မပေါ့ဆသောသတိဖြင့် ကိုဗစ်-၁၉ ကို ခုခံကြပါစို့

 

 

 

ပြည်တွင်း၌ အချင်းချင်းကူးစက်ပြန့်ပွားမှု မရှိသည်မှာ တစ်လခန့် ကြာခဲ့သည့်နောက်တွင် ပြည်တွင်းကူးစက်မှု စတင်တွေ့ရှိသည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကြေညာလိုက်ပါသည်။ စစ်တွေမြို့တွင် စတင်တွေ့ရှိခဲ့ခြင်းဖြစ်၏။ ထိုသို့ စတင်တွေ့ရှိပြီး ငါးရက်ခန့်အကြာတွင် ရောဂါပိုးထပ်မံတွေ့ရှိသူ လေးဆယ်ကျော် ရှိလာ သည့်အတွက် လွန်စွာဂရုထားနေထိုင်ရမည့် အခြေအနေဖြစ်ပါသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကိုဗစ်-၁၉ လူနာများ၏ ဗိုင်းရပ်စ် နမူနာများကို လေ့လာကြည့်ရာတွင် သုံးဆယ်ရာခိုင်နှုန်းသည် (ဒီ-၆၁၄ ဂျီ) ဇီ၀မျိုးဗီဇပြောင်းလဲမှုကို တွေ့ရှိရပြီး ၎င်းသည် ယခင် ကထက် ကူးစက်ပြန့်ပွားနိုင်စွမ်း သိသိသာသာ မြန်ဆန်နေသည်ဟုဆို၏။ မြန်မာနိုင်ငံတွင်လည်း ဆေးသုတေသနဦးစီးဌာနက ပညာရှင်များကို ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုး မျိုးရိုးဗီဇခွဲခြမ်းစိတ်ဖြာမှု ပြုလုပ်ရန် တာဝန် ပေးခဲ့ရာ ဓာတ်ခွဲနမူနာ ၁၀ ခုအနက် ဗီဇပြောင်းလဲမှု ခြောက်ခုတွေ့ရှိ ရသည်ဟု ကြေညာခဲ့ပါသည်။

 

 

ယင်းသို့သော ဗီဇပြောင်းလဲမှု တွေ့ရှိရခြင်းသည် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးသည် ဒုတိယလှိုင်း အသွင် ဖြစ်ပွားနိုင်သည့် အလားအလာရှိနေသည်ဟု ဆိုပါသည်။ ဒုတိယလှိုင်း ဖြစ်လာနိုင်ခြေဟူသည်မှာ ပြည်သူလူထုအနေဖြင့် လုံး၀ပေါ့ဆ၍မရသည့် အနေအထားဖြစ်ပါသည်။

အိမ်နီးချင်းနိုင်ငံများဖြစ်သည့် အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ တို့တွင် ဗိုင်းရပ်စ်ပိုးကူးစက်ပျံ့နှံ့မှု များပြားနေသည့်အတွက် ထိုနိုင်ငံများ နှင့် နီးစပ်သော တိုင်းဒေသကြီးနှင့် ပြည်နယ်ဒေသများအဖို့ အထူးပင် သတိထားကာ ပိုမိုဂရုတစိုက်ရှိကြရန် လိုမည်ဖြစ်ပါသည်။

ကိုဗစ်-၁၉ ကပ်ရောဂါ ကမ္ဘာတစ်ခွင် ခရီးဆန့် ပျံ့နှံ့ကူးစက်နေချိန် ကာလတစ်လျှောက်တွင် မြန်မာနိုင်ငံ၌ ကူးစက်ပြန့်ပွားမှုကို အတော့်ကို ထိန်းချုပ်ထားနိုင်ခဲ့ပါသည်။ ရောဂါပိုး ကူးစက်ပျံ့နှံ့မှုအရှိန်သည်လည်း တဖြည်းဖြည်းချင်း နှေးကွေးလျော့ကျလာသည်ကို သတိပြုမိပါသည်။ ဖြစ်စအချိန်တွင် ကိုဗစ်ရောဂါကြောင့် တိမ်းပါးရသူ ခြောက်ဦးရှိခဲ့ပြီး ထို့နောက်ပိုင်းတွင် အသက်အန္တရာယ် ထိခိုက်သူဟူ၍ လုံး၀မရှိခဲ့။ ရောဂါပိုးရှိသူအရေအတွက်မှာလည်း တစ်စတစ်စ လျော့ကျလာခဲ့သည်ကို နေ့စဉ်သတင်းထုတ်ပြန်ချက်များအရ သိနေရပါသည်။

 

 

ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသော မြန်မာနိုင်ငံသား များနှင့် အကြောင်းအမျိုးမျိုးကြောင့် ပြည်ပမှ မဖြစ်မနေဝင်လာကြရ သူများကို စနစ်တကျထိန်းသိမ်းရေးစခန်းများ ဖွင့်လှစ်ကာ စောင့်ကြည့် လူနာများအဖြစ် သတ်မှတ်၍ ဂရုတစိုက်ထားရှိခဲ့၏။ ထိုသို့ဝင်ရောက် လာသူများထဲက ရောဂါပိုး စစ်ဆေးတွေ့ရှိသူများ၏ စာရင်းများကိုလည်း နေ့စဉ်ထုတ်ပြန်ကြေညာပေးနေ၏။ ယင်းသို့ တရားဝင်သတင်းများကို နေ့စဉ်ထုတ်ပြန်ပေးနေမှုကြောင့် အများ ပြည်သူတို့ သတင်းမှန်များကို ပုံမှန်ရရှိနေပြီး နိုင်ငံအတွင်း ရောဂါပိုး ပျံ့နှံ့ကူးစက်မှုအခြေအနေကို နားလည်သိရှိနေကြရ၏။

ယခုအခါတွင်မူ ပြည်တွင်းကူးစက်မှုကို စတင်စစ်ဆေးတွေ့ရှိလာသည် ဖြစ်သောကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတိပေး စာများ ထုတ်ပြန်ကြေညာလိုက်ခြင်းဖြစ်ပါသည်။ စစ်တွေမြို့ကို ပြည်သူ တိုင်းက သတိထားကာ ဂရုစိုက်နေထိုင်ကြရမည့် အရေးကြီးအခြေအနေ ဖြစ်ကြောင်း သတင်းပေးပါသည်။

 

 

မြန်မာနိုင်ငံသည် လူထုကျန်းမာရေးစနစ် ပြည့်စုံကောင်းမွန်သည့် နိုင်ငံမဟုတ်၊ စီးပွားငွေကြေး တောင့်တင်းချမ်းသာသည့် နိုင်ငံလည်း မဟုတ်သည့်အတွက် ပို၍ သတိထားကြရန်လိုပါမည်။ လူတစ်ဦးချင်း အနေဖြင့် ကိုယ်တိုင်စည်းကမ်းချမှတ်ကာ အတတ်နိုင်ဆုံး အိမ်တွင်း နေထိုင်ကြရန် ကြိုးစားသင့်ပါသည်။ လူမှုရေးကိစ္စ၊ စီးပွားရေးကိစ္စ၊ မိသားစုများ၏ သမုဒ္ဒရာ ဝမ်းတစ်ထွာ ကိစ္စ အစစတို့ကြောင့် မဖြစ်မနေ မထွက်မဖြစ်ထွက်ကြရမည့် အကြောင်းများရှိပါကလည်း မျက်နှာဖုံး နှာခေါင်းစည်း စသည်တို့ဖြင့် အကာအကွယ်ယူရပါမည်။ အပြင်က ပြန်လာတိုင်း လက်ကို စနစ်တကျ ဆေးကြောခြင်း၊ ပြင်ပသွား အဝတ် အစားများကို လျှော်ဖွပ်ခြင်း၊ စွန့်ပစ်နှာခေါင်းစည်းများကို အမှိုက်ပုံး အတွင်းသို့ စနစ်တကျစွန့်ပစ်ခြင်းတို့ကို သတိထားဆောင်ရွက်ကြရပါမည်။

 

 

စိတ်ချအေးချမ်းသော အခြေအနေတစ်ခုသို့ မရောက်မချင်း သည်လိုပဲ သည်းညည်းခံကာ ဘ၀များကို ဖြတ်သန်းကြရပါဦးမည်။ တစ်ကမ္ဘာလုံး အတိုင်းအတာနှင့် ဖြစ်ပွားနေသော ကပ်ရောဂါဖြစ်ပြီး များစွာသော နိုင်ငံများတွင် များပြားလွန်းလှသော ကူးစက်မှုများ ဖြစ်ပွားနေသည်ကို တွေ့မြင်ကြားသိနေရပါသည်။ မြန်မာနိုင်ငံက ထိန်းချုပ်နိုင်မှုရှိနေ၍ မနိုင်ရင်ကန်မဖြစ်ဘဲ ယခုကဲ့သို့ရပ်တည်နေ နိုင်သည်ကို အားသာချက် အဖြစ် မှတ်ယူကာ မပေါ့မဆသော သတိဖြင့် ဒုတိယလှိုင်းလာနိုင်ခြေ ရှိသည့် ကိုဗစ်ကပ်ရောဂါကို ကာကွယ်ကြပါစို့။ ။