မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးကို အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ် သတ်မှတ်ကာ ခေတ်အဆက်ဆက်တွင် အစိုးရ အဆက်ဆက်တို့ ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်။ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် ကုလသမဂ္ဂ၊ အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများ၊ မဲခေါင်ဒေသတွင်းနိုင်ငံများ၊ ဘင်းမ်စတက် အဖွဲ့ဝင်နိုင်ငံများ၊ နိုင်ငံတကာမူးယစ်ဆေးဝါး ထိန်းချုပ်ရေး ဆိုင်ရာ အဖွဲ့အစည်းများ၊ UNODC ၊ AFP ၊ DEA ၊ NNCC ၊ ONCB စသည့်နိုင်ငံတကာအဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက် လျက်ရှိသည်။
မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါးပြဿနာမှာ ပထဝီဝင် အနေ အထားအရလည်းကောင်း၊ နိုင်ငံအတွင်း လက်နက်ကိုင် အကြမ်း ဖက်အဖွဲ့အစည်းများ တည်ရှိနေမှုအရလည်းကောင်း ဖြေရှင်းရန် ခက်ခဲနေဆဲဖြစ်ပြီး ဘိန်းစိုက်ဧရိယာများရှိနေကာ ဘိန်းဖြူ ထုတ်လုပ်ခြင်း၊ စိတ်ကြွရူးသွပ်ဆေးပြားများ ထုတ်လုပ်မှု၊ သယ်ဆောင်ရောင်းဝယ်မှုတို့ မြင့်တက်နေခြင်း၊ အစပျိုးဓာတု ပစ္စည်းများ နယ်စပ်ဖြတ်ကျော်သယ်ဆောင်မှု၊ မူးယစ်ဆေးဝါး သုံးစွဲမှုနှင့် နောက်ဆက်တွဲအန္တရာယ်များ မြင့်တက်နေခြင်း စသည့်စိန်ခေါ်မှုများလည်း ရှိနေသည်။ ၂၀၁၀ ပြည့်လွန်နှစ် များမှစကာ ဓာတုပစ္စည်းများကို အခြေခံ၍ထုတ်လုပ်သည့် မူးယစ် ဆေးဝါးပြဿနာမှာ ကြီးထွားလာပြီး မြန်မာနိုင်ငံသည် ကမ္ဘာ့ စိတ်ကြွရူးသွပ်ဆေးပြားထုတ်လုပ်သည့် အဓိကနိုင်ငံများထဲတွင် ပါဝင်လာခဲ့သည်။ ပထဝီဝင်အနေအထားအရ ဓာတုပစ္စည်း ထုတ်လုပ်သော အဓိကနိုင်ငံကြီးနှစ်နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံ နှင့် အိန္ဒိယနိုင်ငံတို့အကြားတွင် ဆက်စပ်တည်ရှိနေခြင်း၊ နိုင်ငံ တကာ မူးယစ်ဆေးဝါးဈေးကွက်ကြီးတစ်ခုဖြစ်သည့် အရှေ့အာရှ နှင့် အရှေ့တောင်အာရှဒေသအတွင်း တည်ရှိနေခြင်းတို့ကြောင့် လည်း မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါးပြဿနာမှာ ပိုမိုနက်ရှိုင်း နေရသည်။
လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် အကြမ်းဖက်လက်နက်ကိုင် ဆူပူသောင်းကျန်းတိုက်ခိုက်မှု များက မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် သယ်ဆောင်ရောင်းဝယ် မှုများကို ပိုမိုမြင့်တက်လာစေနိုင်သည့် အခြေအနေများကို ဖြစ်ပေါ်နေစေသည်။ မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် သယ်ဆောင် ရောင်းဝယ်မှုများအပါအဝင် မူးယစ်ဆေးဝါးလုပ်ငန်းများတွင် တိုင်းရင်းသားလက်နက်ကိုင်သောင်းကျန်းသူ အဖွဲ့အစည်းအချို့ ပါဝင်ပတ်သက်နေပြီး ၎င်းတို့၏ ဝင်ငွေလမ်းကြောင်းတစ်ခု လည်းဖြစ်နေသည်။ ပြည်တွင်း၌ လက်နက်ကိုင်ဆူပူသောင်းကျန်း မှုများ အရှိန်မြင့်လာချိန်မှစကာ မူးယစ်ဆေးဝါးများကို ပမာဏ ကြီးမားစွာ သယ်ဆောင်မှုများ ပိုမိုများပြားလာပြီး ဖမ်းဆီးရမိမှု များလည်း ပိုမိုများပြားလာကြသည်။ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း စစ်ကိုင်းမြို့နယ်နှင့် ကလေးမြို့နယ်တို့တွင် တရားမဝင် သယ်ဆောင်လာသည့် ထိန်းချုပ်ဓာတုပစ္စည်းများ ကျပ် ၄ ဒသမ ၂ ဘီလီယံကျော်ဖိုး ဖမ်းဆီးရမိခဲ့ရာ ၎င်းဓာတုပစ္စည်းများကို မြန်မာ - အိန္ဒိယနယ်စပ်မှ ကလေးမြို့သို့ သယ်ဆောင်ပြီး မန္တလေး တိုင်းဒေသကြီးမှတစ်ဆင့် မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုရန် ရှမ်းပြည်နယ်သို့ တရားမဝင်သယ်ဆောင်ရောင်းဝယ် ခြင်းဖြစ်သည်ဟု သတင်းအရ သိရသည်။ မူးယစ်ဆေးဝါးမှုခင်း များသည် နိုင်ငံဖြတ်ကျော်မှုခင်းများ၊ လက်နက်မှောင်ခိုမှု၊ အကြမ်းဖက်မှု၊ ငွေကြေးခဝါချမှု၊ အဂတိလိုက်စားမှုများနှင့်ပါ ဆက်နွှယ်နေပြီး နိုင်ငံ၏ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးတို့ကို ထိခိုက်စေလျက်ရှိသည်။
မိမိတို့နိုင်ငံတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန် ၂၀၁၃ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ အထူးစစ်ဆင်ရေး ၃၉ ကြိမ် ဆောင်ရွက်ခဲ့သည်။ ယခု နှစ်တွင်လည်း အထူးစစ်ဆင်ရေး Operation 39/24 (2024) ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ရာ နိုင်ငံရေး မတည်မငြိမ်ဖြစ်နေချိန်တွင် အခွင့်ကောင်းယူ ခေါင်းထောင်နေသည့် မူးယစ်ဆေးဝါးတိုက်ဖျက် နှိမ်နင်းမှုတွင် နိုင်ငံသားအားလုံး တာဝန်ကျေပွန်စွာ ပါဝင်ကြရ ပါမည့်အကြောင်း။ ။