ငါးပုစွန် သယံဇာတများ ရေရှည်တည်တံ့စေရေး

 

ငါးပုစွန်မျိုးများ မပြုန်းတီးစေရေး၊ မျိုးကောင်းမျိုးသန့်ငါးများ တည်တံ့ တိုးပွားကာ   ရေရှည်ထုတ်ယူစားသုံးနိုင်စေရေးတို့ အတွက် ငါးသား ပေါက်သည့် မိုးရာသီတွင် ငါးဖမ်းဆီးခြင်း မပြုရန်  သက်ဆိုင်ရာက  နှိုးဆော်လျက်ရှိသည်။ မိုးဦးကျ  ဇွန်၊  ဇူလိုင်လတို့တွင် မြစ်ချောင်းအင်း အိုင်များ၌ သဘာဝအလျောက်   ဥချသားပေါက်ကြမည့်  အထီးအမ ငါးကြီးများ ဥချရန် နေရာရှာကာ ငါးရစ်တက်ကြသည်။ ယင်းကာလ အတွင်း ဖမ်းဆီးခြင်းမပြုဘဲ ငါးများသားပေါက်နိုင်ရန် အခွင့်အလမ်းများ ဖန်တီးပေးခြင်းဖြင့် ငါးတစ်ကောင်မှ ထောင် သောင်းနှင့်ချီ၍ ငါးများ တိုးပွားလာနိုင်မည်ဖြစ်သည်။

 


မြန်မာနိုင်ငံသည်    မြစ်ချောင်းအင်းအိုင်ပေါများပြီး   ငါးနှင့် ရေ သယံဇာတပိုင်ဆိုင်မှု ကမ္ဘာ့အဆင့် ၁၄ တွင်ရှိသည်။ ရေချိုငါးလုပ်ငန်း ထုတ်လုပ်မှုအနေဖြင့်      အရှေ့တောင်အာရှတွင်   အမြင့်ဆုံးဖြစ်ပြီး ပြည်တွင်းငါးထုတ်လုပ်မှု၏ ၂၈ ရာခိုင်နှုန်းခန့်ရှိသည်။ သို့ရာတွင် နိုင်ငံ၌ လူဦးရေတိုးတက်များပြားလာခြင်းကြောင့် ငါးပုစွန်ဖမ်းဆီးမှု ပိုမိုများပြားလာခြင်း၊ လူနေမြို့ရွာများ တိုးချဲ့လာခြင်းကြောင့် ငါးပုစွန် များ ပေါက်ပွားရာနေရာများ  ပျောက်ကွယ်သွားခြင်း၊ ငါးနေငါးထိုင် များ    လျော့နည်းသွားခြင်း  စသည့်အကြောင်းများကြောင့် ငါးပုစွန် သယံဇာတများ   လျော့နည်းရှားပါးလာခြင်းနှင့်အတူ    ငါးပုစွန် ထုတ်လုပ်နိုင်မှုမှာလည်း လျော့ကျလာလျက်ရှိသည်။ ယင်းသို့သော အခြေအနေတွင် ငါးသားပေါက်ချိန် ငါးရစ် ငါးသန်ငါးများကို ဖမ်းဆီး ခြင်း၊ ရှော့ခ်တိုက်၊ အဆိပ်ချ၊ မိုင်းခွဲ စသည့်နည်းလမ်းများကို အသုံးပြု ဖမ်းဆီးခြင်းတို့က မြစ်ချောင်းအင်းအိုင် ရှိသမျှတို့တွင် ရေသာများ၍ ငါးမတွေ့သည့်အဖြစ်မျိုးသို့ ရောက်ရှိသွားစေနိုင်သည်။

 


သို့ဖြစ်ရာ ငါးလုပ်ငန်းဦးစီးဌာနက “ငါးရစ်ငါးသန်ဘေးမဲ့ချန်၊ ပုံမှန် စားသုံးမျိုးမသုဉ်း” ၊ “ငါးရစ်တစ်ကောင် သုံးလရှောင်၊ ထောင်သောင်း တိုးပွားရေရှည်စား” အစရှိသည့် ဆောင်ပုဒ်များဖြင့် ငါးသားပေါက် သည့် ရာသီတွင် ငါးမဖမ်းဆီးရေးအတွက် နှိုးဆော်လျက်ရှိသကဲ့သို့ ရေသတ္တဝါများ  မျိုးပွားရာသီကာလတွင်  ဖမ်းဆီးခြင်း၊ သယ်ယူ စုဆောင်းခြင်းများ မပြုလုပ်ကြရန် အမိန့်ကြော်ငြာစာများ၊ ညွှန်ကြား ချက်များ ထုတ်ပြန်တားမြစ်လျက်ရှိသည်။ ရေချိုငါးအားလုံးကို မေလ ၁ ရက်နေ့မှ ဇူလိုင်လ ၃၁ ရက်အထိ သုံးလတာကာလအတွင်း ဖမ်းဆီး ခြင်း၊ စုဆောင်းသိုလှောင်ခြင်း၊ ရောင်းဝယ်တင်ပို့ခြင်းတို့ မပြုလုပ် ရန် အသိပေးထားပြီးဖြစ်သည်။   ငါးပုစွန်မျိုးများ  မပြုန်းတီးဘဲ  ရေရှည်ထုတ်လုပ်စားသုံးနိုင်ရန်  ရည်ရွယ်ထုတ်ပြန်ထားသည့် အမိန့် ကြော်ငြာစာများ၊ ညွှန်ကြားချက်များကို အသိတရားဖြင့် လိုက်နာ စောင့်ထိန်းကြရန်  လိုအပ်ပြီး တားမြစ်ချက်ကို ဖောက်ဖျက် ကျူးလွန် ပါက  သက်ဆိုင်ရာ ဥပဒေအရ ဖမ်းဆီးတရားစွဲဆို ပြစ်ဒဏ်ချမှတ်ခြင်း ခံရမည်ကိုလည်း သတိချပ်ကြရန်လိုသည်။

 


မြန်မာနိုင်ငံ၏  ငါးထုတ်လုပ်မှု  ၂၀၂၀-၂၀၂၁ ခုနှစ်တွင် မက်ထရစ် တန်ချိန် ၆၀၀၀ ကျော် ထုတ်လုပ်နိုင်ခဲ့သည်။ ပြည်တွင်း အသားတင် ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး(ဂျီဒီပီ) တွင် လယ်ယာကဏ္ဍကြီးမှ ၂၃ ဒသမ ၇ ရာခိုင်နှုန်းပါဝင်ရာ ငါးကဏ္ဍမှ ၅ ဒသမ ၂ ရာခိုင်နှုန်းပါဝင် သည်။ ရေချိုရေငန်ငါးလုပ်ငန်းများတွင် အသက်မွေးဝမ်းကျောင်းနေကြ သူ နိုင်ငံသား ၃ ဒသမ ၂ သန်းခန့်ရှိနေရာ စိုက်ပျိုးရေးကဏ္ဍပြီးလျှင်  ဒုတိယအကြီးမားဆုံးဖြစ်သည်။ ရေချိုငါးလုပ်ငန်းတွင် ဂရန်အင်း ပေါင်း ၃၇၀၀ ကျော်၊  တင်ဒါချက်ပေါင်း  ၃၈၀၀ ခန့်  လုပ်ကိုင်ခွင့်ပြုထား သည်။ ငါးသယံဇာတများ  လျော့နည်းကျဆင်းနေရာတွင် ရေချိုငါး ဈေးကွက်အတွင်း   ငါးမြစ်ချင်း၊  ငါးကြင်းစသော မွေးမြူရေးငါးများကို သာ  အတွေ့ရများနေပြီး ငါးရံ့၊  ငါးကျည်း၊ ငါးခူ၊ ငါးပြေမကဲ့သို့သော    တိုင်းရင်းငါးမျိုးများမှာ    ရာသီချိန်တွင်သာ အနည်းငယ်တွေ့ရသည် အထိ ရှားပါးနေပြီဖြစ်သည်။

 


ပြည်တွင်း  ရေချိုငါးထုတ်လုပ်မှု တိုးတက်လာရေး၊ ငါးသယံ ဇာတများ ရေရှည်တည်တံ့နိုင်ရေးအတွက် ကောင်းမွန်ပြည့်စုံသည့် စီမံခန့်ခွဲမှုများ  လိုအပ်သလို  ငါးကဏ္ဍတွင်  ပါဝင်အသက်မွေးဝမ်း ကျောင်းပြုနေသူများကလည်း    တာဝန်သိသူများအဖြစ်  လိုက်ပါ ပူးပေါင်းဆောင်ရွက်ကြရန် လိုသည်။ ငါးမဖမ်းရ ရာသီများ သတ်မှတ် ခြင်း၊ ငါးမဖမ်းရ ဧရိယာများ သတ်မှတ်ခြင်း စသည်တို့မှာ ရေရှည်တွင် ငါးပုစွန်မျိုးစုံသယံဇာတများ ပြန်လည်ပေါများလာရေး၊ ငါးပုစွန်ထုတ် လုပ်မှုတိုးတက်ရေးတို့အတွက်ဖြစ်ရာ ငါးလုပ်ငန်းဖြင့် အသက်မွေး ဝမ်းကျောင်းနေသူများ၏ အကျိုး၊ စားသုံးသူများ၏ အကျိုးနှင့် နိုင်ငံ့ အကျိုးအတွက်ဖြစ်သည့်အလျောက်      ပူးပေါင်းပါဝင်ဆောင်ရွက် ကြရပါမည့်အကြောင်း။       ။