အယ်ဒီတာ့အာဘော်
------------------------
လူဟူသည် အတ္တနှင့်အတူယှဉ်၍ မွေးဖွားလာသူဖြစ်သည်။ မွေးဖွားခါစဆာလောင်မွတ်သိပ်မှုလိုအင်အတွက် တစာစာငိုကြွေးတောင်းဆိုလာခဲ့ရာမှ အစ အချိန်တန်အရွယ်ရောက် လူလားမြောက်သောအခါ၌ ငါ့အတွက်၊ ငါ့မိသားစုအတွက် ဦးစားပေးလာတတ်ကြသည်ကို မြင်တွေ့ရမည်ဖြစ်သည်။ လူသည် အတ္တနှင့်မကင်းသည့် သဘာဝဖြစ်သော်လည်း တာဝန်သိသောလူ၊ တန်ဖိုးရှိသောလူပီသစေရန် အတ္တနှင့်ပရ မျှတစွာ အားထုတ်ဖို့လိုမည်ဖြစ်သည်။
အတ္တနှင့်ပရကို မျှတစွာအားထုတ်နိုင်ရန်အတွက် တန်ဖိုးရှိသောလူ ဖြစ်စေရန် ကြိုးပမ်းအားထုတ်ရမည် ဖြစ်သည်။ တန်ဖိုးရှိသောလူဟူသည်မှာ ထွေထွေထူးထူးမဟုတ်၊ မိမိကိုယ်မိမိ ယုံကြည်မှုရှိသောသူ ဖြစ်သည်။ ယုံကြည်မှုရှိသောလူတွင် စိတ်ဓာတ်ခွန်အားအပြည့်အဝရှိ၍ စွမ်းဆောင်နိုင် သော အရည်အချင်းများ များစွာပိုင်ဆိုင်နိုင်သည်။ အရည်အချင်းရှိသောသူ သည် အရာရာတွင် အစဉ်အမြဲစွမ်းဆောင်နိုင်သောကြောင့် အခြားသူများအား ဝေမျှနိုင်ရန်လည်း ဝန်လေးမည်မဟုတ်ပေ။ မိမိတွင် မပြည့်စုံသဖြင့် မမျှဝေနိုင်၊ မပေးဆပ်နိုင်ခြင်းသည် ယုံကြည်မှုနည်းရာရောက်သည်။ သို့ဖြစ်၍ အများအကျိုးအတွက် ပေးဆပ်ခြင်းဖြင့် ယုံကြည်မှု၊ တန်ဖိုးရှိမှု၊ မွန်မြတ်မှုကို တည်ဆောက်ရမည်ဖြစ်သည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ပင်လုံမြို့တွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံစဉ် "ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ရှိအောင် တည်ဆောက်ပါ။ လူတိုင်း လူတိုင်းဟာ တန်ဖိုးရှိတယ်ဆိုတာကို ကိုယ့်ကိုယ်ကိုယ် ယုံကြည်ပါ။ ဒီတန်ဖိုးကို ဖြတ်ဖို့ဆိုတာ ငွေရေးကြေးရေးနဲ့လည်း ဖြတ်လို့မရပါဘူး။ တက္ကသိုလ်တွေ၊ ကျောင်းတွေကနေရထားတဲ့ လက်မှတ်အရည်အချင်းတွေနဲ့ တန်ဖိုးဖြတ်လို့မရပါဘူး။ ကိုယ်ဟာ အများအကျိုးအတွက် ဘယ်လောက် သယ်ပိုးနိုင်တဲ့ အရည်အချင်းရှိတယ်ဆိုတဲ့ တန်ဖိုးနဲ့ဖြတ်လို့ရတယ်ဆိုတာကို သတိပေးချင်ပါတယ်" ဟု ပြောကြားခဲ့သည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က လူတွင်ရှိအပ်သည့် အရည်အချင်း နှင့်တန်ဖိုးကို ရှင်းလင်းပြောကြားခဲ့သည်။ လူတွင်ရှိအပ်သည့် အရည်အချင်း သည် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိခြင်းဖြစ်ပြီး လူတွင်ရှိအပ်သည့်တန်ဖိုး သည် အများအကျိုးအတွက် မည်မျှသယ်ပိုးနိုင်သည်ဟူသော စွမ်းဆောင်နိုင်မှု ဖြစ်သည်။ လူ၏တန်ဖိုးဆိုသည်မှာ ရာထူး၊ ဂုဏ်ဒြပ်၊ ချမ်းသာကြွယ်ဝမှုတို့ကို ဆိုလိုခြင်းမဟုတ်ဘဲ အများအကျိုးအတွက် သယ်ပိုးထမ်းဆောင်နိုင်သော၊ အများအတွက် ပေးဆပ်နိုင်သော မွန်မြတ်သော စိတ်ဓာတ်သာ ဖြစ်သည်။
ဒီမိုကရေစီခရီးလမ်းကို လျှောက်လှမ်းနေသောကာလတွင် ပြည်သူ များ၏လိုအင်ဆန္ဒများကို ပွင့်ပွင့်လင်းလင်းထုတ်ဖော်လာနိုင်သည့် အခွင့် အရေးရရှိလာကြရာ၌ မိမိတို့၏ကိုယ်ကျိုးစီးပွားနှင့်အတူ အများပြည်သူ အကျိုးစီးပွား၊ အများပြည်သူအခွင့်အရေးများကို ရှေးရှုဆောင်ရွက်ကြရမည်ကို သတိချပ်ရမည်ဖြစ်သည်။ လွတ်လပ်မှုကိုအလွဲသုံးစားပြုလုပ်၍ မိမိအကျိုး စီးပွား မိမိအတ္တကို ရှေ့တန်းမတင်မိဖို့ လိုအပ်မည်ဖြစ်သည်။ အများပြည်သူ အကျိုးကိုရှေးရှု၍ စည်းကမ်းလိုက်နာရမည်ဖြစ်သလို မိမိလိုအင်ဆန္ဒမပြည့်ဝ သဖြင့် ရန်လိုမုန်းဖက်လုပ်ရပ်များ မလုပ်မိဖို့လိုသည်။ မိမိအတ္တအတွက် အခွင့်အရေးတစ်ခုတည်းကို မကြည့်အပ်ဘဲ အများအကျိုးအတွက် မိမိ တွင်လည်း တာဝန်ရှိသည်ကို သိအပ်ပေသည်။
ဒီမိုကရေစီစနစ်တွင် နိုင်ငံသားများဘက်မှ တာဝန်ကျေသလို နိုင်ငံသား အခွင့်အရေးများလည်း ရရှိနိုင်မည်ဖြစ်သည်။ နိုင်ငံသားများဆောင်ရွက်ရမည့် တာဝန်များမကျေပွန်ဘဲ နိုင်ငံသားများရပိုင်ခွင့် အခွင့်အရေးသက်သက်သာ တောင်းဆိုနေ၍ ပြီးမည်မဟုတ်ပေ။ မိမိတို့သည် အများပြည်သူအကျိုးအတွက် တာဝန်ကျေပါမှ တန်ဖိုးရှိသောနိုင်ငံသူ နိုင်ငံသားများ ဖြစ်ပေလိမ့်မည်။ ဒီမိုကရေစီခေတ်ကာလတွင် နိုင်ငံသူ နိုင်ငံသားများ တာဝန်ကျေရေးဆိုရာ၌ ထွေထွေထူးထူးမဟုတ်ဘဲ အများပြည်သူအကျိုးအတွက် မိမိမည်မျှပေးဆပ် ခဲ့သည်၊ မိမိမည်မျှဥပဒေ၊ စည်းကမ်းများကိုလိုက်နာခဲ့သည်ကို ပြန်လည် ဆန်းစစ်ကြည့်ရမည်ဖြစ်သည်။
သို့ဖြစ်ရာ မိမိကိုယ်ကို ယုံကြည်မှုရှိစွာဖြင့် အတ္တနှင့်ပရကို မျှတစွာအားထုတ်နိုင်သည်ဆိုလျှင် တန်ဖိုးရှိသောနိုင်ငံသူ နိုင်ငံသားများ ဖြစ်လာကြပြီး စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတွင် ဂုဏ်ယူ ဝင့်ကြွားစွာ၊ တင့်တယ်စွာရပ်တည်နေထိုင်နိုင်မည်ဖြစ်ပါကြောင်း။ ။