ကာလနှင့် ပတ်ဝန်းကျင် ပြောင်းလဲမှုအပေါ် လေ့လာပြီး ထည့်သွင်းသင်ကြားနေရ ပါသည်။ ဥပမာအားဖြင့် ဤပညာစတင်သင်ကြားချိန်က မပါရှိသော Social Forestry သည် ယနေ့ခေတ်ကာလ တွင် Joint Forest Management ၊ Community Forestry ကိစ္စရပ်များအတွက် ထည့်သွင်းသင်ကြားပေးရသည်။
သစ်တောပြုန်းတီးမှုနှုန်း လျော့ပါးသွားစေရန် ဆောင်ရွက်ရာတွင် ဆင်းရဲနွမ်းပါးမှုသည် အခြေခံအကြောင်း ရင်းဖြစ်သောကြောင့် ယင်းအကြောင်းရင်းကို မပြုပြင် နိုင်ဘဲ ထိရောက်စွာ သစ်တောများကို ထိန်းရန်မှာ အလွန် မလွယ်လှပါ။ ယင်းမှာ သစ်တောပညာကို လူမှုရေးပိုင်း ကိုပါ ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း ဖော်ပြနေပါ သည်။ ထို့ကြောင့် ဖော်ပြပါကိစ္စများ ထည့်သွင်းစဉ်းစား ကာ လက်တွေ့ကျသောအမြင်ဖြင့် ပြောရပါမူ သစ်တော ပညာရပ် သင်ကြားရေးတွင် “ပြည်သူလူထုပါဝင်သော သစ်တောပြုစုထိန်းသိမ်းရေး” ကို အလေးပေး သင်ကြား သင့်ကြောင်း တွေ့ရပါသည်။
အနာဂတ်သစ်တောပညာရပ်ကို ပုံဖော်ရာတွင်လည်း သစ်တောဘွဲ့ရများအား တာဝန်ပေးအသုံးပြုမည့် သစ်တောဦးစီးဌာန၊ မြန်မာ့သစ်လုပ်ငန်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည် ရေးဦးစီးဌာနနှင့် NGO ၊ INGO တို့သို့ Need Assessment ပြုလုပ်ကာ နှစ်နှစ်တန်သည်၊ သုံးနှစ်တန်သည် တစ်ကြိမ် ကျစီ သင်ရိုးများအား လေ့လာပြောင်းလဲ ရေးဆွဲသင့် ကြောင်းလည်း သုံးသပ်ရပါသည်။
နိဂုံးချုပ်အနေဖြင့် ရန်ကုန်တက္ကသိုလ်အောက်၌ ရှိခဲ့စဉ်က သစ်တောပညာဌာန၊ သစ်တောတက္ကသိုလ်၊ ယခု လက်ရှိသစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် သည် ၁၉၂၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ B.Sc ၊ MSc (Forestry) ဘွဲ့ရ ၃၀၀၀ ကျော် မွေးထုတ်ပေးခဲ့ပြီး ဖြစ်ပေသည်။ ၂၀၂၃ ခုနှစ်တွင် သစ်တောပညာ နှစ် ၁၀၀ ပြည့်မည်ဖြစ်သောကြောင့် ဤဘာသာရပ်ကို နှစ် ၁၀၀ တိုင်တိုင် မယိမ်းမယိုင်စေဘဲ သင်ကြားပြသ ထိန်းသိမ်း ပေးခဲ့ကြသော ဆရာ ဆရာမများအားလည်းကောင်း၊ သစ်တောဘွဲ့ရ သက်ကြီးဝါကြီးပုဂ္ဂိုလ်များအား လည်းကောင်း၊ လုပ်ဖော်ကိုင်ဖက်များအားလည်းကောင်း အထူးပင်ကျေးဇူးတင်ရှိရုံမျှမက အနှစ် (၁၀၀) ပြည့်ခဲ့ပြီ ဖြစ်သော ရန်ကုန်တက္ကသိုလ်ကြီးတွင် အစပြုခဲ့သည့် သစ်တောပညာသည်လည်း နှစ် ၁၀၀ ပြည့်တော့ မည်ဖြစ်ပေသည်။ ယင်း နှစ် ၁၀၀ ပြည့်ပွဲကြီးကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်စေရန်အတွက် ပါဝင် ကူညီကြပါရန်ကိုလည်း တိုက်တွန်းရပေသည်။ ။
ကျမ်းကိုးများ
၁။ Ministry of Education, Arts and Science university , Yangon, Department of Forestry, Forestry Syllabus, 1980 December ။
၂။ ဦးတင်လှ (သစ်တော) “သိတော့သိတယ်-ရှားတယ်” သစ်တောရေးရာဂျာနယ် (၅)၊ (၁၀)၊ (၁၁)၊ (၁၂) ၂၀၀၈ ခုနှစ်၊ မတ်လ၊ ဧပြီလနှင့် မေလ။
၃။ ဦးဇော်ဝင်း-၇၊ “သစ်တောပညာသင်ကြားခြင်းနှင့် သစ်တောရေးရာ လုပ်ငန်းများအကြောင်း သိကောင်း စရာ”၊ ၂၀၀၉ ခုနှစ်၊ သစ်တောတက္ကသိုလ်။
၄။ ဆရာကြီး ဦးဟုတ်လင်း (ညွှန်ကြားရေးမှူး-ငြိမ်း)၊ သစ်တောဦးစီးဌာနအား တွေ့ဆုံမေးမြန်းခဲ့ခြင်း။
၅။ ပညာရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ ၁၀.၁၀.၂၀၁၇ ရက်စွဲပါ စာအမှတ် - အုပ်ချုပ်မှု(ဖွဲ့စည်းပုံ)/၂၀၁၇ (၁၄၁၇၀)၊ အမိန့်ကြော်ငြာစာအမှတ် (၃၀၆/၂၀၁၇)။
- Log in to post comments