မြတ်ဗုဒ္ဓပြည်တော်ဝင် တပေါင်းလပြည့်နေ့

တပေါင်းလသည် မပူလွန်း၊ မအေးလွန်း ရာသီဥတု မျှတသောကာလ ဖြစ်ပါသည်။  ဥဒေါင်းငှက်အပေါင်းတို့  ပျော်မြူးတွန်ကျူးသောလ၊ တောပန်း တောင်ပန်းတို့  ဖူးပွင့်ဝေဆာရောင်စုံဖြာနေသောလဖြစ်သည်။  သဘာဝ အလှတရားများ ပြည့်စုံကြွယ်ဝနေသောလတွင် ကောင်းခြင်းမင်္ဂလာအပေါင်း တို့ စတင်ဖြစ်ပေါ်လာကြသည်။  
 
သာယာရှုမောဖွယ်ကောင်းသော  တပေါင်းလတွင်  မြတ်ဗုဒ္ဓဘုရားရှင် အား  ဖခမည်းတော်  သုဒ္ဓေါဒနမင်းကြီးနှင့်တကွ ဆွေတော်မျိုးတော်အပေါင်း တို့က ဖူးမြော်ခွင့်ရရန် မျှော်လင့်နေကြသည်။ ထိုအခါ ကာဠုဒါယီမထေရ်မြတ် က အေးချမ်းသာယာမှုအပေါင်းနှင့်  ပြည့်စုံသော တပေါင်းလတွင် မြတ်ဗုဒ္ဓအား ကပိလဝတ်ရွှေမြို့တော်သို့  ဒေသစာရီကြွချီတော်မူရန်  သင့်လျော်ပါကြောင်း ဂါထာပေါင်း ၆၄ ဂါထာဖြင့် ချီးမွမ်းလျှောက်ထားခဲ့သည်။
 
မြတ်ဗုဒ္ဓအား  ကပိလဝတ်ရွှေမြို့တော်သို့   ကြွတော်မူရန် လျှောက်ထား သည့်နေ့သည် မဟာသက္ကရာဇ် ၁၀၃ ခု တပေါင်းလပြည့်နေ့ ဖြစ်သည်။ ထို့ကြောင့်     တပေါင်းလပြည့်နေ့ကို   မြတ်ဗုဒ္ဓပြည်တော်ဝင်သောနေ့ဟု သတ်မှတ်သင့်သည်။ မြတ်ဗုဒ္ဓသည် ကာဠုဒါယီမထေရ်၏ လျှောက်ထားချက် ကို  လက်ခံတော်မူပြီး  တပေါင်းလပြည့်ကျော်တစ်ရက်နေ့တွင်   ရဟန္တာ နှစ်သောင်းခြံရံကာ  ရာဇဂြိုဟ်မြို့မှ  စတင်ထွက်ခွာခဲ့သည်။  မြတ်စွာဘုရား သည် တစ်နေ့လျှင်  တစ်ယူဇနာခရီး  ကြွတော်မူခဲ့ရာ  ရက်ပေါင်း ၆၀ ပြည့် သည့်  မဟာသက္ကရာဇ်  ၁၀၄ ခု  ကဆုန်လပြည့်ကျော်တစ်ရက်နေ့တွင် ကပိလဝတ်ရွှေမြို့တော်သို့ ဆိုက်ရောက်တော်မူသည်။
ဗာရာဏသီပြည်သည်      မြတ်ဗုဒ္ဓသာသနာစည်ပင်ထွန်းကားရာ ပထမဆုံးမြို့ဖြစ်ပြီး      ရာဇဂြိုဟ်ပြည်သည်    ဒုတိယစည်ပင်ထွန်းကားရာမြို့ ဖြစ်သည်။  ကပိလဝတ်ပြည်သည်  တတိယမြောက်သာသနာထွန်းကားရာမြို့ ဖြစ်သည်။  မြတ်စွာဘုရားသီတင်းသုံးသဖြင့်   ရာဇဂြိုဟ်ပြည်တွင်  ဝေဠုဝန် ကျောင်းတော်ကြီးပေါ်ထွန်းသကဲ့သို့  ကပိလဝတ်ပြည်တွင်လည်း  နိဂြောဓာရုံ ကျောင်းတော်ကြီး ပေါ်ပေါက်လာသဖြင့် ရဟန်းတော်များ သီတင်းသုံးတော် မူရာ   ပြည်သူပြည်သားများ   ဒါန၊  သီလ၊ ဘာဝနာကောင်းမှုတို့   ပြုလုပ်ရာ ဒေသ ဖြစ်လာသည်။
 
မြတ်စွာဘုရားသည်  ဆွေတော်မျိုးတော်များဖြစ်သော သာကီဝင်မင်း တို့၏ အမျိုးမာန်၊ ဇာတိမာန်ကို နုတ်ပယ်နိုင်ရန် ပေါက္ခရဝဿမိုးကို ရွာသွန်း စေပြီး တန်ခိုးပြသည်။ အမျိုးအနွယ်ထက်  သီလ၊ သမာဓိ၊ ပညာ အကျင့်မြတ် ကို တန်ဖိုးထားရန်၊ အကျင့်မြတ်နှင့် ပြည့်စုံသော ရဟန်းသံဃာတို့ကို ရိုသေ လေးစားရန် ဆုံးမနိုင်ခဲ့သည်။ ဂါထာတစ်ထောင်ဖြင့် တန်ဆာဆင်အပ်သော ဝေဿန္တရာဇာတ်တော်ကြီးကို  ဟောကြားတော်မူခဲ့သည်။  မဟာဓမ္မပါလ ဇာတ်ကို  ဟောကြားတော်မူသောအခါ   ခမည်းတော်   သုဒ္ဓေါဒနမင်းကြီး အနာဂါမ်  ဖြစ်လာသည်။  မိထွေးတော်  ဂေါတမီ  သောတာပန်ဖြစ်လာသည်။ ယသောဓရာကိုအကြောင်းပြု၍  စန္ဒကိန္နရီဇာတ်ကို ဟောကြားတော်မူသည်။ ဇနပဒကလျာဏီ၏    ကြင်ရာလောင်း နန္ဒမင်းသားရဟန်းဖြစ်လာသည်။ သားတော်ရာဟုလာကို ဓမ္မအမွေခံယူနိုင်ရန် ရှင်သာမဏေပြုစေသည်။ သာကီဝင်မင်းသားတစ်ထောင် ရဟန်းဖြစ်လာသည်။ ဗုဒ္ဓဝင်ဒေသနာတော်ကို ဟောတော်မူသည်။
ခမည်းတော်နှင့်တကွ  ကပိလဝတ်ပြည်သူပြည်သားများ  မြတ်စွာ ဘုရားအား ဖူးမြော်လိုသော ဆန္ဒပြည့်ဝအောင် ဆောင်ရွက်ပေးခြင်း၊ ဆွေတော် မျိုးတော်တို့နေရာ   ကပိလဝတ်ပြည်တွင်  သာသနာတော်ပွင့်ထွန်းစေရန် စွမ်းဆောင်နိုင်ခြင်းတို့သည် ကာဠုဒါယီမထေရ်မြတ်က တပေါင်းလပြည့်နေ့၌ မြတ်ဗုဒ္ဓအား ကပိလဝတ်ပြည်သို့ ကြွချီနိုင်အောင် ဂါထာပေါင်း ၆၄ ဂါထာဖြင့် လျှောက်ထားခဲ့သောကြောင့် ဖြစ်သည်။ သာသနာပွင့်ထွန်းအောင် စွမ်းဆောင် နိုင်ခြင်းကြောင့် ကာဠုဒါယီမထေရ်မြတ်ကို ကုလပ္ပသာဒဧတဒဂ်ဘွဲ့ ချီးမြှင့် တော်မူခဲ့သည်။
 
ဤနေ့  ဤအခါသမယသည်  လူ့အဖွဲ့အစည်းတစ်ခုအတွင်း  မွန်မြတ် ကောင်းမွန်သော  မြတ်ဓမ္မတရားများ  ပြန့်ပွားရေးအတွက်  ဆောင်ကြဉ်းတော် မူနိုင်သည့်အတွက် တပေါင်းလပြည့်နေ့ကို ဗုဒ္ဓဘာသာနှင့်စပ်လျဉ်း၍ ဦးစွာ ပထမအလေးအမြတ်ပြုရမည်  ဖြစ်သည်။  မြန်မာပြည်သူ  ပြည်သားအပေါင်း တို့သည်လည်း    ဤနေ့  ဤရက်မှစ၍    မြတ်ဗုဒ္ဓအားရည်မှန်း၍   လောကီ၊ လောကုတ္တရာကောင်းကျိုးအဖြာဖြာ  ပွားတိုးအောင် အားထုတ်ကြိုးပမ်းသင့် ပါကြောင်း။