ယခုနှစ် ဖေဖော်ဝါရီလဆန်းပိုင်းကာလ အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့ တွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား သုံးဦးကို အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ရှိ မြန်မာသံရုံးက အီရတ်အာဏာပိုင်များနှင့် ညှိနှိုင်းပြီး နိုင်ငံတော်အစိုးရ အစီအစဉ်ဖြင့် ပြန်လည်ခေါ်ဆောင် ခဲ့သည်။ ရခိုင်ပြည်နယ်မှ အမျိုးသမီးငယ်များဖြစ်ကြသည့် ၎င်းတို့ သုံးဦးကို ပွဲစားများက ဒူဘိုင်းတွင် အလုပ်ရရှိမည်ဟူ၍ လိမ်လည် ခေါ်ဆောင်ကာ အီရတ်သို့ပို့ဆောင်ခဲ့ကြခြင်းဖြစ်ပြီး အီရတ်တွင် လည်း အလုပ်အကိုင်အေဂျင်စီပွဲစားများ၏ ခေါင်းပုံဖြတ်နှိပ်စက် ညှဉ်းပန်းမှုများနှင့်ကြုံတွေ့ခဲ့ကြရခြင်းဖြစ်သည်။ ယင်းမတိုင်မီ က အစ္စရေးနှင့်ဟားမားစ် ပဋိပက္ခဖြစ်စဉ်အတွင်း ပိတ်မိနေခဲ့ သည့် မြန်မာနိုင်ငံသားများကို နိုင်ငံတော်အစီအစဉ်ဖြင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ပြည်ပရောက် မိမိနိုင်ငံသားများ အခက်အခဲ ကြုံတွေ့နေရပါက မိမိနိုင်ငံသားများအပေါ် အလေးအနက် တန်ဖိုးထားမှုဖြင့် ကယ်တင်ခြင်း၊ ပြန်လည်ခေါ်ဆောင်ခြင်းတို့ကို ကြိုးပမ်းဆောင်ရွက်ပေးနေခြင်းကြောင့်ပင် ဖြစ်သည်။
လွန်ခဲ့သည့်ရက်သတ္တပတ်တစ်ခုကျော်အတွင်း “အီရတ်တွင် ရောင်းစားခံရသည့် အမျိုးသမီး (၆)ဦး အကူအညီမရသေး” ဟူသောခေါင်းစဉ်ဖြင့် သတင်းတစ်ပုဒ်ကို ပြည်ဖျက်မီဒီယာ တစ်ခုက အွန်လိုင်းတွင် ထုတ်လွှင့်ဖော်ပြခဲ့ရာတွင် အဆိုပါသတင်း မှာ နိုင်ငံတော်အစိုးရနှင့် မြန်မာသံရုံးများအပေါ်တွင် ပြည်သူ လူထု အထင်အမြင်လွဲမှားစေရန်ရည်ရွယ်၍ သတင်းကိုလိုသလို ဖန်တီးပုံဖော်ထားခြင်းဖြစ်ပြီး မြေပြင်အခြေအနေများနှင့် ကွဲပြား မှုများရှိနေသည်။ အဓိကအချက်မှာ အီရတ်နိုင်ငံတွင် အလုပ် လုပ်ကိုင်နေထိုင်လျက်ရှိပြီး အခက်အခဲကြုံတွေ့နေရသည့် နော်လေးလေးဖော၊ မစုမွန်၊ မအေးအေးသန်း၊ မအိသူ၊ မနွဲ့ယဉ် ဝင်းနှင့် မရီရီချိုတို့ကို မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူနိုင်ရေး အတွက် အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ရှိ မြန်မာသံရုံးက အီရတ်နိုင်ငံမှ သက်ဆိုင်ရာအာဏာပိုင်၊ လူမှုကူညီရေးအဖွဲ့အစည်းတို့နှင့် ဆက်သွယ်ဆောင်ရွက်နေဆဲဖြစ်ခြင်း၊ မြန်မာသံရုံးနှင့် အမျိုးသမီး ခြောက်ဦးတို့မှာ လူမှုကွန်ရက် Viber Messenger တို့မှတစ်ဆင့် ပုံမှန်ထိတွေ့ဆက်သွယ်မှုများ ရှိနေခြင်းပင်ဖြစ်သည်။
ထို့အပြင် ၎င်းတို့ခြောက်ဦးသည် သက်ဆိုင်ရာအလုပ်သမား အေဂျင်စီများနှင့် နှစ်နှစ်အလုပ်လုပ်ကိုင်ရန် ကန်ထရိုက်စာချုပ် များတွင် သဘောတူလက်မှတ်ရေးထိုးချုပ်ဆိုထားရာ စာချုပ် သက်တမ်းမပြည့်မီ အလုပ်မှ နုတ်ထွက်လိုပါက စာချုပ်ပါ သတ် မှတ်လျော်ကြေးပေးမှသာလျှင် အလုပ်မှ နုတ်ထွက်ခွင့်ရမည်ဟု ပြောကြားသဖြင့် မြန်မာသံရုံး၏ မေတ္တာရပ်ခံချက်အရ အီရတ် တွင် အလုပ်သမားအရေးကူညီဆောင်ရွက်ပေးနေသော လူမှု ရေးအဖွဲ့အစည်းက အလုပ်ရှင်အား ပြန်လိုသည့် မြန်မာ နိုင်ငံသားများကို လျော်ကြေးကင်းလွတ်ခွင့်ပြုပြီး နေရပ်သို့ ပြန်နိုင်ရေး ညှိနှိုင်းဆောင်ရွက်လျက်ရှိသော်လည်း အလုပ်ရှင်၏ သဘောတူညီချက်မရသေးကြောင်း၊ မြန်မာသံရုံး၏ ထပ်မံ မေတ္တာရပ်ခံချက်အရ မြန်မာအလုပ်သမားများ အလုပ်လုပ်ကိုင်မှု အဆင်ပြေရေး၊ လုပ်ခလစာရရှိရေး၊ အကြမ်းဖက်မှုမရှိရေးတို့ကို အဆိုပါလူမှုရေးအဖွဲ့အစည်းက ဝင်ရောက်ညှိနှိုင်းဆောင်ရွက် ထားကြောင်းနှင့် ၎င်းတို့မှာ အီရတ်နိုင်ငံ၏ နယ်ဝေးမြို့များသို့ ရောက်ရှိနေကြခြင်းကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများမှာ အခက်အခဲများကြားမှ စဉ်ဆက်မပြတ်ဆောင်ရွက်နေရခြင်း ဖြစ်ကြောင်းတို့ကို သိရသည်။
အထက်ဖော်ပြပါဖြစ်ရပ်ကို သင်ခန်းစာယူကာ ပြည်ပနိုင်ငံ များသို့ သွားရောက်အလုပ်လုပ်ကိုင်ကြရာတွင် တရားဝင် အေဂျင်စီများနှင့်သာ ဆက်သွယ်ဆောင်ရွက်ရန်၊ စာချုပ်ချုပ်ဆို ရာတွင် စာချုပ်ပါအချက်များကို ဂရုတစိုက်ဖတ်ရှုစိစစ်ပြီး ရှင်းလင်းစွာ သိနားလည်မှသာ လက်မှတ်ရေးထိုးကြရန်၊ အလုပ် အကိုင်အေဂျင်စီများ၊ ပွဲစားများ၏ လိမ်လည်မှုမခံရစေရေး သတိ ပြုရန်၊ မိမိသွားရောက်မည့်နိုင်ငံတွင် မြန်မာသံရုံး၊ ကောင်စစ် ဝန်ရုံးတို့ ရှိ၊ မရှိလေ့လာရန်နှင့် စဉ်ဆက်မပြတ်ဆက်သွယ် သတင်းပို့ကြရန် အကျိုးမျှော်ကာ နှိုးဆော်တိုက်တွန်းလိုက်ရ ပါကြောင်း။ ။