နိုင်ငံတော်အစိုးရသည် နိုင်ငံတော်ကပိုင်ဆိုင်ထားသည့် သဘာဝအရင်းအမြစ်များနှင့် လူသားအရင်းအမြစ် များကိုအသုံးချ၍ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုစီးပွားမြင့်မားတိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက် လျက်ရှိသည်။ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ကုန်ထုတ်စွမ်းအား မြင့်မားတိုးတက်မှုနှင့် ဝန်ဆောင်မှုအရည်အသွေးတိုးတက်မြင့်မားမှုအပေါ်တွင် မူတည်သည်။ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်စွမ်းအားများ မြင့်မားတိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံသည် သဘာဝအခြေခံကောင်းများနှင့် ရေခံမြေခံကောင်းများ ပေါများကြွယ်ဝသည့်နိုင်ငံ ဖြစ်သည်။ မြန်မာနိုင်ငံသည်အလုပ်လုပ်နိုင်သော လူဦးရေအများဆုံးနိုင်ငံများတွင်ပါဝင်သည်။ အလုပ်လုပ် နိုင်သူ လူဦးရေပေါများခြင်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံ့စီးပွားမြင့်မားတိုးတက်ရေးတို့အတွက် အရေးပါသည့် လူ့စွမ်းအားအရင်းအမြစ် အခြေခံကောင်းများကို ပိုင်ဆိုင်ထားသည်။ အသိပညာနှင့် အတတ်ပညာပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ်ကောင်းများ မွေးထုတ်ပေးနိုင်ရေးအတွက် ပညာရေးကို အားပေးမြှင့်တင်လျက်ရှိသည်။ ပညာရေးတွင် အနည်းဆုံးအဆင့် KG+9 ပြီးဆုံးသည်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုကျွမ်းကျင်သူများဖြစ်လာစေမည့် အသက်မွေးဝမ်းကျောင်းပညာများကို သင်ကြားပေးလျက်ရှိသည်။
နိုင်ငံတော်ကပိုင်ဆိုင်ထားသည့် သဘာဝအရင်းအမြစ်များကို အကျိုးရှိထိရောက်စွာအသုံးချပြီး စိုက်ပျိုး မွေးမြူရေး ကုတ်ထုတ်လုပ်ငန်းများကို ခေတ်မီနည်းစနစ်များဖြင့် ပေါင်းစပ်မြှင့်တင်၍ တန်ဖိုးမြှင့် ထုတ်ကုန်များအဖြစ် ပြောင်းလဲထုတ်လုပ်လျက်ရှိသည်။ ပြည်တွင်း အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (MSME)များကို အားပေးမြှင့်တင်လျက်ရှိသည်။ အလုပ်သမားများ ဝင်ငွေတိုးတက်စေခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများဖြစ်ထွန်းစေခြင်း၊ ကျွမ်းကျင်လုပ်သားများ ရရှိခြင်းအတွက် ကျွမ်းကျင်မှုဆိုင်ရာသင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိသည်။ ထို့အပြင် လုပ်သား အခြေပြု ကုန်ထုတ်လုပ်ငန်းများ တိုးတက်များပြားလာစေရန် ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ခြင်းနှင့် ပြည်ပအလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးဆောင်ရွက်ပေးလျက်ရှိသည်။
နိုင်ငံတော်က အလုပ်အကိုင်အခွင့်အလမ်းများ၊ လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာရေးတို့ကို ကြိုးပမ်းဆောင်ရွက်ပေးနေသကဲ့သို့ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးမှ တစ်ဆင့် ပြည်သူများ၏ လူမှုစီးပွားမြှင့်တင်ရေး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးနှင့် ပြည်ပသွင်းကုန်အစားထိုး နိုင်ရေးအတွက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (MSME)များ ဖွံ့ဖြိုးတိုးတက် စေရေးကို ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက် ရေးအတွက် ဆောင်ရွက်ရာတွင် စီးပွားရေးကောင်းမွန်ရန် အထူးလိုအပ်သည်။ ထို့ကြောင့် ပြည်တွင်းအင်အားများကို အဓိကအသုံးပြု၍ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကိုအခြေခံပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံ၏ လူဦးရေ ၃၁ ရာခိုင်နှုန်းခန့်သည် မြို့ပြများတွင်နေထိုင်ကြပြီး ၇၀ ရာခိုင်နှုန်းနီးပါးသည် ကျေးလက်များတွင်နေထိုင်ကြရာ ထိုအထဲတွင် လူဦးရေ ၅၀ ရာခိုင်နှုန်းခန့်သည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သစ်တောထွက်လုပ်ငန်းများကို လုပ်ကိုင်ကြသည်။ ဒေသတွင်းနိုင်ငံများတွင် မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုသည် မြင့်မားလျက်ရှိကြောင်း သိရသည်။ ထိုအထဲတွင် ကျေးလက်နေပြည်သူများ၏ ဆင်းရဲနွမ်းပါးမှုမှာ ပိုမိုများပြားသည်ကို တွေ့ရသည်။ ထို့ကြောင့် ကျေးလက်နေပြည်သူများ၏ စီးပွားရေးကို မြှင့်တင်ဆောင်ရွက်ပေးမှသာ ၎င်းတို့၏ဝင်ငွေများ တိုးတက်မြင့်မားလာပြီး လူမှုစီးပွား ဘဝများ တိုးတက်လာမည်ဖြစ်သည်။
နိုင်ငံတော်အနေဖြင့် စိုက်ပျိုးမွေးမြူရေးနှင့်ပတ်သက်၍ လူသားအရင်းအမြစ်များရရှိစေရန်အတွက် အခြေခံပညာအလယ်တန်းတွင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအခြေခံဘာသာရပ်များကို သင်ကြားပေးမည် ဖြစ်ပြီး စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများကို တိုးချဲ့ဖွင့်လှစ်ပေးလျက်ရှိသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် လူသားအရင်းအမြစ်ကောင်းများရရှိရေးကို အလေးထားပြီး ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်သည်။ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ထုတ်ကုန်ပစ္စည်းများ တိုးတက်ရရှိပြီး ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေးကို ဆောင်ရွက်နိုင်မည်ဆိုပါက ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သကဲ့သို့ ပြည်ပပို့ကုန်များလည်း တိုးမြှင့်ရရှိစေမည်ဖြစ်သည်။
သို့ဖြစ်ရာ နိုင်ငံ၏ပိုင်ဆိုင်ထားသော အရင်းအမြစ်များကို ထိရောက်စွာအသုံးချ၍ ထုတ်ကုန်များကို ပိုမိုတိုးတက်ထုတ်လုပ်နိုင်ခြင်းဖြင့် ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်မည်ဖြစ်သကဲ့သို့ ပြည်ပသို့ ပိုမိုတိုးမြှင့်တင်ပို့နိုင်ခြင်းဖြင့် နိုင်ငံခြားဝင်ငွေများလည်းပိုမိုရရှိကာ နိုင်ငံ့စီးပွားမြင့်မားတိုးတက်လာပြီး ပြည်သူများ၏ လူမှုစီးပွားဘဝများ မြင့်မားတိုးတက်လာမည်ဖြစ်ပါကြောင်း။ ။



