မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမှာ တဖြည်းဖြည်းကျဆင်းလာပြီ ဖြစ်သည်။ ရက်အလိုက်စောင့်ကြည့်မှုအရ စက်တင်ဘာ ၅ ရက်မှ ၁၂ ရက်အတွင်း ရောဂါတွေ့ရှိမှုမှာ ၁၀ ရာခိုင်နှုန်းမှ ရှစ်ရာခိုင်နှုန်းအထိ ကျဆင်းလာသည်ကိုတွေ့ရ သည်။ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု၊ ပိုးတွေ့ရှိမှုရာခိုင်နှုန်း ထက်ဝက်ကျဆင်းရေး ရည်မှန်းကာ မျက်ခြည်မပြတ်အလေးထား၍ ဝိုင်းဝန်းလက်တွဲဆောင်ရွက်ခဲ့သောကြောင့် တိုးတက်မှုများရရှိနေသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီသည် အရေး ပေါ် တုံ့ပြန်ရေးကော်မတီအစည်းအဝေးကို တစ်ပတ်လျှင်နှစ်ကြိမ် ဖြေရှင်း ဆောင်ရွက်ပေးလျက်ရှိပြီး ကျန်းမာရေးဝန်ထမ်းများ၏ စေတနာရှေ့ထား၍ နိုးကြား တက်ကြွစွာဆောင်ရွက်ပေးမှု၊ ပြည်သူလူထု၏ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မှုများကြောင့် ပြီးခဲ့သည့်ဇူလိုင်လက ကိုဗစ်ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်း ၄၀ ဝန်းကျင် မှ ယခုအပတ်အတွင်း ရှစ်ရာခိုင်နှုန်းအထိ ကျဆင်းလာပြီဖြစ်သည်။ သို့သော် ကျန်းမာရေးဝန်ကြီးဌာန၏ သုံးသပ်ချက်၊ နိုင်ငံတကာကျန်းမာရေးစံနှုန်းတို့အရ စိတ်ချရသည့်အနေအထားဖြစ်သည့် ငါးရာခိုင်နှုန်းအောက်ရောက်အောင် ကြိုးပမ်း ဆောင်ရွက်ရမည်ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ရုံးပိတ်ရက်ရှည် နှစ်လတာကာလ သတ်မှတ်ပေးခြင်း၊ ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းများကို ဖိဖိစီးစီးဆောင်ရွက် နိုင်ခဲ့ခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး၊ ကုသဆေးနှင့် အထောက်အကူပြုပစ္စည်း တင်သွင်းမှုများနှင့်ပတ်သက်၍ ကန့်သတ်ချက်များအား ဖြေလျှော့ပေးခြင်း၊ ပယ်ဖျက်ပေးခြင်း၊ ပြည်သူလူထုအားလုံး၊ ဝန်ထမ်းများအားလုံးတို့ ပူးပေါင်း ဆောင်ရွက်ခြင်းများနှင့် အိမ်နီးချင်းနိုင်ငံများ၊ မိတ်ဆွေနိုင်ငံများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး၊ ကုသဆေးနှင့် အထောက်အကူပြုပစ္စည်းများ ကူညီပံ့ပိုး ရောင်းချပေးသည့် ပူးပေါင်းဆောင်ရွက်မှုများကြောင့် နှစ်လအချိန်ကာလအတွင်း ကူးစက်မှုရာခိုင်နှုန်း ကျဆင်းလာခြင်းဖြစ်သည်။
ထိုသို့ ပြည်သူလူထု ရောဂါကင်းဝေးကျန်းမာရေးအတွက် ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်နေချိန်တွင် အချို့သောပြည်တွင်း၊ ပြည်ပမှ မလိုလားသူများက ကိုဗစ်- ၁၉ ရောဂါနှင့်ပတ်သက်သည့် ကုသရေးလုပ်ငန်း၊ ကာကွယ်ဆေးထိုးရေးလုပ်ငန်း များအား နှောင့်ယှက်ဖျက်ဆီးနေကြသည်ကို ဝမ်းနည်းဖွယ်တွေ့ရသည်။ နိုင်ငံတော် က ထိုးနှံပေးသည့်ကာကွယ်ဆေးများ၏ ထိရောက်မှုများအပေါ် ယုံကြည်မှုကင်းမဲ့ စေရန် မဟုတ်မမှန်ပြောဆိုမှုများအပြင် မြေပြင်တွင် ဆောင်ရွက်နေသည့်လုပ်ငန်း များကိုလည်း နှောင့်ယှက်ဖျက်ဆီးနေကြသည်ကိုတွေ့ရသည်။ နိုင်ငံတကာက အသိအမှတ်ပြုထားသော လူသားချင်းစာနာထောက်ထားမှုနှင့် ကျန်းမာရေးဆိုင်ရာ လိုက်နာရမည့်ကျင့်ဝတ်တို့ကို ဖောက်ဖျက်လျက်ရှိသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိရာတွင် စေတနာ့ဝန်ထမ်းများ၊ ကာကွယ်ဆေးထိုးနှံသူများ မလာရဲအောင်၊ မလုပ်ရဲအောင်၊ ကြောက်ရွံ့အောင်၊ လုပ်ငန်းပျက်အောင် ဗုံးခွဲတိုက်ခိုက်ခြင်း၊ ခြိမ်းခြောက်ခြင်းများ ပြုလုပ်ခဲ့ကြသည်။ ၎င်းလုပ်ရပ်များသည် မဖြစ်သင့်မဖြစ်ထိုက် သော ကျန်းမာရေးဆိုင်ရာအကြမ်းဖက်မှုဖြစ်ပြီး လူတစ်ဦးချင်းဆိုင်ရာ လူ့အခွင့် အရေးကို အကြမ်းဖက်ခြင်းလည်းဖြစ်သည်။ ထိုလုပ်ရပ်များအား မြန်မာနိုင်ငံတွင် သာမက ကမ္ဘာ့မည်သည့်နိုင်ငံကမျှ လက်ခံကြမည်မဟုတ်ပေ။ နိုင်ငံတော်အစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုအဖွဲ့အစည်းများနှင့် ပြည်သူများ ပူးပေါင်းလက်တွဲဆောင်ရွက် မှုကြောင့် အနှောင့်အယှက်များကြားမှ အောင်မြင်မှုများ ရရှိလာပြီဖြစ်သည်။ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းအပေါ် နှောင့်ယှက်ဖျက်ဆီးကြသော အဖျက်သမား များကိုလည်း ထိထိရောက်ရောက်တုံ့ပြန်ကာကွယ်လျက်ရှိသည်။
ယခုအခါ ကိုဗစ်-၁၉ ရောဂါဖြင့် ဆေးရုံတက်ရောက်ကုသရသည့်လူနာများ လျော့ကျလာသဖြင့် အခြားရောဂါများကုသရေးနှင့် ကိုဗစ်-၁၉ ရောဂါ အရေးပေါ် ကုသရေးဆိုင်ရာတို့ကို ဆေးရုံများတွင် အသင့်ဆောင်ရွက်နိုင်မှုအခြေအနေ ကောင်း များ ရှိလာပြီဖြစ်သည်။ လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု လျော့ကျ လာသော်လည်း ပြည်သူများအနေဖြင့် ကိုဗစ်ဆိုင်ရာစည်းကမ်းများကို လိုက်နာမှု အားနည်းလာပါက ရောဂါဖြစ်ပွားမှု ဆက်လက်မကျဆင်းဘဲ ဖြစ်ပွားနှုန်းပြန်တက် လာနိုင်သည်ကို သတိပြုရမည်ဖြစ်သည်။ ထို့ကြောင့် ကျန်းမာရေးအသိ၊ ကျန်းမာရေး သတိပေးချက်တို့ကို သက်ဆိုင်ရာတို့က အဆက်မပြတ်ပြုလုပ်ပေးကြရန် လိုအပ်ပေ သည်။
သို့ဖြစ်ရာ ယခုအခါ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနှုန်းမှာ ရှစ်ရာခိုင်နှုန်းရှိပြီး ရောဂါတစ်ဝက် ဆက်လက်ကျဆင်းစေရန်အတွက် ထုတ်ပြန်ထားသည့် ကျန်းမာရေး ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို ဆက်လက်လိုက်နာကာ ကိုဗစ်-၁၉ ရောဂါကို မျက်ခြည်မပြတ် စောင့်ကြပ်ကြည့်ရှုနေကြရမည်ဖြစ်ပါကြောင်း။ ။