မူးယစ်ဆေးနှင့် စိတ်ပြောင်းဆေးများ လူငယ်တို့၏ ပတ်ဝန်းကျင်မှဖယ်ရှား

 

မူးယစ်ဆေးဝါးပြဿနာက မိမိတို့နိုင်ငံတွင်ရော တစ်ကမ္ဘာလုံးတွင် ပါ ရင်ဆိုင်နေကြရသည့် ပြဿနာဖြစ်သည်။ ပြီးခဲ့သည့်ရက်ပိုင်း အတွင်း တောင်ကိုရီးယားနိုင်ငံရှိ အမေရိကန်စစ်အခြေစိုက်စခန်း တစ်ခုတွင် အမေရိကန်စစ်သားများ ခိုးသွင်းလာသည့် ဓာတုဆေး ခြောက်များ သိမ်းဆည်းရမိမှုနှင့် ထိုင်းနိုင်ငံတွင် ဆေးခြောက်ကို တရားဝင်သုံးစွဲခွင့်ပြုလိုက်သည့်အပေါ် ဝေဖန်မှုများ ထွက်ပေါ် လာသည့် သတင်းများကို တွေ့ရှိရသည်။ မိမိတို့နိုင်ငံတွင် မူးယစ် ဆေးဝါးပြဿနာကို မြို့ပြများတွင်သာမက ကျေးလက်ဒေသများ တွင်ပါ တွေ့ရှိနေရသည်ဟု ဆိုသည်။ 


မူးယစ်ဆေးဝါးသုံးစွဲမှုသည် လူငယ်၊ လူရွယ်များအတွင်း အများဆုံးဖြစ်ပေါ်နေသည့် အလေ့အထဖြစ်ပြီး အသစ်အဆန်းကို စူးစမ်းလိုသော လူငယ်များအကြား မူးယစ်ဆေးဝါးအသစ်အဆန်း များဖြင့် ဆွဲဆောင်လာကြသည်။ လူငယ် လူရွယ်များ အများစု သွားရောက်ကြသည့် ဘားများ၊ နိုက်ကလပ်များ၊ KTV များ စသည့် နေရာများတွင် K ခေါ် ကတ်တမင်း၊  E ခေါ်  အက်စ်တာဆီ၊ ICE ခေါ်  မက်သာဖက်တမင်း၊  Happy Water   ခေါ် ကတ်တမင်း၊ အမ်ဖက်တမင်း၊ ကဖိန်း၊ အက်စ်တာဆီ၊ ဒိုင်ယာဇီပင်၊ ထရာမဒေါ တို့ ရောနှောထားသည့်  မူးယစ်ဆေးတို့ကို  အလွယ်တကူ  ရရှိ နိုင်ကြောင်း၊ မူးယစ်ဆေးများ သုံးစွဲခြင်းဖြင့် စိတ်ကူးယဉ်အာရုံများ ခံစားနိုင်ကြသလို ညလုံးပေါက်  ကခုန်နိုင်ကြကြောင်း စသည်တို့  အပြင်   ဆေးလွန်ခြင်းကြောင့်   ဆေးရုံသို့ပို့ကာ   ခက်ခက်ခဲခဲ အသက်ကယ်ကြရခြင်း၊      တစ်သက်တာလူစဉ်မမီသည့်ဘဝ ကျရောက်သွားရခြင်း၊   သေဆုံးသွားရခြင်း   စသည်တို့ကိုလည်း ကြားသိနေရသည်။


မူးယစ်ဆေးဝါးတို့၏သဘာဝမှာ စိတ်ကိုစွဲလမ်းစေတတ်ခြင်းပင် ဖြစ်ပြီး  ရံဖန်ရံခါ သုံးစွဲမှုမှသည်  မကြာခဏ၊ ထိုမှတစ်ဆင့်တက် ၍ နေ့စဉ်ဆက်တိုက်သုံးစွဲလာတတ်သည်။ ဆေးသုံးစွဲမှုမှ ခဏတာ ရရှိသော စိတ်ပိုင်းဆိုင်ရာ ခံစားမှုအပေါ် စွဲလမ်းရာမှ မသုံးစွဲရလျှင် မနေနိုင်သည့်   အခြေအနေဖြစ်ပေါ်လာသည်။  စိတ်ကျန်းမာရေး အပေါ်တွင်ရော ကိုယ်ခန္ဓာကျန်းမာရေးအပေါ်တွင်ပါ  မူးယစ်ဆေးဝါး ကြောင့်     ဆိုးကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လာသည်။ လူငယ် လူရွယ်များအတွင်း မူးယစ်ဆေးဝါးသုံးစွဲမှုများမှာ  လူမှုဆက်ဆံမှု များမှ  အများဆုံးဖြစ်သည်။  မူးယစ်ဆေးဝါးသုံးစွဲမှုကို   ခေတ်မီ သူတိုင်းပြုလုပ်ကြခြင်းဖြစ်သည်ဟူ၍ လွဲမှားစွာ ယူဆခြင်း၊ ရွယ်တူအပေါင်းအသင်းများအကြား ဝင်ဆံ့စေရန် အားကျမခံ ဝင်ရောက်သုံးစွဲခြင်း၊ အသစ်အဆန်းတစ်ခုအနေဖြင့် လက်တည့် စမ်းသုံးစွဲခြင်း၊ အပေါင်းအသင်းသူငယ်ချင်းများက ဆွဲဆောင်ခြင်း၊ ပတ်ဝန်းကျင်၌ မူးယစ်ဆေးဝါးသုံးစွဲသူများ ရှိနေသည်ကို အတုမြင် အတတ်သင်ကာ သုံးစွဲခြင်းနှင့် ကိုယ်ရည်ကိုယ်သွေး  ညံ့ဖျင်းခြင်း တို့သည် မူးယစ်ဆေးဝါးစွဲရခြင်း၏ အကြောင်းရင်းခံများဖြစ်သည်။ 


မူးယစ်ဆေးဝါး၏ တိုက်ရိုက်ဆိုးကျိုးမှာ သုံးစွဲသူ၏ ရုပ်ပိုင်း၊ စိတ်ပိုင်း ကျန်းမာရေးကို   ထိခိုက်စေခြင်းဖြစ်ပြီး   အခြားအကျိုး ဆက်များအနေဖြင့် လူမှုရေး၊ စီးပွားရေးဆိုင်ရာ မကောင်းသော  အကျိုးဆက်များလည်း ဖြစ်ပေါ်လာနိုင်သည်။ မူးယစ်ဆေးစွဲသူ၏ မိသားစုနှင့်  ပတ်ဝန်းကျင်တို့တွင်   လူမှုအနိဋ္ဌာရုံများပါ ဖြစ်ပေါ် လာနိုင်သည်။  နိုင်ငံအနေဖြင့်မူ အလုပ်လုပ်နိုင်သော လူ့စွမ်းအား အရင်းအမြစ် ဆုံးရှုံးရခြင်းဖြစ်သည့်အပြင် ကုသမှုပေးရသဖြင့် ဝန်ထုပ်ဝန်ပိုးများပါ ဖြစ်ပေါ်လာရသည်။ မူးယစ်ဆေးဝါးသုံးစွဲ မှုနှင့်စပ်လျဉ်း၍ လူငယ်များ၏ လူမှုရေးပြဿနာ၊ ကျန်းမာရေး ပြဿနာ၊ ကိုယ်ရည်ကိုယ်သွေးပြဿနာ   စသည်ဖြင့်  အမျိုးမျိုး ရှုမြင်ကြသော်လည်း   အဓိကအားဖြင့်   မူးယစ်ဆေးဝါးများကို လူငယ်များ၏   ပတ်ဝန်းကျင်များမှ  ရှင်းလင်းဖယ်ရှားရန်နှင့် လူငယ်များအား   အသိပညာပေးမှုများ  မြှင့်တင်ရန်  အရေးကြီး သည်။ 


နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးရှုထောင့် မှကြည့်ပါက မူးယစ်ဆေးဝါး ထုတ်လုပ်ကုန်သွယ်မှုသည် လက်နက် ကိုင်သောင်းကျန်းသူအဖွဲ့အစည်းအချို့တို့၏        ပင်မဝင်ငွေ လမ်းကြောင်းဖြစ်နေပြီး  မူးယစ်ဂိုဏ်းများ၏ အဓိကစီးပွားရေး ပင်ဖြစ်ရာ တားဆီးနှိမ်နင်းမှုများကိုလည်း စဉ်ဆက်မပြတ် ပြုလုပ်နေ ရမည်သာဖြစ်သည်။ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ပပျောက် ရေး  ကြိုးပမ်းဆောင်ရွက်ရာတွင်   တရားဥပဒေနည်းလမ်းသာမက ဘက်ပေါင်းစုံမှ ချဉ်းကပ်မှုနည်းလမ်းများဖြင့်ပါ ဆောင်ရွက်နေခြင်း ဖြစ်ရာ မိမိတို့၏ သား၊ သမီးများ၏ ပတ်ဝန်းကျင်၌ မူးယစ်ဆေးဝါး ကင်းစင်ရေး၊    လူငယ် လူရွယ်များကိုယ်တိုင်   အသိတရားဖြင့် မူးယစ်ဆေးဝါးသုံးစွဲမှု ရှောင်ရှားရေးတို့ကို ပြည်သူတစ်ရပ်လုံးက မိမိတို့၏   တာဝန်တစ်ရပ်အဖြစ်   ခံယူဆောင်ရွက်ကြရပါမည့် အကြောင်း။        ။