နိုင်ငံ၏ အနာဂတ်အင်အား လူငယ်များ ဖွံ့ဖြိုးရေး

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် မိမိနိုင်ငံ တွင် ရှိနေသည့် ငွေကြေးအင်အား၊ ရုပ်ဝတ္ထုအင်အားနှင့် လူအင်အားဟူသော အရင်းအမြစ်သုံးခုကို ထိထိရောက်ရောက် စုစည်းအသုံးပြုကြရသည်။ အဆိုပါ  အရင်းအမြစ်သုံးခုတွင် အဓိကအကျဆုံးမှာ လူ့စွမ်းအားအရင်းအမြစ် ဖြစ်သည်။ ကောင်းမွန်သည့် လူ့စွမ်းအားအရင်းအမြစ်က ကျန်သည့် ငွေကြေး နှင့် ရုပ်ဝတ္ထုအရင်းအမြစ်တို့ကို အသုံးပြုကာ နိုင်ငံဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်နိုင်ခြင်းကြောင့် ဖြစ်သည်။ သို့ရာတွင် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ထိရောက်စွာ အသုံးမပြုနိုင်ဆုံးသော အရင်းအမြစ်မှာ လူ့စွမ်းအားအရင်းအမြစ်ဖြစ်သလို လေလွင့် ပြုန်းတီးမှု အများဆုံးသော အရင်းအမြစ်လည်း ဖြစ်သည်ဟူ၍ သုတေသီများက ဆိုကြသည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်သည့်အရွယ်ဟူ၍ အသက် ၁၅ နှစ်မှ ၆၄ နှစ်အထိအရွယ် တစ်နည်းအားဖြင့် အလုပ် လုပ်ကိုင်နိုင်သည့်အရွယ်ကို သတ်မှတ်ထားခြင်းဖြစ်သည်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် အသက် ၁၅ နှစ်မှ ၆၄ နှစ်အတွင်းရှိ အလုပ်လုပ်နိုင်သည့် လူဦးရေအချိုးအစားမှာ ၆၅ ဒသမ ၆ ရာခိုင်နှုန်းရှိနေရာ ယင်းသို့ အများအပြားရှိနေခြင်း သည် နိုင်ငံအတွက် “လူဦးရေဆိုင်ရာ ဆုလာဘ်”ဖြစ်ပြီး နှစ်ပေါင်း ၂၀ အတွင်း ထိထိရောက်ရောက် အကျိုးရှိစွာ အသုံးချနိုင်ပါက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုမည်ဖြစ်ကြောင်း လူဦးရေဆိုင်ရာ ပညာရှင်များက ထောက်ပြထားသည်။ မိမိတို့ တွင် ရှိနေသည့် လူဦးရေဆိုင်ရာဆုလာဘ် သို့မဟုတ် လူသားအရင်း အမြစ်ကို တန်ဖိုးမြှင့်တင်နိုင်ရန် လိုအပ်သည့်အလျောက် ကျန်းမာ သန်စွမ်းသူများဖြစ်အောင် အတတ်ပညာ၊ နည်းပညာနှင့် အသက် မွေးဝမ်းကျောင်းပညာ ကျွမ်းကျင်သူများဖြစ်အောင် စဉ်ဆက် မပြတ် ပြုစုပျိုးထောင်သွားရန်လည်း လိုအပ်မည်ဖြစ်သည်။ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးအောင် ဆောင်ရွက်ရာတွင် လူငယ်ဖွံ့ဖြိုးရေးက အဓိကကျသည်။ လူငယ်ကို အသက်အပိုင်း ခြားအားဖြင့် အသက် ၁၅ နှစ်မှ ၃၅ နှစ်အတွင်း ရှိသူများကို သတ်မှတ်ထားခြင်းဖြစ်သည်။ ယင်း အသက်အပိုင်းအခြားသည် ပညာသင်ယူသည့်အရွယ်နှင့် လုပ်ငန်းခွင်ဝင်ရောက်သည့် အရွယ် တို့ ဆက်စပ်ပါဝင်နေခြင်းဖြစ်ရာ လူငယ်များကျန်းမာကြံ့ခိုင်ရေး၊ အသိပညာ အတတ်ပညာများ တတ်မြောက်ကျွမ်းကျင်ရေး၊ အကျင့်စာရိတ္တကောင်းမွန်မြင့်မားရေး၊ လူမှုပေါင်းသင်းဆက်ဆံ မှုတို့ ကျွမ်းဝင်ရေး၊ ဥစ္စာစီးပွားတို့ ပြည့်စုံရေးဟူသော ဗလငါးတန် ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ပေးရမည်ဖြစ်သည်။ တောင်ပေါ် မြေပြန့်နှင့် နယ်စပ်ဒေသများပါမကျန် လူငယ်များဖွံ့ဖြိုးရေး အတွက် ဆောင်ရွက်ပေးနိုင်သည့် နယ်ပယ်များတွင် လူငယ်များ ကိုယ်တိုင်ကိုယ်ကျ ပါဝင်နိုင်ရန် လက်တွေ့ကျကျ ဆောင်ရွက် ပေးပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ် ကောင်းများ ဖြစ်လာစေရန်နှင့် နိုင်ငံရေးအတွက် အသုံးချခံရသူ များ ဖြစ်မသွားစေရန် ဦးတည်ထားရန် လိုအပ်သည်။ ယခုအခါ မိမိတို့နိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေးတုံ့ဆိုင်းကျဆင်းမှုနှင့်အတူ ကပ်ရောဂါကာလအတွင်း ကန့်သတ်တားဆီးထားရသည်များအတွက် လူငယ်များ၏ ပညာ သင်ကြားရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်အခွင့်အလမ်းရရှိရေး တို့ ဆုံးရှုံးနစ်နာလျက်ရှိကြသည်။ မြို့ပြ၊ ကျေးလက်နှင့် လူမှု အဆင့်အတန်းအသီးသီးတွင် ရှိနေသည့် လူငယ်များအားလုံးမှာ လတ်တလော အနာဂတ် ပျောက်ဆုံးနေကြသည့်အချိန်တွင် နိုင်ငံရေး အပြောင်းအလဲဖြစ်ပေါ်ခဲ့ရာ လူငယ်အများအပြားတို့မှာ နိုင်ငံရေးသမားတို့၏ အသုံးချခံဖြစ်ခဲ့ရသည်။ မည်သို့ပင်ဆိုစေ နိုင်ငံ၏ အနာဂတ်ကို ပိုင်စိုးသူများမှာ လူငယ်များသာဖြစ်သည့် အလျောက် လူငယ်များဖွံ့ဖြိုးရေးကို မပျက်မကွက် ဆောင်ရွက် ပေးခြင်းဖြင့် နိုင်ငံ၏ အနာဂတ်ကို တည်ဆောက်နိုင်ပါစေ ကြောင်း။ ။