ပြည်ထောင်စုငြိမ်းချမ်းရေးတွင် ပူးပေါင်းပါဝင်

ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးအတွက် အထူးလိုအပ်သည်မှာ ငြိမ်းချမ်းရေး ဖြစ်သည်။ လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်လာသော သဘောထားအမြင်ကွဲပြား မှုများကြောင့် မငြိမ်းချမ်းသောအခြေအနေများမှာ နှစ်ပေါင်း ၇၀ ကျော်ကြာခဲ့ပြီ ဖြစ်သည်။ ရလဒ်မှာ မငြိမ်းချမ်းသောဒေသများတွင် မဖွံ့ဖြိုးသောအကျိုးဆက်များ ရှိလာသည်ကို   အားလုံးသိမြင်နားလည်လာကြပြီဖြစ်သည်။    နိုင်ငံရေး၊    ဝါဒရေး၊ လူမျိုးရေး၊ ဘာသာရေးအယူအဆမတူမျှမှုများနှင့် နယ်မြေဒေသအခြေအနေများအရ တစ်ဦးအပေါ်တစ်ဦး နားလည်မှုဖြင့်ရပ်တည်လျက်ရှိသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့်   ငြိမ်းချမ်းရေးရရှိရေးကို ယခင်အစိုးရအဆက်ဆက်  ဆောင်ရွက်ခဲ့ရာ  NCA  လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရှိသလို လက်မှတ်မထိုးသည့် အဖွဲ့အစည်းများ လည်းရှိရာ ရံဖန်ရံခါ၌ ထိတွေ့မှုအချို့လည်း ရှိနေဆဲဖြစ်သည်။ တပ်မတော်ကတိုင်းရင်းသားပြည်သူများအားလုံး၏  အကျိုးစီးပွားကိုရှေးရှု၍   ငြိမ်းချမ်းရေးကို အလေးထားဦးစားပေးလျက်ရှိသည်။ ထာဝရငြိမ်းချမ်းရေးကို မဖြစ်မနေဆောင်ရွက် ရမည့်လုပ်ငန်းစဉ်အဖြစ် အပြည့်အဝခံယူထားသည်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ချောမွေ့အောင်မြင်စွာဆောင်ရွက် နိုင်ရေးအတွက် စစ်ရေးလှုပ်ရှားမှုများကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်မှ ယနေ့ ထိတိုင် ရပ်ဆိုင်းပေးထားသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် ၎င်းတို့၏နယ်မြေဒေသတွင် သာ ရပ်တည်လျက်ရှိပြီး   ရံဖန်ရံခါတွင်သာ ဖောက်ဖျက်ထိတွေ့မှုများရှိခဲ့သည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးကို ရှေးရှုဆောင်ရွက်နေသော် လည်း ယခုအခါတည်ဆဲဥပဒေများကို  လိုက်နာခြင်းမရှိဘဲ  နိုင်ငံတော်အစိုးရကို လွတ်ရာလွတ်ကြောင်းနေရာမှ ဆန့်ကျင်နေသည့် CRPH(NLD)နှင့် NUG တို့က သွေးထိုးမြှောက်ပင့်ပေးနေသော အကြမ်းဖက်အဖျက်သမားများသည် တိုင်းပြည် တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန် တစိုက်မတ်မတ်လုပ်ဆောင်လျက်ရှိသည်။ ၎င်းတို့သည် စက်တင်ဘာလ ၇ ရက်နေ့က ပြည်သူလူထု၏  လူမှုစီးပွားဘဝနှင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်စီးစေရန် အရေးပေါ်အခြေအနေဟုဆိုကာ အလစ်အငိုက်တိုက်ခိုက်ဖျက်ဆီးမှုများ  ပြုလုပ်ကြသည်။  နိုင်ငံတော်အစိုးရက ၎င်းအကြမ်းဖက်သမားများအား ဥပဒေကြောင်းအရ အရေးယူလျက်ရှိသည်။


အဆိုပါအကြမ်းဖက်သမားအချို့အား  အစောပိုင်းကာလက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့၏နေရာများတွင် စစ်ရေးဆိုင်ရာသင်တန်းများ ပေးခဲ့သည် ဟု သိရသည်။ ယခုအခါ NUG အကြမ်းဖက်အဖွဲ့သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား ၎င်းတို့နှင့်လက်တွဲရန် စည်းရုံးလျက်ရှိပြီး နိုင်ငံတော်အစိုးရကို အတိအလင်းထိပါးစော်ကားလာခြင်း  ပြုလုပ်လာသည့်အတွက်   တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ EAO များအား ၎င်းတို့၏နယ်မြေအတွင်း၌ NUG အကြမ်းဖက် အဖွဲ့များကို လက်ခံထားခြင်းရှိ/မရှိ နိုင်ငံတော်အစိုးရက တရားဝင်မေးမြန်းခဲ့သည်။ EAO အဖွဲ့အများစုက ၎င်းတို့နှင့်သက်ဆိုင်သည့်နယ်မြေများတွင် NUG အကြမ်း ဖက်သမားများ   မရှိကြောင်း  တရားဝင်ပြန်ကြားခဲ့သည်။ ထို့အပြင် EAO အဖွဲ့ အများစုသည် NUG အကြမ်းဖက်အဖွဲ့နှင့် လက်တွဲခြင်းမရှိဘဲ PDF များ တိုင်းပြည် အတွင်း တည်ငြိမ်အေးချမ်းမှုပျက်ပြားအောင် ပြုလုပ်နေသည့် အကြမ်းဖက်လုပ်ရပ် များကို မထောက်ခံကြောင်း အသီးသီးပြောကြားကြသည်။


ယခုအခါ အကြမ်းဖက်အဖျက်သမားများသည်  ပြည်တွင်းရှိ   မြို့ရွာများ၌ ပုန်းခို၍ အလစ်အငိုက် ချောင်းမြောင်းတိုက်ခိုက်ဖျက်ဆီးလျက်ရှိပြီး အုပ်ချုပ်ရေး၊ လုံခြုံရေးနှင့်အလှမ်းဝေးသည့်   ကျေးလက်များတွင်     အဖျက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အကြမ်း ဖက်အဖျက်သမားများ  အပြီးတိုင်ချုပ်ငြိမ်းရေးအတွက်   ရှင်းလင်းဖယ်ရှားလျက် ရှိသည်။ ရပ်ရွာပြည်သူလူထု နေထိုင်ရာဒေသများ   ငြိမ်းချမ်းသာယာဝပြောရေး လုပ်ငန်းများကို အလေးထားလုပ်ဆောင်ပေးလျက်ရှိသည်။ NUG အကြမ်းဖက်အဖွဲ့ မှာ ပြည်ပနိုင်ငံအချို့နှင့်လွတ်မြောက်ရာဒေသမှ  တိုင်းပြည်တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်  လုပ်ဆောင်လျက်ရှိသဖြင့် နိုင်ငံအများစုနှင့်အဖွဲ့အစည်းများ၏ အသိအမှတ်ပြုမှုများ လျော့ကျလာသည်။


တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည်   ၎င်းတို့၏လူမျိုးရေး၊ ဝါဒရေး၊ ဒေသအရေးအတွက် လက်နက်ကိုင်ရပ်တည်နေခြင်းဖြစ်သည်။ အပေး အယူမျှတမှုဖြင့် ငြိမ်းချမ်းရေးကို လိုလားလျက်ရှိသည်။ NUG အကြမ်းဖက်အဖွဲ့မှာ တိုင်းပြည်အာဏာကို ၎င်းတို့ရရှိရေးအတွက် ကြိုးပမ်းအားထုတ်မှုများ ဖြစ်မလာ သောကြောင့် တိုင်းပြည်အလုံးစုံပျက်စီးရေးကို ပြည်တွင်းရှိ အကြမ်းဖက်အဖျက် သမားများအား မြှောက်ပင့်ပေးပြီး ကြံစည်အားထုတ်နေခြင်းဖြစ်သည်။ ပူးပေါင်း လက်တွဲ ဆောင်ရွက်ရေး၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် ငြိမ်းချမ်းမှုကို အဖြေရှာရေးကို လက်မခံဘဲ တစ်စုတစ်ဖွဲ့အာဏာရရှိရေးအတွက် တိုင်းပြည်နှင့်လူထု  လူမှုစီးပွား ပျက်ပြားရေးကိုပါ ကမ်းကုန်အောင် ပြုလုပ်လာကြသည်ကို တွေ့ရမည်ဖြစ်သည်။


သို့ဖြစ်ရာ NUG အကြမ်းဖက်အဖွဲ့နှင့် ၎င်းတို့၏လက်ဝေခံ အကြမ်းဖက်အဖျက် သမားများ၏ တည်ငြိမ်အေးချမ်းရေး ပျက်ပြားအောင်၊ အများပြည်သူ ဒုက္ခဆင်းရဲ ရောက်အောင် လုပ်ဆောင်နေမှုများကို ပြည်တွင်းမှ တိုင်းရင်းသားပြည်သူများ သာမက နိုင်ငံတကာကပါ သိရှိလာကြပြီး နိုင်ငံတော်အစိုးရ၏ ကြိုးပမ်းဆောင်ရွက် ပေးနေမှုများကို နားလည်လက်ခံလာကြပြီဖြစ်၍ ပြည်ထောင်စုကြီးငြိမ်းချမ်းသာယာ ဝပြောရေးတွင် ပူးပေါင်းလက်တွဲဆောင်ရွက်တော့မည်ဟု ယုံကြည်ပါကြောင်း။   ။