လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းမှာ ထင်ဟပ်သည့် လူ့တန်ဖိုး

Type

ဒေါက်တာမောင်သင်း

============

မြန်မာများ  ကျွန်ဘဝမှ  လွတ်ကင်းပြီး သခင် ဘဝသို့  ပြန်လည်ရောက်ရှိသည့် လွတ်လပ်ရေးနေ့ များကို တစ်နေ့ပြီးတစ်နေ့ ဖြတ်ကျော်ခဲ့သည်မှာ  ၇၄ နှစ်ပင်ရှိခဲ့ပါပြီ။ 


လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းက  ကျွန်တော် တို့ကို  ဘာတွေပေးခဲ့ပါသလဲ။  များသောအားဖြင့် “အသက်သွေးတွေ ပေးဆပ်ပြီးမှ ရတာ၊ ပြန်ရဖို့ တိုက်ရတာ နှစ်တစ်ရာကျော်၊ ဆုံးရှုံးနိုင်တာက တစ်ရက်အတွင်း”  စသည်ဖြင့်  ရေးသားပြောဆို  ကြပါသည်။  မှန်ပါသည်။  သို့သော်  မြန်မာတို့၏ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းက ကျွန်တော်တို့ နိုင်ငံသားတစ်ဦးချင်း၏ဘဝနှင့်    မြန်မာ့လူ့အဖွဲ့ အစည်း၏   တိုးတက်အောင်မြင်မှုကို    ဘယ်လို ပေးစွမ်းနိုင်ပါသလဲ။  သမိုင်းဆိုတာ  “မအအောင်”၊ “အလိမ်မခံရအောင်” ဆိုသည့် ဆရာကြီးဒေါက်တာ သန်းထွန်း၏အဆိုအောက်မှာ    ကျေနပ်နှစ်သိမ့် နေကြမည်ဆိုလျှင်ဖြင့်  ကျွန်တော်တို့တစ်တွေသည် အောင်မြင်ထွန်းတောက်သည့်ဘဝသို့  ရောက်ကြ လိမ့်မည်မထင်ပါ။ 


ဘာလို့လဲဆိုလျှင် ဆရာကြီး၏ “အငှားစကား” ကို ကိုယ်ပိုင်ဥစ္စာဖြစ်အောင် ထိုးထွင်းကြံဆနိုင်ခြင်း ကင်းကြသူများဖြစ်နေကြလို့ပါပဲ။      သမိုင်းကို “မအရုံ”၊ “အလိမ်မခံရလောက်ရုံ” အတွက်လောက် ဖြင့်တော့    မသင်ကြပါနှင့်ဟု   အကြံပြုပါရစေ။ “တစ်ဦးချင်းဘဝမှသည် မြန်မာ့လူ့အဖွဲ့အစည်း ဖွံ့ဖြိုးရေးအတွက် သင်ခန်းစာရယူနိုင်ရန်”  နှင့်   ပြီးနောက်  “သူများထက်   နှာတစ်ဖျားသာချင်လို့”   သမိုင်းကို သင်ရမှာပါ။ လူတစ်ဦးချင်းနှင့်   လူ့အဖွဲ့ အစည်းအတွက်  တိုးတက်စေလိုသည့်အမြင်ဖြင့် အမှားကိုရှောင်ရှားပြီး အောင်မြင်သည့်လမ်းထွင်နိုင် ရန် သမိုင်းကို သင်ကြားရန် လိုပေလိမ့်မည်။ တန်ဖိုး ကြီးစွာ ရင်းနှီးပြီးမှရခဲ့သည့် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းက   မြန်မာ့လူ့အဖွဲ့အစည်းနှင့် လူတစ်ဦးချင်း၏   လူ့တန်ဖိုးမြင့်မားမှုနှင့်   ဘဝ အောင်မြင်ရေးကိုလည်း    ပေးစွမ်းနိုင်ကြောင်း စာရေးသူလေ့လာတွေ့ရှိမှုကို တင်ပြလိုက်ပါသည်။ 


ပြင်းပြသည့်စိတ်ဆန္ဒရှိခြင်း 


အောင်မြင်သည့်သူတိုင်းတွင်   အဓိကပိုင်ဆိုင် သည်က အောင်မြင်လိုသည့်စိတ်ဆန္ဒ       ပြင်းပြခြင်း ပါ။  သာမန်ဆန္ဒရှိရုံသက်သက်မဟုတ်ပါ။    ပြင်းပြ သည့်ဆန္ဒရှိရပါမည်။ လွတ်လပ်ရေးခေါင်းဆောင် ကြီးများသည်  စားလည်းသည်စိတ်၊    သွားလည်း သည်စိတ်၊   အိပ်လည်း   သည်စိတ်ဖြင့်   လွတ်လပ် ရေးကို   ကြိုးပမ်းခဲ့ခြင်းပါ။   ယနေ့  Apple ဆော့ဖ်ဝဲလ်ကုမ္ပဏီကို           တည်ထောင်ခဲ့သူ စတိဗ်ဂျော့ချ်၏ စကားဖြစ်သည့် “ရူးသွပ်တဲ့စိတ် အမြဲရှိနေပါ”   (Stay in foolish)    ဆိုသည့်အတိုင်း ရည်မှန်းချက်ကို  ပတ်ဝန်းကျင်ထက်   ထူးပြီး ဆောင်ရွက်ခဲ့ကြခြင်းပါ။ 


အမျိုးသားကျောင်းမှာ၊      တက္ကသိုလ်မှာ၊ ဝံသာနုအသင်းမှာ၊       တို့ဗမာအစည်းအရုံးမှာ၊    တက္ကသိုလ်ကျောင်းသားသမဂ္ဂနှင့်   တက္ကသိုလ် ကျောင်းသားများဆီမှာ၊     အလုပ်သမားများ၊ တောင်သူလယ်သမားများဆီမှာ၊   နိုင်ငံရေး သမားများဆီမှာနှင့်   နောက်ဆုံး    လှည်းနေ လှေအောင်း   မြင်းဇောင်းမှာ  နေထိုင်ကြသူ များဆီမှာလည်း  “သူ့ကျွန်ဘဝက လွတ်မြောက်လို စိတ်” ဖြင့် တောင်းဆို၊ လက်နက်ကိုင်တိုက်ပွဲဝင်ခဲ့ကြ ၍သာ “လွတ်လပ်တဲ့အရသာ” ကို ကျွန်တော်တို့  ၁၉၄၈  ခုနှစ်  ဇန်နဝါရီလ  ၄   ရက်နေ့ကတည်းက ရရှိခဲ့ကြခြင်းပါ။ 


ထိုစိတ်သာ မပြင်းပြခဲ့လျှင်၊ ရာထူးဖြင့် ဆွယ်လျှင် ပါသွားနိုင်သလို   အသက်ကိုနှင်း၍    လွတ်လပ် ရေးအတွက်   တိုက်ပွဲဝင်ခဲ့ကြမှာလည်း    မဟုတ်ပေ။ သို့ဖြစ်၍     အောင်မြင်ချင်သူ၊    အောင်မြင်မှုကို ဆက်လက်ထိန်းသိမ်းနေနိုင်ကြသူများသည် “မိမိ၏ ရည်မှန်းချက်ကို မရောက်ရောက်အောင် ချီတက် မည်”   ဆိုသည့်    ဆန္ဒာဓိပတိ   ရှိကိုရှိရပါလိမ့်မည်။ ထိုပြင်းပြသည့်စိတ်ထားမရှိဘဲနှင့် အောင်မြင်လိုခြင်း သည် ကုန်းခေါင်ခေါင်ရှိ လှေပေါ်တက်ထိုင်နေသည့် လူလိုပါ။    ခရီးရောက်စရာ       အကြောင်းမရှိပေ။ လွတ်လပ်ရေးခေါင်းဆောင်များ၏ နောက်မျိုးဆက် များဖြစ်သည့်  ကျွန်တော်တို့တိုင်းရင်းသားအားလုံးအနေဖြင့်လည်း    မိမိတို့၏ဘဝအောင်မြင်ရေးအတွက် မဖြစ်မနေပြင်းပြသည့်ဆန္ဒ    ရှိနေရပေမည်။    မိမိ ကိုယ်ကို ဖွံ့ဖြိုးတိုးတက်အောင် ကြံဆောင်ခြင်းသည် ပင်လျှင်  တိုင်းပြည်ကိုတိုးတက်အောင်  ကြိုးပမ်း နေခြင်းပါ။   နိုင်ငံသားတစ်ဦးချင်းစီ၏တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခြင်းလည်းဖြစ်ပါသည်။ 
ဘာမျှအလကားမရပေ
အောင်မြင်လိုစိတ်ရှိရုံဖြင့် မပြီးသေးပါ။ ပေးဆပ် မှုဖြင့်သာ  အောင်မြင်မှုကို   ရနိုင်ပါသည်။  လွတ်လပ် ရေးကြိုးပမ်းမှုခရီးစဉ်တွင်  ဖြည့်ဆည်းမှု၊  ပေးဆပ်မှု မြောက်မြားစွာဖြင့်  ရင်းနှီးပြီးမှရခြင်းပါ။ ပေးဆပ်ရ သည့်တန်ဖိုးကလည်း  မနည်းပါ။   ခေါင်းဆောင်များ၏ အသက်၊  သွေး၊ ချွေးတွေ   စတေးခဲ့ပြီးမှ  ရခဲ့သည့် လွတ်လပ်ရေးပါ။   ပြန်လည်အစားထိုးစရာ အပိုမပါ သည့် လူ့အသက်များကို ပေးဆပ်ခဲ့ခြင်းပါ။ ဒါဟာ လည်း သူတို့ကိုယ်ကျိုး၊ သူတို့ဆွေမျိုးသားချင်းများ၏ ကိုယ်ကျိုးအတွက် မဟုတ်ခဲ့ပါ။ မြန်မာတိုင်းရင်းသား အားလုံးအတွက်    ပေးဆပ်ခဲ့ကြခြင်းပါ။    သူတို့၏ အောင်မြင်မှုသည်       ပေးဆပ်ခြင်းကြောင့်သာ   မော်ကွန်းတင်ခံရခြင်းပါ။ အနာမခံဘဲ အသာစံချင်၍   မရပါ။ အလွန်ဆင်းရဲသည့်ဘဝကနေ ယနေ့တရုတ် ပြည်က အလီဘာဘာ ကုမ္ပဏီသူဌေးကြီးဖြစ်လာသူ “ဂျက်မား” က “အောင်မြင်ချင်ရင် ခင်ဗျားပေးဆပ်ရ မယ်၊ အလကားရတာ ဘာမှမရှိပါ” တဲ့။ သူနှင့် သူ့ အဖွဲ့များ  တစ်နေ့ကို   ၁၈   နာရီခန့်    အလုပ်ခွင်တွင် ပေးဆပ်နေရပါသည်။ သူကိုယ်တိုင်လည်း အလုပ် အတွက် မရပ်မနား ခရီးများသွားနေရပါသည်။ သူလို ပါပဲ။    တီထွင်သူကဝေကြီးဟု    နာမည်ကြီးသည့် “သောမတ်အယ်ဒီဆင်”   သည်လည်း   အမြဲတမ်း တီထွင်မှုတစ်ခုပြီးတစ်ခုလုပ်နေသည်မှာ  တစ်နေ့ ပျမ်းမျှ  ၁၈ နာရီရှိပါသတဲ့။ သူ့ကို တီထွင်သူကဝေကြီး (သို့မဟုတ်)   တီထွင်သူ ဂျီးနီးယပ်စ် (Genius) ဟု  ခေါ်ကြ၊ အမည်တပ်ကြပါသည်။ အဲဒါကို  သူပြန်ပြော သည်က “ဂျီးနီးယပ်စ်ဆိုတာ ဦးနှောက် ၁  ကျပ်သား နှင့် ချွေး ၉၉ ကျပ်သား ရောထားတာပါပဲ” တဲ့။ 


“အလုပ်ကို ဇွဲနှင့် ပေးဆပ်မှ သင်အောင်မြင်မှာ ပါ”   ဟုဆိုခြင်းပါ။    နိုင်ငံသားတစ်ဦးချင်းမှသည် တစ်နိုင်ငံသားလုံးအနေဖြင့် လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ “သူများက  ခြေတစ်လှမ်း လှမ်းရင် ကျွန်တော်တို့က လေးငါးဆယ်လှမ်း လှမ်း နိုင်မှ” ဟူသည့်အဆိုအမိန့်အတိုင်း   သာမန်ထက် ပိုသည့် ဇွဲ၊ လုံ့လဖြင့် ကြိုးပမ်းပေးဆပ်ပါမှ   ကျွန်တော် တို့မြန်မာများ    အောင်မြင်သည့်ဘဝ   ရောက်မှာပါ။ အောင်မြင်မှုသည်        အလုပ်မလုပ်ဘဲထိုင်နေသူ၊ အိပ်စောင့်နေသူများနှင့် ထိုက်တန်သည့်အရာမဟုတ် ပါ။    လူတစ်ဦးချင်းစီ၏     အောင်မြင်မှုအတွက် ပေးဆပ်မှုသည် မိမိအတွက်ရော နိုင်ငံ့လွတ်လပ်ရေး ဆက်လက်တည်တံ့ခိုင်မြဲအောင်၊ နိုင်ငံဖွံ့ဖြိုးအောင် ကျွဲကူးရေပါဖြစ်လျှင်တော့ နတ်လူသာဓုခေါ်သည့် လုပ်ရပ်ပါ။   


သင့်ရဲ့သားကောင် သတ်မှတ်ပြီးပါပြီလား


သင်နှင့်  ကျွန်တော်တို့  အမှန်တကယ်ဘာဖြစ် ချင်တာလဲ။ ဘယ်လိုဘဝမျိုး  ပိုင်ဆိုင်ချင်ရတာလဲ။ တကယ်ဖြစ်ချင်၊  တကယ်လုပ်၊  အဟုတ်ဖြစ်ခဲ့တာ မြန်မာ့လွတ်လပ်ရေးပါ။ ထီးကျိုးစည်ပေါက်ပြီးချိန် ကတည်းက ဝန်းသိုစော်ဘွားကြီး၊ ဗိုလ်ကြွန့်ဘိစ်၊ မြင်စိုင်းမင်းသား၊   ဗိုလ်ချို၊  ဗိုလ်လရောင်  စသူတို့ လက်နက်စွဲကိုင်ကာ လွတ်လပ်ရေးတိုက်ပွဲဝင်ခဲ့ကြ သည်။  ယင်းနောက်   ဗုဒ္ဓဘာသာကလျာဏယုဝ အသင်း (YMBA)၊ ပြီးနောက် ဂျီစီဘီအေ၊ အမျိုးသား ကျောင်းများ၊   ကျောင်းသားသမဂ္ဂများ၊    တို့ဗမာ အစည်းအရုံး၊ အလုပ်သမားများ၏ ရေနံမြေသပိတ်၊ တောင်သူလယ်သမားများ၏ ဆရာစံတော်လှန်ရေး၊ ဘီအိုင်အေ၊   ဂျပန်တော်လှန်ရေး၊     ဘီဒီအေနှင့် နောက်တွင် ကန္ဒီဆွေးနွေးပွဲ၊ အစိုးရဝန်ထမ်းပေါင်းစုံ အထွေထွေသပိတ်၊ အောင်ဆန်း-အက်တလီစာချုပ်၊   ပင်လုံစာချုပ်နှင့် နောက်ဆုံးတွင် နု-အက်တလီ စာချုပ်များချုပ်ဆိုကာ   မျိုးဆက်တစ်ဆက်ပြီး တစ်ဆက် ရည်မှန်းချက်နောက်သို့ အဆက်မပြတ် လိုက်ခဲ့၍သာ လွတ်လပ်ရေးကို  ရခဲ့ပါသည်။ 


ယနေ့  ကုန်းနေသတ္တဝါများထဲတွင်   အပြေး အမြန်ဆုံးသက်ရှိသည် ချီတာ (Cheetah) ဟုခေါ် သည့်အာဖရိကကျားသစ်ပါ။   ချီတာ၏မျိုးဆက် သည် အရင်တုန်းက အလွန်နှေးပါသည်။ နှေးသည့် ဘဝကနေ ကမ္ဘာ့အပြေးချန်ပီယံ  ဘယ်လိုဖြစ်လာ သလဲဆိုသည်ကို ပညာရှင်များက လေ့လာကြသည်။ ချီတာသည် အစာရှာရန်ထွက်လာလျှင်    ဘယ် အကောင်ကို လိုက်ရမည်ဆိုသည့် မိမိ၏သားကောင် ကို အရင်သတ်မှတ်သည်။ ပြီးတော့ ထိုသတ်မှတ် ထားသည့်သားကောင်နောက်ကိုသာ   မမိမချင်း လိုက်သည်။ ထိုသို့လိုက်သည့်အချိန်တွင်   ဘေးနား၌ အလွယ်တကူဖမ်း၍ရနိုင်သည့်  သားကောင်များ ရှိပေမယ့်လည်း ပြောင်းပြီးမဖမ်းပါ။ သက်သာမည့်၊ အချောင်ရမည့်ဘက်သို့  မလိုက်ခဲ့ကြပါ။  မိမိ၏ သတ်မှတ်ထားသည့်   သားကောင်နောက်ကိုသာ  မမိမချင်းလိုက်သည်။  ထိုသို့   “သတ်မှတ်ပြီးတဲ့  သားကောင်နောက်ကိုသာ မမှိတ်မသုန်လိုက်တတ် သည့်အကျင့်ကောင်း” သည် မျိုးဆက်တစ်ခုပြီး တစ်ခုကြာလာသည့်အခါ ဗီဇအဖြစ် ပြောင်းလဲလာ ကာ နှေးသည့်ချီတာသည် ကမ္ဘာတွင် အပြေးအမြန် ဆုံးသတ္တဝါဖြစ်လာသည်ဆိုသည်ကို လေ့လာတွေ့ရှိ ကြသည်။ 


မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသည်  ၁၈၈၆ ခုနှစ်မှ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ   ၄   ရက်နေ့အထိ နှစ်ပေါင်း ၆၀ ကျော်ကြာညောင်းခဲ့ပါသည်။ ဝန်းသို စော်ဘွားကြီး၊ ဗိုလ်ကြွန့်ဘိစ်၊ ဗိုလ်ချိုနှင့် ဗိုလ်လရောင် စသည်တို့မှသည် ဦးဥတ္တမ၊ ဦးဝိစာရ၊ ဆရာစံ၊    ဗိုလ်အောင်ကျော်၊  သခင်ဘိုးလှကြီးတို့  အလယ်၊ သခင်ဘသောင်း၊  သခင်ဗဟိန်း၊   ဗိုလ်တေဇနှင့် ရဲဘော်သုံးကျိပ်၊ ဦးနုတို့အထိ မျိုးဆက်များသာ ပြောင်းလဲခဲ့သည်။ မျိုးဆက်အသီးသီးတို့ဆက်လိုက် သည့်သားကောင်ကတော့        မပြောင်းလဲပါ။ သားကောင်နောက်ကို   မရမချင်း    လက်ရုံးရည်၊ နှလုံးရည်ဖြင့် လိုက်၍တိုက်ခဲ့ကြသည်။ နောက်ဆုံး တွင် “လွတ်လပ်ရေးသားကောင် အမွန်အမြတ်” ကို အမိဖမ်းနိုင်ခဲ့သည်။ ကျွန်ဘဝမှ လွတ်မြောက် ခဲ့ကြသည်။ 


ထိုအချိန်က  လွတ်လပ်ရေးခေါင်းဆောင်များ ကို  ရာထူးဖြင့်ဆွယ်၏။   အတ္တကိုယ်ကျိုးမက်ပြီး အချောင်မလိုက်ခဲ့။  အာဏာဖြင့်  ခြိမ်းခြောက်၏။ မကြောက်ခဲ့ပေ။  သားကောင်နောက်သာ   တစိုက် မတ်မတ်လိုက်ခဲ့ကြပါ၏။ ကျွန်တော်တို့အနေဖြင့် လည်း        တစ်ဦးချင်းပုဂ္ဂလိကအောင်မြင်ရေး သားကောင်ကို သတ်မှတ်ရန်တော့လိုပါလိမ့်မည်။


နိုင်ငံရေးခေါင်းဆောင်လား၊  စီးပွားရေးလုပ်ငန်းရှင် ကြီးလား၊ အသိပညာ၊ အတတ်ပညာရှင်လား၊ အနု ပညာရှင်လားဆိုသည်    သတ်မှတ်ရန်    လိုပေပြီ။ မည်သည့်သားကောင်ဖြစ်ပါစေ၊ သင်တို့၊ ကျွန်တော် တို့  တစ်ဦးချင်း၏ဘဝအတွက်   သတ်မှတ်သည့် သားကောင်သည်         “လွတ်လပ်ရေးအဓွန့်ရှည် တည်တံ့ခိုင်မြဲရေးကို ဦးတည်သည့် သားကောင်မွန်၊ သားကောင်မြတ်ဖြစ်ရန်”  တော့    ပညာမျက်စိဖြင့် ရှာတတ်၊ ဖွေတတ်၊ သတ်မှတ်တတ်ရန် လိုပေလိမ့် မည်။ 
လုပ်ချင်သည့်အလုပ်ကို လုပ်တတ်သည့် ပညာက ဦးဆောင်ပါမှ 
ကျွန်တော်တို့ဘိုးဘွား  တိုင်းရင်းသားအားလုံး သည်  ဆုံးရှုံးခဲ့သည့်လွတ်လပ်ရေးကို  အနုနည်း၊ လက်နက်ကိုင်နည်းတို့ဖြင့်  တွန်းလှန်ခဲ့ကြသည်။ လက်နက်ကိုင်တော်လှန်ရေးတွင် အဓိကထင်ရှား သည်က     ဆရာစံဦးဆောင်သည့်     တောင်သူ လယ်သမားအရေးတော်ပုံနှင့်    ရဲဘော်သုံးကျိပ် ဦးဆောင်သည့်    လက်နက်ကိုင်တော်လှန်ရေးပါ။ လက်နက်ကိုင်တော်လှန်ရေးလုပ်မည်ဆိုလျှင် မဖြစ် မနေတတ်မြောက်ရသည်က        “သေနင်္ဂဗျူဟာ စစ်ပညာ”ပါပဲ။ သေနတ်ကိုင်တတ်၊ ကျည်ဆန်ထွက် အောင်  ခလုတ်ဖြုတ်တတ်ရုံနှင့် မလုံလောက်ပါ။ စစ်ချီ၊ စစ်တက်၊ စစ်ထိုး၊ စစ်ပြန်၊ စစ်မြှူ၊ စစ်ပရိယာယ် စသည်ဖြင့်  စစ်ပညာကို  နားလည်တတ်ကျွမ်းရန် လိုပါသည်။ 


ဆရာစံနှင့်အဖွဲ့ ကျွန်တော်တို့ကိုပေးခဲ့သည့် သင်ခန်းစာက   သူတို့    ဘယ်မှာသေနင်္ဂဗျူဟာ စစ်ပညာကို သင်ခဲ့ပါလဲဆိုသည်ကို  ရှာဖွေ၍မရပါ။ ဒူးလေးပစ်၊     ဓားခုတ်၊    လှံထိုးလေ့ကျင့်ခြင်းနှင့် ဓားပြီး၊ သေနတ်ပြီး ဆေးထိုး၊ လက်ဖွဲ့ဆောင်တာ တို့၊  ကိုယ်ခံပညာဖြစ်သည့်   သိုင်းနှင့်   ဗန်တိုတို့ကို သင်သည်ကတော့    လေ့လာမိပါသည်။    ခေတ်မီ စစ်ပညာနှင့် ခေတ်မီလက်နက်များကို ကိုင်ဆောင် အသုံးပြုပြီး       သေနင်္ဂဗျူဟာကြွယ်ဝစွာဖြင့် တော်လှန်ခဲ့ခြင်းမဟုတ်ပေ။   ဗိုလ်တေဇဦးဆောင် သည့် “ရဲဘော်သုံးကျိပ်” အဖွဲ့သည် ခေတ်မီစစ်ပညာ ကို ဂျပန်ပိုင် “ဟိုင်နန်” ကျွန်းပေါ်တွင် မေ့လဲသည် အထိ ဇွဲလုံ့လဖြင့် ပင်ပန်းစွာသင်ယူခဲ့ကြသည်။    သင်ခဲ့သည့်စစ်ပညာကလည်း ဥရောပတွင် နာမည် ကြီးရုရှားကို   ထိုအချိန်က အောင်ပွဲခံထားသည့်    ဂျပန်၏စစ်ပညာပါ။   ပြီးတော့မှ  တပ်မတော်ကို ဖွဲ့ပါသည်။ ဂျပန်နှင့်ပေါင်းကာ တော်လှန်ခဲ့သည်။ 


ဆရာစံတို့အဖွဲ့သည်  ထိုအချိန်က   နေမဝင် အင်ပါယာ   အင်္ဂလိပ်ကို   တော်လှန်ရန်အချိန်ကို ရှာကြည့်သည့်အခါ  သူကိုယ်တိုင်နှင့်    သူ့ဆရာ၏ အကူအညီဖြင့် ရဟန်းတစ်ပါးတွက်ချက်ထားသည့် ဗေဒင်ကိန်းခန်းအရ ရက်ကိုယူ၍ တော်လှန်ခဲ့သည် ဟု မှတ်သားဖူးပါသည်။ ရဲဘော်သုံးကျိပ်မတိုင်မီက တို့ဗမာအစည်းအရုံးဝင်        သခင်လူငယ်များနှင့် လူကြီးများသည်   ထိုအချိန်က   ဖြစ်ပျက်နေသည့် ကမ္ဘာ့နိုင်ငံရေးရာများကို အစဉ်မပြတ်လေ့လာနေ သူများပါ။  ဥရောပတွင်  စစ်မီးတောက်ပြီး ဗြိတိသျှ ကျွန်းကလေးအား ဂျာမန်ဟစ်တလာလက်အောက် မရောက်အောင် ကြိုးပမ်းနေသည့်ကာလကို သတိ ပြုမိကြပါသည်။ ထိုအချိန်သည် နေမဝင်အင်ပါယာ ၏သြဇာအာဏာ မြန်မာ့မြေပေါ်တွင် အားအနည်း ဆုံးအချိန်ကိုရွေးပြီးတိုက်ခဲ့ခြင်းပါ။  မြန်မာ့သမိုင်း တွင် “အင်္ဂလိပ်အခက်၊ ဗမာအချက်” ဆိုပြီး မှတ်တမ်း တင်ခဲ့ပါသည်။   ဆရာစံနှင့်အဖွဲ့    ကမ္ဘာ့ရေးရာ လေ့လာမှုမှတ်တမ်း မတွေ့မိပါ။   ပြီးတော့ ကမ္ဘာ့ နိုင်ငံရေးရာအဖြာဖြာကို   လေ့လာထားသူများပီပီ လွတ်လပ်ရေးရလျှင်  သက်ဦးဆံပိုင်ဘုရင်စနစ်ကို ပြန်မသွားလိုတော့ပါ။ သမ္မတနိုင်ငံတော်အဖြစ်သာ ချီတက်လိုပါသည်။  ဆရာစံကတော့   “သုပဏ္ဏက ဂဠုနရာဇာ” ဘွဲ့ခံပြီး ဘုရင်စနစ်ဆီ နောက်ကြောင်း ပြန်လှည့်ရန် ဦးတည်နေသည်ဟု လေ့လာမိပါသည်။ 


အထက်ပါ တော်လှန်ရေးနှစ်ဖွဲ့တွင် ဆရာစံ၏ ပြင်းထန်သည့် မျိုးချစ်စိတ်ဓာတ်၊ လယ်သမားများကို အင်္ဂလိပ်နှင့် မြေပိုင်ရှင်များ၏ နှိပ်စက်မှုအောက်မှ လွတ်မြောက်လိုသော အမျိုးသားရေးစိတ်ဓာတ်သည် ရဲဘော်သုံးကျိပ်တို့၏   မျိုးချစ်စိတ်၊    လွတ်လပ်လို စိတ်ထက် သာလွန်သည်ဟု မြင်မိပါသည်။ အားနည်း သည်က ထိုပြင်းပြသည့်ဆန္ဒကို အကောင်အထည်ဖော် ရာတွင် ပညာနှင့်ယှဉ်တွဲနိုင်မှုမရှိခြင်းပါ။  လုပ်ချင် သည့် လက်နက်ကိုင်တော်လှန်ရေး၏ သော့ချက်ဖြစ် သည့် သေနင်္ဂဗျူဟာစစ်ပညာကို မသင်ယူခဲ့ခြင်းပါ။ 


ထို့အပြင် လွတ်လပ်ရေးကြိုးပမ်းမှုသည် စစ်ရေး သက်သက်မဟုတ်ပါ။   နိုင်ငံရေးကို    စစ်ရေးဖြင့် အကောင်အထည်ဖော်ခြင်းပါ။ သို့ဖြစ်၍ ကမ္ဘာ့နိုင်ငံ ရေးရာအဖြာဖြာကို လေ့လာမှုအားနည်းခြင်းလည်း ပါသဖြင့်   နေမဝင်အင်ပါယာ၏  အင်အားချည့်နဲ့မည့် အချိန်ကို မတွက်ဆနိုင်ဘဲ ဗေဒင်အရ ထတိုက်မိသဖြင့် နောက်ဆုံးတွင် တစ်တိုင်းပြည်လုံးကို မကယ်နိုင်သည့် အဖြစ်မျိုး ကြုံရသည်ဟု စာရေးသူမြင်မိပါသည်။ 


ရဲဘော်သုံးကျိပ်အဖွဲ့ကတော့   ဖက်ဆစ်တို့ကို မိတ်ဖွဲ့ခေါ်ဆောင်လာခဲ့သော်လည်း   မဟန်သဖြင့် အင်္ဂလိပ်နှင့်ပြန်ပေါင်းကာ ဂျပန်ကို  သူတို့သင်ပေး သည့်စစ်ပညာဖြင့်ပင် ပြန်လည်မောင်းထုတ်ခဲ့သည်။ ဆရာစံ၏တော်လှန်ရေးသမိုင်းက ဆရာစံ အဖမ်းခံရ၊ ကြိုးပေးအသတ်ခံရသည့်  ၂၈-၁၁-၁၉၃၁  ရက်နေ့ နောက်ပိုင်း အများဆုံးတစ်နှစ်အကြာတွင် လွတ်လပ် ရေးကြိုးပမ်းမှုရော၊   ဂဠုန်တပ်ရော   ပျောက်ကွယ်ခဲ့ ပါသည်။ 


ဗိုလ်တေဇအဖွဲ့သည် ဂျပန်တော်လှန်ရေးအပြီး တွင်  စစ်ပညာပြည့်ဝသည့် တပ်မတော်ကို BIA မှ BDA သို့ ပြောင်းခဲ့သည်။ ထိုတပ်မတော်သည် ယနေ့ မြန်မာ့တပ်မတော်အဖြစ်   ဆက်လက်ရှင်သန်ကာ နိုင်ငံ့လွတ်လပ်ရေးကို        ထိန်းသိမ်းကာကွယ် စောင့်ရှောက်ဆဲပါ။    လက်နက်ကိုင်တိုက်ပွဲပြီး၍ လွတ်လပ်ရေးမရသေးသဖြင့်   နှလုံးရည်တိုက်ပွဲသို့ ပြောင်းလဲဦးတည်ခဲ့ကြသည်။     “ကန္ဒီဆွေးနွေးပွဲ”၊ “အောင်ဆန်း-အက်တလီစာချုပ်”၊  တိုင်းရင်းသား အားလုံး   သူ့ကျွန်မခံလိုသော    သဘောတူညီချက် “ပင်လုံစာချုပ်” နှင့် နောက်ဆုံး ဗိုလ်တေဇလုပ်ကြံ ခံရ၍ ကျဆုံးသော်လည်း “နု-အက်တလီစာချုပ်” ဟူသည့် “စားပွဲဝိုင်းဆွေးနွေးမှုအတတ်ပညာ” ဖြင့် မြန်မာတိုင်းရင်းသားအားလုံး   အမိဖမ်းချင်သည့် သားကောင်အမွန်အမြတ်   “လွတ်လပ်ရေး”    ကို  ၁၉၄၈ ခုနှစ် ဇန်နဝါရီလ  ၄   ရက်နေ့တွင်   ကမ္ဘာသို့ ကြေညာနိုင်ခဲ့သည်။    “လုပ်ချင်သည့်    အလုပ်ကို လုပ်တတ်သည့်ပညာက ဦးဆောင်” ခဲ့၍သာ မြန်မာ့ လွတ်လပ်ရေးအသီးအပွင့်ကို မြန်မာတိုင်းရင်းသား များ ခံစားခဲ့ရခြင်းပါ။ 


အောင်မြင်သူလား၊ တန်ဖိုးရှိသူလား 


အောင်မြင်သူများအား   ကာလတစ်ခုပြီးလျှင် မေ့သွားတတ်ပါသည်။          တစ်ခေတ်တစ်ခါက အောင်မြင်သူ၊        ကျော်ကြားသူများအဖြစ်သာ မှတ်တမ်းတင်ခံရပါမည်။  တန်ဖိုးရှိသည့်သူဆိုသည်က တော့ မြန်မာနိုင်ငံတည်ရှိနေသရွေ့   ရှင်သန်နေပါ လိမ့်မည်။ အထက်ပါ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု တွင် အသက်ပေးခဲ့ကြသည့် ဆရာစံနှင့် ဗိုလ်တေဇ (ခေါ်) ဗိုလ်ချုပ်အောင်ဆန်းတို့အဖွဲ့သည် “တန်ဖိုးမြင့် လူသားများ” ပါ။   မြန်မာလူမျိုးများက   သူတို့ကို ဘယ်သောအခါမျှ မေ့လိမ့်မည်မဟုတ်ပေ။ ပြင်းပြ သည့်ဆန္ဒသည် အတ္တကိုယ်ကျိုးအတွက်သာဆိုလျှင် အောင်မြင်သူဘဝနှင့်သာ    အဆုံးသတ်သွားပါလိမ့် မည်။ လွတ်လပ်ရေးကြိုးပမ်းသူများကတော့ သူတို့၏ ခံယူချက်၊ စိတ်ဆန္ဒဟာ သူတို့ကိုယ်ကျိုးလုံးဝမပါခဲ့ ပါ။   နောက်မျိုးဆက်    မြန်မာတိုင်းရင်းသားများ ကောင်းစားဖို့သက်သက်  ရည်မှန်းပြီး လုပ်ဆောင်ခဲ့ ခြင်းပါ။ သည်အတွက်  အပိုမပါသည့် တစ်ခုတည်း သောအသက်ကို  ပေးဆပ်ရန်လည်း   ဝန်မလေးကြ သူများပါ။ ပေးလည်းပေးဆပ်ခဲ့ကြသည်။ 
ဒုတိယမြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့သည့် ဘုရင့်နောင်မင်းတရားကြီး၏ “တန်ဖိုးမြင့်လူသား” စိတ်ထားနှစ်ရပ်ကို သာဓကပြပါရစေ။ ပထမအချက် ကတော့ တောင်ငူဘုရင် တပင်ရွှေထီး ယစ်ထုပ်ကြီး ဖြစ်နေ၍ တိုင်းပြည်ရေးရာများကို ဘုရင့်နောင်က စီမံခန့်ခွဲနေသည်ကိုကြည့်ပြီး မှူးမတ်များက ထီးနန်း သိမ်းယူရန်   အကြံပြုသည့်အခါတွင်     “အစ်ကိုတို့  ဒီစကား   ဒီမှာသာပြီးစေ၊     ကျွန်ုပ်မလုပ်နိုင်”   တဲ့။   လောကီ၏အမြင့်ဆုံးစည်းစိမ် မင်းအာဏာကို   မိမိ၏ အရှင်ကို  သစ္စာဖောက်ပြီး  အချောင်မလိုချင်သည့် စိတ်ဓာတ်ပါ။ မဟုတ်တာလုပ်ရမည်ကို ငြင်းဆိုရဲသည့် သတ္တိရှိသူပါ။  ဒုတိယအနေဖြင့် တိုင်းပြည်ဖရိုဖရဲ ဖြစ်နေသည်ကို  သိမ်းသွင်းသည့်နောက်ဆုံးတိုက်ပွဲ တွင် တစ်ဖက်ခေါင်းဆောင်က  သူ့ဆင်ကို   ချွန်းဖွင့်ပြီး   အပြေးဝင်တိုက်လာသည့်အချိန်တွင်   ဘုရင့်နောင် သည်   ဆင်ပေါ်တွင်ရှိသည့်    ခရားထဲကရေကို သွန်းလောင်းပြီး သစ္စာပြုသည်ကတော့ “အများ အကျိုး၊    သာသနာ့အကျိုး     သယ်ပိုးနိုင်မယ်ဆိုရင်    သည်တိုက်ပွဲမှာ အောင်နိုင်ရပါလို၏”တဲ့။ သူ့အသက်၊  ကိုယ့်အသက်လုနေရသည့်အချိန်မှာတောင်    “အများ အကျိုး” အတွက်ကို အလေးထားနိုင်သူမို့ “တန်ဖိုးမြင့် စိတ်ထားပိုင်ရှင်” ပါ။ 


မြန်မာတိုင်းရင်းသား လွတ်လပ်ရေးကြိုးပမ်း ခဲ့သူများသည်လည်း   “ဘုရင့်နောင်၏မျိုးဆက် ပီသစွာ ထိုစိတ်ဓာတ်ကို ပိုင်ဆိုင်ခဲ့သည့် တန်ဖိုးမြင့် လူသားများ” ပါ။ လွတ်လပ်ရေးရလျှင် ငါတို့တစ်တွေ ဘာရာထူးကြီးရမှာမို့   တိုက်ပွဲဝင်မည်၊    နိုင်ငံရေး လုပ်လိုက်ဦးမည်ဆိုသည့်လူတစ်ယောက်မျှ  မပါခဲ့ပါ။ လွတ်လပ်ရေးရလျှင်   စာလေးရေးပြီး    အေးအေး ဆေးဆေးနေမည်ဆိုသည့်   ဗိုလ်ချုပ်အောင်ဆန်းနှင့် ကျောင်းဆရာဘဝနှင့်    စာလေးရေးနေတော့မည် ဆိုသည့်သခင်နုတို့လို လူမျိုးများချည်းပါပဲ။ ထိုစိတ်ထား ကြောင့် သမိုင်းတွင် လွတ်လပ်ရေးခေါင်းဆောင်များ အဖြစ် မော်ကွန်းတင်ခဲ့ကြခြင်းပါ။ သူတို့အသက်သည် မြန်မာ့သမိုင်း၏ခေတ်အဆက်ဆက်တွင် ဆက်လက် ရှင်သန်နေဦးမည့် “တန်ဖိုးမြင့်လူသား” များပါ။ 


 အောင်မြင်ချင်၊ ကြီးပွားချင်လျှင် “အောင်မြင် ရေးတက်ကျမ်း” များဖတ်ပြီး လိုက်နာဆောင်ရွက်မှ အောင်မြင်ကြီးပွားလိမ့်မည်ဟု        မတွေးပါနှင့်။ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းကို ဂဃဏန လေ့လာပြီး အောင်မြင်ရေးအမြင်ဖြင့် အနှစ်ထုတ်နိုင် လျှင် သင် “အောင်မြင်သူဘဝ” ရောက်ချင်တာလား (သို့မဟုတ်) “အောင်မြင်သူတို့ရဲ့ထိပ်က တန်ဖိုးမြင့် လူသားဘဝ”   တွင်  ရပ်တည်မှာလားဆိုသည်ကို ကွဲပြားစွာ ဆုံးဖြတ်နိုင်လာပါလိမ့်မည်။ တက်ကျမ်း များက ပြထားသည့်အတိုင်း ကျွန်တော်တို့ လိုက်ပြီး ကျင့်ကြံလျှင် အောင်မြင်ပါလိမ့်မည်။    သို့သော် မြန်မာ့လူ့ဘောင်ကောင်းကျိုးအတွက်  သင်မလွဲ မသွေထမ်းဆောင်ရမည့် တာဝန်နှင့် ဝတ္တရားများ ကို များသောအားဖြင့်  မပေးနိုင်ကြပါ။   သင်တို့၊ ကျွန်တော်တို့၏   ပုဂ္ဂလိကအကျိုးစီးပွားကိုသာ ဖော်ဆောင်ပေးသည့်အတွက်  အောင်မြင်သူဘဝ မှာသာ ရပ်သွားပါလိမ့်မည်။ 


ကျွန်တော်တို့  အောင်မြင်သူတို့၏ထိပ်က “တန်ဖိုးရှိတဲ့သူ”       ဖြစ်ချင်မှဖြစ်လာပါမည်။ စိတ်ထားမြင့်မြတ်သူများ၏ အသက်၊ သွေး၊ ချွေး တို့ဖြင့်   ရေးထိုးထားသည့်    မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းက လူတစ်ဦးချင်း၏ အောင်မြင်မှု နှင့်အတူ ကျွန်တော်တို့ကို    မိမိနိုင်ငံနှင့်   လူမျိုး အတွက် “လုပ်ရမည့်တာဝန်” (Dos) နှင့် “မလုပ် အပ်သည့်အလုပ်” (Don’ts) ဟု ဆိုသည့် လူ့တန်ဖိုး များကိုပါ ညွှန်းဆိုပေလိမ့်မည်။ 
ကျွန်တော်တို့သည်  တန်ဖိုးရှိသည့်   လူသား ဖြစ်လိုလျှင်    လွတ်လပ်ရေးခေါင်းဆောင်များ အသက်၊ သွေးနှင့်ရင်းခဲ့သည့်   လွတ်လပ်ရေးကို ထိန်းသိမ်းရန်၊  ကာကွယ်ရန်၊    စောင့်ရှောက်ရန် တာဝန်ရှိသူဟု သင်တို့၊ ကျွန်တော်တို့တစ်ဦးချင်း၏ ဘဝအောင်မြင်ရေးကို    ကြိုးပမ်းရင်း    ခံယူ လုပ်ဆောင်နေလျှင်     ကျွန်တော်တို့ဆောင်ရွက် သည့်အဆင့်နှင့်ညီသည့်  တန်ဖိုးရှိလူသားဖြစ်နေ ပါပြီ။     နယ်ပယ်တစ်ခုခုတွင်       လူအများစုက အောင်မြင်ကျော်ကြားသူနိုင်ငံသားဟု  သတ်မှတ် သော်လည်း လွတ်လပ်ရေးကို ထိပါးသူ၊ ဖျက်ဆီးသူ (သို့မဟုတ်) ထိန်းသိမ်းကာကွယ်ရန် ပျက်ကွက် နေသူဖြစ်နေလျှင်  သမိုင်းကတော့   တာဝန်မဲ့သူ ဟုသာ မှတ်တမ်းတင်ပေလိမ့်မည်။ 


အကယ်၍ မြန်မာ့လွတ်လပ်ရေးကို ထိပါးပြီးမှ လူတစ်ဦးချင်း၏အောင်မြင်မှုကို ရယူရမည်ဆိုလျှင် မလုပ်နိုင်ဟု သင်တို့၊   ကျွန်တော်တို့ခံယူပြီး   ဘဝ အောင်မြင်ရေးကို  ကြိုးပမ်းခဲ့လျှင်  ကျွန်တော်တို့ သည် “လွတ်လပ်ရေးကို  ထိန်းသိမ်းစောင့်ရှောက် သည့်တန်ဖိုးရှိလူသား” ဖြစ်သွားပါလိမ့်မည်။ သို့ပါ ၍ မြန်မာ့လွတ်လပ်ရေးခေါင်းဆောင်ကြီးများ ကဲ့သို့ “တန်ဖိုးမြင့်စိတ်ထားပိုင်ရှင်    မျိုးဆက်သစ်များ” ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင် ဆက်လက် ပေါ်ထွန်းလာစေရေးကို  မျှော်ကိုးလျက် “မြန်မာ့ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း” က ကျွန်တော်တို့ တိုင်းရင်းသားများအတွက် ညွှန်ပြခဲ့သည့် လူ့တန်ဖိုး နှင့် ဘဝအောင်မြင်ရေးသင်ခန်းစာများ   လေ့လာ မိသမျှကို ရေးသားဖော်ပြလိုက်ပါသည်။       ။
ကျမ်းကိုး ။ ။    (၁) တက္ကသိုလ်   စိန်တင်   (၂၀၁၀) ရဲဘော်သုံးကျိပ်မော်ကွန်း    (ပဉ္စမ အကြိမ်)။ 
    (၂)   ရဲထွဋ်လှ  (၁၉၈၈)    နယ်ချဲ့ တော်လှန်ဆရာစံ။