လုံခြုံရေးသတိအမြဲရှိမှ စိတ်အေးချမ်းသာ

မကောင်းမှုဟူသည် ဆိတ်ကွယ်ရာမရှိဟုဆိုသော်လည်း မကောင်းမှုတို့ဟူသည် ဆိတ်ကွယ်ရာတွင် ကြံစည်လုပ်ဆောင်ကြသည်ဖြစ်၍ ဆိတ်ကွယ်ရာတို့ကိုသာမက အရာရာတွင် သတိအမြဲရှိဖို့ လိုအပ်မည်ဖြစ်သည်။ ထို့အပြင် မကောင်းမှုဟူသည့် အဖျက်လုပ်ရပ်တို့ကို ကျူးလွန်ရန်အတွက် သွေးထိုးလှုံ့ဆော်မှု၊ အားပေးကူညီမှု၊ လက်နက်နှင့်ငွေတို့သည် အဓိကတွန်းအားများဖြစ်သည်။  ထိုအန္တရာယ်ဖြစ်စေ နိုင်သောအရာများအား အထူးသတိထားဖို့ လိုအပ်မည်ဖြစ်သည်။


လုံခြုံရေးသတိအမြဲရှိဟုဆိုရာ၌ သက်ဆိုင်ရာလုံခြုံရေးအဖွဲ့အစည်းတို့အနေဖြင့် လုံခြုံရေးဆိုင်ရာ နည်းစနစ်၊ နည်းဗျူဟာများရှိပြီးဖြစ်၍   စနစ်တကျစီမံ ဆောင်ရွက်နိုင်သော်လည်း အခြားပြင်ပပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအနေဖြင့် လုံခြုံရေး သတိအမြဲရှိအောင်  သတိမူပြင်ဆင်လုပ်ကိုင်ဆောင်ရွက်မှသာ  မိမိတို့အတွက် ဘေးအန္တရာယ်ကင်းဝေးပေမည်။   ယခုကဲ့သို့  နိုင်ငံရေးနှင့်တိုင်းပြည်တည်ငြိမ် အေးချမ်းမှုအတွက် လိုအပ်မှုများရှိနေသောအချိန်တွင် လုံခြုံရေးသတိသည် တိုင်းပြည်အတွက်သော်လည်းကောင်း၊ မိမိတို့အတွက်သော်လည်းကောင်း အထူးရှိဖို့ လိုအပ်နေသောအချိန်အခါဖြစ်သည်။


မျက်မှောက်ကာလတွင် နိုင်ငံရေးအမြတ်ထုတ်လိုသူများ၊ နိုင်ငံရေးအစွန်း ရောက်များနှင့် ၎င်းတို့ကိုထောက်ခံသော ပြည်တွင်း/ ပြည်ပအဖျက်သမားများ၊ အကြမ်း ဖက်အုပ်စုများဖြစ်သည့် NUG နှင့် PDF တို့၏ သွေးထိုးလှုံ့ဆော်မြှောက်ပင့်အားပေး  မှုကြောင့် ပြည်တွင်း၌ မတည်ငြိမ်မှု၊ ပြည်သူလူထု၏ လူမှုစီးပွားဘဝ လုံခြုံစိတ်ချမှု မရှိအောင် ဖန်တီးနေကြသည်ကို  တွေ့ရမည်ဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့လုပ်ငန်းစဉ်များချမှတ်၍ တိုင်းရင်းသားပြည်သူများနှင့် လက်တွဲပူးပေါင်းဆောင် ရွက်နေမှုများအပေါ် မလိုလားမရှုဆိတ်သည့် ဖော်ပြပါအကြမ်းဖက်အုပ်စုများနှင့် အပေါင်းပါအဖွဲ့များသည် ပြည်တွင်း၌ အဖျက်လုပ်ရပ်များလုပ်ကိုင်နေကြသည်။


အဖျက်လုပ်ရပ်များလုပ်ကိုင်ရာ၌ အဖျက်သမားများနှင့်အတူ ပြည်တွင်းရှိ လူဆိုးလူမိုက်၊ အခွင့်အရေးသမားနှင့် အစွန်းရောက်များပါ ပါဝင်လာကြသည်ကို တွေ့ရမည်ဖြစ်သည်။ ၎င်းတို့သည် နိုင်ငံတစ်ဝန်း၌ ဖောက်ခွဲဖျက်ဆီးမှုများ၊ အလစ် အငိုက်တိုက်ခိုက်မှုများ၊ မီးရှို့သတ်ဖြတ်ခြင်းများအပြင် လုယက်ဓားပြတိုက်မှုများပါ ပြုလုပ်လာကြသည်ကို တွေ့ရမည်ဖြစ်သည်။ ထိုကဲ့သို့ မကောင်းမှုများကို ပြုလုပ် ကျူးလွန်ရန်အတွက် လက်နက်၊ ငွေကြေးနှင့်ခိုအောင်းရာနေရာများ ရှာဖွေအားထုတ် လာသည်ကို တွေ့ရမည်ဖြစ်ရာ ယင်းသို့ပြုလုပ်လာမှုများကို  အထူးသတိထားကြရန် လိုအပ်မည်ဖြစ်သည်။ 


မကောင်းမှုပြုသူသည်   ဆိတ်ကွယ်ရာတွင်ကြံစည်အားထုတ်ခြင်းဖြစ်၍ အားလုံးတို့သည် ပတ်ဝန်းကျင်၌  အမှုမဲ့အမှတ်မဲ့မနေဘဲ လုံခြုံရေးမျက်စိဖြင့် အရာရာကို သတိထားဆင်ခြင်ကြည့်မိရန်လိုအပ်ပေသည်။ ကောင်းမွန်ရိုးသားစွာနေသောသူတို့သည် မိမိတို့ကိစ္စဝိစ္စအတွက်သာ အလေးထားလုပ်ကိုင်နေကြပြီး ပတ်ဝန်းကျင်ကို သတိမူလေ့မရှိကြပေ။ မကောင်းမှုပြုသူသည် မကောင်းမှုပြုရန် ကြိုတင်ကြံစည်အားထုတ်နေပြီး ၎င်းတို့၏ သားကောင်ကို ရှာဖွေစောင့်ကြည့်နေကြ သည်ကို သတိပြုရမည်ဖြစ်သည်။ ယခုအခါ အကြမ်းဖက်အဖျက်သမားများသည် ၎င်းတို့၏ရည်မှန်းချက်များနှင့် ငါနှင့်မတူငါ့ရန်သူများကို စောင့်ကြည့်ကြံစည် နေကြသည်ကို သတိပြုရမည်ဖြစ်သည်။ ပြည်သူအချို့မှာ သတိမမူမိမှု သို့မဟုတ် မထင်မှတ်မှုများကြားမှ ထိခိုက်ပျက်စီးမှုများကို စိတ်မကောင်းဖွယ်ကြားသိနေရပေ သည်။ ယခုအခါ အကြမ်းဖက်အဖျက်သမားများမှာ မြို့ရွာများအတွင်း ပုန်းလျှိုး ခိုအောင်းကြံစည်နေကြသည်ဖြစ်၍ ယင်းသို့ကြံစည်အားထုတ်မှုကို သတိမူမိရန်နှင့် အားပေးကူညီမှု မပြုလုပ်မိရန်လိုအပ်ပေသည်။


ယခုအခါ တိုင်းပြည်နှင့်ပြည်သူလူထု ပျက်စီးရာပျက်စီးကြောင်း ကြံစည် အားထုတ် လုပ်ကိုင်နေကြသူများအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်နေပြီဖြစ်သည်။ အကြမ်းဖက်သမားများကို သိလျက်နှင့်ဖြစ်စေ၊ မသိ၍ဖြစ်စေ ပါဝင်ပတ်သက်အားပေးရာရောက်ပါက အကြမ်း ဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့်ငြိစွန်းသည်ကို သတိပြုရမည်ဖြစ်သည်။ မည်သို့ပင် ဖြစ်စေ ယခုအခါတွင် အကြမ်းဖက်အဖျက်သမားများမှာ ပြည်သူလူထုကြားတွင် ရှိနေဆဲဖြစ်၍ မိမိတို့၏ စည်းစိမ်ဥစ္စာ၊ အသက်ခန္ဓာများ မထိခိုက်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့များက ကာကွယ်ဆောင်ရွက်ပေးမည်ဖြစ်သော်လည်း    မိမိတို့ ကိုယ်တိုင်ကလည်း လုံခြုံရေးသတိ အမြဲရှိခြင်းဖြင့် မိမိတို့ပတ်ဝန်းကျင်ကို အမြဲသတိ ထားနေရမည်ဖြစ်သည်။မသင်္ကာဖွယ်ရာတွေ့ရှိပါက ချက်ချင်းသက်ဆိုင်ရာသို့ အကြောင်းကြားရမည်ဖြစ်သည်။ ယမန်နေ့က ဖြစ်ပွားခဲ့သော ဘဏ်ငွေများကို ဓားပြတိုက်မှု ဖြစ်စဉ်လွတ်မြောက်သွားပါက မည်မျှအန္တရာယ်ကြီးမားကြောင်း သတိမူရမည်ဖြစ်သည်။ သင်ခန်းစာယူရမည် ဖြစ်သည်။


သို့ဖြစ်ရာ မကောင်းမှုဒုစရိုက်မှုကို  လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်  တာဝန်သိ ပြည်သူများ၏ ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်မှုကြောင့် ကောင်းမွန်သည့်ရလဒ်များချက်ချင်းရရှိသကဲ့သို့  အကြမ်းဖက်မှု၊  မကောင်းမှုဒုစရိုက်မှုများကို အချိန်မီတားဆီးနိုင်ရန်အတွက် လူတိုင်းလူတိုင်း လုံခြုံရေးသတိအမြဲရှိပြီး ပူးပေါင်း ဆောင်ရွက်ကြပါလျှင် ပြည်သူအများ စိတ်အေးချမ်းသာစွာ နေထိုင်လုပ်ကိုင်နိုင် ကြမည်ဖြစ်ပါကြောင်း။    ။