
သိန်းမြင့်ကျော်
နိုင်ငံတော်၏ ပညာရေးလောကအတွက် သမိုင်းမှတ်တမ်းဝင် ထူးခြားမှုပေါ်ထွက်လာခဲ့ပါပြီ။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၁၈/၂၀၂၁) ၌ နိဂုံးချုပ်အမှာစကားပြောကြားရာတွင် “အင်္ဂလိပ်စာ၊ ဇီဝဗေဒ၊ ဓာတုဗေဒ ဘာသာရပ်များတွင် အမှတ်ကောင်းသူများကို ဆေးတက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ဖြေဆိုခွင့်ပေးသွားမည်ဖြစ်ပြီး ထိုသို့ ဆေးတက္ကသိုလ်သို့ တက်ရောက်ပညာသင်ကြားရာတွင်လည်း ပညာသင်ထောက်ပံ့ကြေးပေး၍ ကျောင်းတက်ခွင့်ပေးသွားမည်ဖြစ်ကာ နိုင်ငံ့ဝန်ထမ်းအဖြစ် အနည်းဆုံး ဆယ်နှစ် တာဝန်ထမ်းဆောင်သွားရန် ဝန်ခံကတိလက်မှတ်ရေးထိုးရမည်ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်မထမ်းဆောင်လိုသူများအနေဖြင့် ပညာသင်ကြားရေးစရိတ် နိုင်ငံတော်သို့ ပြန်လည်ပေးချေ ရမည်ဖြစ်ကြောင်း” ထည့်သွင်းမိန့်ကြားခဲ့ပါသည်။
နိုင်ငံတော် အကြီးအကဲတစ်ဦး၏ ပညာရေးလောက တိုးတက် စေရန် စိတ်ဝင်စားမှုနှင့် စေတနာပေါ်လွင်စေသည့်အပြင် နိမ့်ကျသော ပညာရေးစနစ် ပြုပြင်ပြောင်းလဲရန် အချက်ပေးမိန့်ခွန်းပင် ဖြစ်သည်။ ယခုအခါ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့သော ကျောင်းသား ကျောင်းသူများအတွက် ဆေး တက္ကသိုလ်အပါအဝင် တက္ကသိုလ်အသီးသီးကို တက်ရောက်သင်ကြား ခွင့်ပြုဖို့ ရွေးချယ်နေချိန်တွင် အချိန်မီမိန့်ကြားသွားသော မိန့်ခွန်း ဖြစ်သဖြင့် တာဝန်ရှိသူများအနေဖြင့် လိုက်နာမှတ်သားရပေမည်။
ဆေးတက္ကသိုလ်ပညာရေးစနစ်
ရန်ကုန်ဆေးတက္ကသိုလ်သည် ကမ္ဘာ့အဆင့်သတ်မှတ်ချက် ၁၁၃၇၄ အဆင့်တွင် ရောက်ရှိနေရာ ရန်ကုန်ဆေးတက္ကသိုလ်၏ ဝင်ခွင့်ရွေးချယ် ရေးစနစ်မှအစ ဆေးတက္ကသိုလ်ပညာရေးစနစ် ပြင်သင့်သလား၊ မပြင်သင့် သလားဆိုသည်မှာ မေးခွန်းထုတ်စရာပင် မလိုတော့ပါ။
တက္ကသိုလ်ဝင်တန်း ၁၀ တန်း (Grade 11) တွင် သိပ္ပံတွဲ၌ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ ပါဝင်ပြီး ဆရာဝန်တစ်ယောက်၏ အရေးအကြီးဆုံး ဖောင်ဒေးရှင်းအုတ်မြစ်ဖြစ် သည့် 2nd MB တွင် အဓိကဘာသာသုံးဘာသာမှာ Anatomy (ခန္ဓာဗေဒ)၊ Physiology (ဇီဝကမ္မဗေဒ)၊ Biochemistry (ဇီဝ ဓာတုဗေဒ ) ပါဝင်နေပေရာ ဆေးတက္ကသိုလ်တက်ရောက်သင်ကြားမည့်ကျောင်းသား ကျောင်းသူများအနေဖြင့် ဇီဝဗေဒဘာသာရပ်ကို စိတ်ဝင်စားမှု၊ ဝါသနာပါမှုရှိသူဖြစ်ရမည့်အပြင် ယင်းသို့ စိတ်ဝင်စား မှု၊ ဝါသနာပါမှုရှိသော ကျောင်းသားများသည် ၁၀ တန်း (တက္ကသိုလ် ဝင်တန်းစာမေးပွဲ)တွင် ဇီဝဗေဒဘာသာရပ်ကို အနည်းဆုံးရမှတ် ၉၀ ရသူနှင့် ဆေးတက္ကသိုလ်သင်ကြားရေးအတွက် ပတ်သက်ဆက်စပ် သော ဘာသာရပ်များဖြစ်သည့် အင်္ဂလိပ်စာသည်လည်း အနည်းဆုံး ရမှတ် ၇၀ နှင့် ဓာတုဗေဒဘာသာရပ်တွင်လည်း အနည်းဆုံးရမှတ် ၈၅ မှတ်အထက်ရသော ကျောင်းသား ကျောင်းသူများကိုသာ ဆေးတက္ကသိုလ် ဝင်ခွင့်စာမေးပွဲ ဖြေဆိုခွင့်အတွက် အခြေခံမူအဖြစ် ထည့်သွင်းသတ်မှတ်သင့်ပါသည်။
ဆေးတက္ကသိုလ်တွင် သင်ကြားရမည့် ဘာသာရပ်များ၏ အခြေခံ အင်္ဂလိပ်စာ၊ ဓာတုဗေဒ၊ ဇီဝဗေဒ ဘာသာရပ်များကို ၁၀ တန်း ကတည်းက စိတ်ဝင်စားမှု၊ ဝါသနာပါမှု၊ ထူးချွန်မှုရှိသူကို ရွေးချယ် သင့်သည်။ ယင်းတက္ကသိုလ်များနှင့်ပတ်သက်သော အခြေခံဘာသာရပ် တစ်ခုချင်းရမှတ်ကို အဓိကသတ်မှတ်မှ သင့်တော်ပေမည်။
ထို့အပြင် ဆရာဝန်ဘွဲ့အတွက် နိုင်ငံခြားတိုင်းပြည်တွင် သွားရောက်သင်ကြားပါက သိန်း ၁၀၀၀ မှ သိန်း ၄၀၀၀ ခန့်အထိ ကုန်ကျနိုင်သလို နည်းပညာတက္ကသိုလ်ဆိုင်ရာ ဘာသာရပ်တွဲများ၊ စက်မှုအင်ဂျင်နီယာဘွဲ့များအတွက်လည်း သိန်းရာပေါင်းများစွာ ကုန်ကျမှ ရရှိမည့်ဘွဲ့များဖြစ်သည်ကိုလည်း တက္ကသိုလ်ဝင်ခွင့် သတ်မှတ်သော တာဝန်ရှိသူများက သတိပြုမိဖို့လိုပါသည်။
နိုင်ငံတော်က ကျောင်းသားအတွက် စိုက်ထုတ်ကုန်ကျငွေနှင့် ယင်းကျောင်းသားမှ ဘွဲ့ရပြီး ပြည်သူ့အတွက် ထိုက်သင့်သော အကျိုးပြုမှုရရှိမည့် ကျောင်းသား ကျောင်းသူကိုသာ ရွေးချယ် သင်ကြားခွင့်ပြုသင့်ပါသည်။ ရွေးချယ်မှု မှားယွင်းသောစနစ်ကို ကျင့်သုံးမိပါက မဖော်ပြနိုင်သော ဆုံးရှုံးမှုကို ကြုံတွေ့ရမည် ဖြစ်သည်။ ဆင်းရဲချို့တဲ့သော တိုင်းပြည်အတွက် နိုင်ငံတော်၏ ပေးဆပ်မှုက ကြီးမားခြင်းကို အသိအမှတ်ပြုသင့်သလို နိုင်ငံတော် အတွက်အကျိုးပြုမည့် လူငယ်များအတွက် လမ်းကြောင်းမှန် တက္ကသိုလ်သို့ ရောက်ရှိအောင်ပို့ဆောင်ပေးရမည့် တာဝန်ကို သက်ဆိုင်ရာတက္ကသိုလ်တာဝန်ရှိသူများက ကျေပွန်ဖို့ လိုအပ်ပါသည်။
ကမ္ဘာတစ်ဝန်းရှိ လူငယ်များသည် ကိုယ်ဝါသနာပါရာ ပညာရပ် ကို လွတ်လပ်လွယ်ကူစွာ သင်ယူနိုင်ခွင့်ရှိချိန်တွင် တက္ကသိုလ်ဝင်ခွင့် စုစုပေါင်းရမှတ်ကို မူတည်ပြီး သတ်မှတ်ထားသောတက္ကသိုလ်သာ တက်ရောက်သင်ကြားခွင့်ပြုနေသည့် ပညာရေးစနစ်မှာ စဉ်းစားစရာ ရှိနေပါသည်။ လူငယ်များ၏ ဝါသနာပါမှုကို ကန့်သတ်ချုပ်ချယ်မှု မပြုသင့်ပါ။
တပ်မတော် ဆေးတက္ကသိုလ်ဗိုလ်လောင်းတက်ရောက်ခွင့်ရရန် အင်္ဂလိပ်စာနှင့် ဇီဝဗေဒ နှစ်ဘာသာကို ဝင်ခွင့်စစ်ဆေးသည့်စနစ် ကျင့်သုံးနေသည်မှာ ကြာပြီဖြစ်သလို တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အမှတ်မည်မျှပင် ရစေကာမူ ဝင်ခွင့်စစ်ဆေးသည့် အင်္ဂလိပ်စာနှင့် ဇီဝဗေဒဘာသာရပ် ရမှတ်သည် သတ်မှတ်သည့် အဆင့်မမီပါက တက်ရောက်ခွင့်ရမည် မဟုတ်ပါ။
ယင်းစနစ်ကျင့်သုံးနေသော တပ်မတော်ဆေးတက္ကသိုလ်မှ ဘွဲ့ရဆရာဝန်များတွင် အထူးကုဆရာဝန်ကြီးများ၊ သမားတော် ဆရာဝန်ကြီးများ Member of Royal Colleges အသိအမှတ်ပြုအဖွဲ့ဝင် ဆရာဝန်ကြီးများ များစွာပေါ်ထွန်းနေခြင်းက ဆေးပညာသင်ကြား ရာတွင် လိုအပ်သည့်အခြေခံဘာသာရပ်များ(အင်္ဂလိပ်စာ၊ ဇီဝဗေဒ) ကို ဝင်ခွင့်ဖြေဆိုရာတွင်ရရှိသော သတ်မှတ်ချက်အမှတ်များနှင့် ဆေးပညာကို စိတ်ဝင်စားခြင်းရှိမှုအပေါ်အခြေခံသည့် ကောင်းမွန် သောစနစ် ကျင့်သုံးခြင်း၏အဖြေပင်ဖြစ်ပါသည်။
ဝါသနာပါမှု
ကျန်းမာရေးဝန်ကြီးဌာနက ဖွင့်လှစ်သော ရန်ကုန်ဆေးတက္ကသိုလ် (၁)၊ ရန်ကုန်ဆေးတက္ကသိုလ် (၂)၊ မန္တလေးဆေးတက္ကသိုလ်၊ မကွေး ဆေးတက္ကသိုလ်၊ တောင်ကြီးဆေးတက္ကသိုလ်၊ ရန်ကုန် သွားဆေး တက္ကသိုလ်၊ မန္တလေး သွားဆေးတက္ကသိုလ်တို့တွင် တက်ရောက်သော ဆေးတက္ကသိုလ်ကျောင်းသားဘဝတွင် သာမန်အဆင့် ဆေးကျောင်း သားဖြစ်ခဲ့သော်လည်း အနာဂတ်တွင် သမားတော်ကြီးများ၊ အထူးကု ဆရာဝန်ကြီးများ ဖြစ်ခဲ့သူများ၊ ကျောင်းသားဘဝတွင် စာတော်ခဲ့သော် လည်း ကုသရေးပိုင်းတွင် အားနည်းသူများ၊ ကျောင်းသားဘဝတွင် စာတော်ခဲ့သလို သမားတော်ဆရာဝန်ကြီးများ၊ အထူးကု ဆရာဝန်ကြီး များ Member of Royal Colleges အသိအမှတ်ပြုအဖွဲ့ဝင် ဆရာဝန် ကြီးများအဖြစ် ကုသရေးတွင် နာမည်ကျော် ဆရာဝန်ကြီး မြောက်မြားစွာပေါ်ထွက်ခဲ့ရာ ယင်းဖြစ်စဉ်တိုင်းတွင် “ဝါသနာပါမှု” စကားလုံးသည် အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်နေပါသည်။
မြန်မာအဘိဓာန်တွင် ဝါသနာ/ဝါသှနာ/န - စွဲမြဲနေသော အလေ့အကျင့်။ [ ပါ၊ ဝါသနာ ] ဖော်ပြထားပေရာ ဝါသနာပါမှ ပညာရပ် အပေါ် စိတ်ဝင်စားစွာ စွဲမြဲသောအလေ့အကျင့်ပြုခြင်းများသည် အထူးကုဆရာဝန်ကြီးများ ၊ သမားတော် ဆရာဝန်ကြီးများတိုင်းတွင် ရှိနေသည့် အကျင့်လက္ခဏာအား ငြင်းနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် ဝါသနာပါသော ကျောင်းသားလူငယ်များအတွက် ဆေးတက္ကသိုလ် ဝင်ခွင့်စာမေးပွဲကို အင်္ဂလိပ်စာ၊ ဓာတုဗေဒ၊ ဇီဝဗေဒ ဖြေဆိုရေးစနစ် ပြောင်းလဲသတ်မှတ်ခြင်းကို ကြိုဆိုရမည်ဖြစ်သည်။
ပြည်သူများ ကျန်းမာရေးအတွက် ဆေးကုသမှု သွားရောက် ခံယူတတ်သော နိုင်ငံများ၏ ဆေးတက္ကသိုလ်များတည်ရှိမှုနှင့် ကမ္ဘာ့ အဆင့်သတ်မှတ်ချက်ကို တင်ပြလိုပါသည်။
မလေးရှားနိုင်ငံတွင် ဆေးတက္ကသိုလ်စုစုပေါင်း ၃၂ ကျောင်း ရှိသည်။ ယင်းနိုင်ငံတွင် ထိပ်ဆုံးရပ်တည်နေသော Asian Institute of Medicine, Science and Technology သည် ကမ္ဘာ့အဆင့်သတ်မှတ် ချက် ၅၄၀၅ ဖြစ်ပါသည်။ ထိုင်းနိုင်ငံတွင် medical program -23 institutions ရှိပြီး ထိပ်ဆုံးရပ်တည်နေသောကျောင်းမှာ Mahidol University ဖြစ်ပါသည်။ ယင်းတက္ကသိုလ်၏ ကမ္ဘာ့အဆင့်သတ်မှတ်ချက် မှာ ၅၄၉ ဖြစ်ပါသည်။
အိန္ဒိယနိုင်ငံတွင် Medical College ၅၄၂ ကျောင်း ရှိပါသည်။ All India Institute of Medical Science, New Delhi သည် ထိပ်ဆုံး ရပ်တည်နေသော တက္ကသိုလ်ဖြစ်ပြီး ယင်းတက္ကသိုလ်၏ ကမ္ဘာ့အဆင့် သတ်မှတ်ချက်မှာ ၈၇၃ ဖြစ်ပါသည်။ စင်ကာပူနိုင်ငံတွင် ဆေး တက္ကသိုလ် နှစ်ကျောင်းရှိပါသည်။ ယင်းနိုင်ငံတွင် ထိပ်ဆုံးရပ်တည်နေ သော ဆေးတက္ကသိုလ်မှာ National University of Singapore - Yong Loo Lin school of medicine ဖြစ်ပြီး ကမ္ဘာ့အဆင့်သတ်မှတ်ချက် ၁၈ ရှိပါသည်။
ယင်းနိုင်ငံ ဆေးတက္ကသိုလ်များနှင့် မိမိတို့နိုင်ငံရှိဆေးတက္ကသိုလ် များ ကမ္ဘာ့အဆင့်သတ်မှတ်ချက် ကွာဝေးနေသည်ကို တွေ့ရပေသည်။ ယင်းသို့ အဆင့်သတ်မှတ်ချက် ကွာဝေးရခြင်းများတွင် ယင်းနိုင်ငံခြား ဆေးတက္ကသိုလ်များသည် ကမ္ဘာ့နာမည်ကျော် ဆေးတက္ကသိုလ်များမှ သင်ရိုးညွှန်းတမ်း၊ သင်ကြားမှုနည်းစနစ်၊ သင်ကြားရေး ဆရာ ဆရာမ များ၊ ဆေးကုသရေးစက်ပစ္စည်းများဖြင့် ယင်းကမ္ဘာ့နာမည်ကျော်ဆေး တက္ကသိုလ်များနှင့် မိမိနိုင်ငံအတွင်းမှာပင် အကျိုးတူပူးပေါင်းဖွင့်လှစ် နေကြခြင်းအချက်တစ်ချက် ပါဝင်နေသည်ကို တွေ့ရှိရပေသည်။
ထို့ကြောင့် ဆေးပညာတိုးတက်ဖို့ဆိုလျှင် ပြည်သူများ အားကိုး စရာတစ်ခုဖြစ်နေသော ပုဂ္ဂလိကဆေးရုံများ ဖွင့်လှစ်ခွင့်ပြုသလို ပုဂ္ဂလိကဆေးတက္ကသိုလ်များကိုလည်း ကမ္ဘာ့နာမည်ကျော် ဆေး တက္ကသိုလ်များနှင့် ပူးပေါင်းဖွင့်လှစ်ခွင့်ပြုနိုင်ရေးကို ဆောင်ရွက်သင့် ပါသည်။ ယင်းပုဂ္ဂလိကဆေးတက္ကသိုလ်ဘွဲ့ရဆရာဝန်များအတွက် အလုပ်သင်ဆရာဝန်ဆင်းရန်အတွက်လည်း နိုင်ငံခြားတိုင်းပြည် များတွင် ဖွင့်လှစ်သင်ကြားနေသော ဆေးတက္ကသိုလ်များ၏ နည်းစနစ် များကို အတုယူစေခြင်းဖြင့် ကောင်းမွန်သောအဖြေတစ်ခု လွယ်ကူစွာ ရနိုင်ပေသည်။
ယင်းသို့ ပုဂ္ဂလိက ဆေးတက္ကသိုလ်များ ဖွင့်လှစ်သင်ကြားနိုင်လျှင် နိုင်ငံအတွင်းရှိ ဆေးပညာဝါသနာပါသော လူငယ်များနှင့် နိုင်ငံခြား ဆေးတက္ကသိုလ်များတွင် ဆေးပညာဝါသနာပါ၍ မိမိပိုင်ငွေကြေးဖြင့် ဆေးပညာသွားရောက်သင်ကြားနေသော ကျောင်းသား ကျောင်းသူ များအတွက်လည်း တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေသလို နိုင်ငံတော်အတွက်လည်း နိုင်ငံခြားသို့ ငွေကြေးစီးဆင်းမှု အထိုက် အလျောက် သက်သာစေမည်ဖြစ်ပါသည်။
ယခုအခါ IT နှင့်ပတ်သက်သောဘွဲ့များ၊ နည်းပညာဆိုင်ရာ ဘွဲ့များနှင့် စီးပွားရေးနှင့်ပတ်သက်သောဘွဲ့များကို နိုင်ငံခြား တက္ကသိုလ်များနှင့်ချိတ်ဆက်၍ ယင်းတက္ကသိုလ်များ၏ သင်ရိုး ညွှန်းတမ်း၊ သင်ကြားရေးနည်းစနစ်၊ သင်ကြားရေးဆရာများဖြင့် KMD Institution၊ Auston University၊ Gusto University၊ Victoria University college၊ KBTC University၊ Info Myanmar University စသည့်ပုဂ္ဂလိကကျောင်းများ ဖွင့်လှစ်ခွင့်ပြုပြီး ပြည်တွင်းမှပင် နိုင်ငံခြားတက္ကသိုလ်ဘွဲ့ယူနိုင်ရေးအတွက် ဖွင့်လှစ်သင်ကြားနေ သည်ကို မြင်တွေ့ရခြင်းသည် ပညာရေးလောကတိုးတက်စေခြင်း အတွက် အထောက်အကူရနေသလို ပုဂ္ဂလိကဆေးတက္ကသိုလ်ဖွင့်လှစ် နိုင်ရေးအတွက်လည်း နည်းလမ်းကောင်းများ ရရှိစေမည်ဖြစ်ပါသည်။
ကောင်းမွန်သော ပြောင်းလဲမှုစနစ်များ ချမှတ်ဆောင်ရွက်နိုင် ရေးအတွက် လက်လှမ်းမီသရွေ့ အကြံပြုရေးသား တင်ပြလိုက်ရ ပါသည်။ ။
- Log in to post comments