ဆီစားသုံးမှုကိုလျှော့ချ ဆီထွက်သီးနှံတိုးတက်စိုက်ပျိုး

နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများကျန်းမာရေးကို အလေးထားရှေးရှု ကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်က ပြည်သူများ ကိုယ်စီကျန်းမာသောဘဝကို ပိုင်ဆိုင်ကာ နိုင်ငံအတွက်လည်း နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချနိုင်ရေးအတွက် စားသုံးဆီနှင့် ပတ်သက်၍ မကြာခဏလမ်းညွှန်မှာကြားလျက်ရှိသည်။


မြန်မာနိုင်ငံတွင်  မှီတင်းနေထိုင်ကြသော   ပြည်သူအများစုသည် ထုံးတမ်း စဉ်လာဓလေ့အရ စားသောက်ဖွယ်ရာများတွင် ဆီကိုမဖြစ်မနေ နှစ်ခြိုက်မက်မောစွာ သုံးစွဲကြသည်။ လူတစ်ဦးချင်းအနေဖြင့်  ဆီစားသုံးမှုမြင့်မားသဖြင့် စားအုန်းဆီကို ပြည်ပမှ  နှစ်စဉ် တန်ချိန်များစွာ   တင်သွင်းနေရသည်။   ၂၀၂၀-၂၀၂၁ ခုနှစ်တွင် စားအုန်းဆီကို အမေရိကန်ဒေါ်လာ သန်း ၈၀၀ ကျော်ခန့် တင်သွင်းခဲ့ရသဖြင့် နိုင်ငံတော်က နိုင်ငံခြားငွေကြေး အမြောက်အမြားသုံးစွဲခဲ့ရသည်။


ပညာရှင်များတွက်ချက်မှုအရ ကျန်းမာရေးအတွက် လူတစ်ဦး၏ တစ်ရက် ဆီလိုအပ်ချက်သည် ၁ ဒသမ ၅ ကျပ်သားခန့်ဖြစ်ပြီး တစ်နှစ်လျှင် ခြောက်ပိဿာခန့် သာ စားသုံးသင့်သည်။ သို့သော် လူတစ်ဦးချင်းအနေဖြင့် အဆိုပါပမာဏထက်များပြား ကျော်လွန်ကာ စားသုံးနေကြသည်ကိုတွေ့ရသည်။ ယင်းတို့တွင် မသန့်ရှင်းသောဆီ၊ အရောအနှောဆီများလည်း ပါဝင်တတ်သဖြင့် ပြည်သူများ ကျန်းမာရေးအတွက် စိုးရိမ်ပူပန်မိသည်။ ဆီကိုလိုသည်ထက် ပိုမိုစားသုံးခြင်းကြောင့် အဝလွန်ရောဂါ၊ အဆီဖုံးရောဂါ၊ သွေးကြောအဆီပိတ်ရောဂါနှင့် အခြားဆက်စပ်ရောဂါများ ဖြစ်ပွား တတ်သည်။ 


မြန်မာနိုင်ငံတွင် ဆီထွက်သီးနှံများ လုံလောက်အောင် စိုက်ပျိုးထုတ်လုပ်နိုင် သော်လည်း ဈေးနှုန်းသက်သာသောစားအုန်းဆီကို ပြည်ပမှနှစ်စဉ်ဝယ်ယူတင်သွင်း နေရသဖြင့် နိုင်ငံခြားငွေ မလိုအပ်ဘဲ ယိုဖိတ်မှုဖြစ်ပေါ်လျက်ရှိသည်။ မြန်မာနိုင်ငံ သည် စားနပ်ရိက္ခာအတွက် သီးနှံမျိုးစုံစိုက်ပျိုးဖြစ်ထွန်းသောနိုင်ငံဖြစ်သည်။ ဧရာဝတီတိုင်းဒေသကြီးကို နိုင်ငံတော်၏ ဆန်အိုးကြီးအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ဆီအုန်းစိုက်ပျိုးဖြစ်ထွန်းသည့် တနင်္သာရီတိုင်းဒေသကြီး ကိုလည်း နိုင်ငံတော်၏ ဆီအိုးကြီးအဖြစ် သတ်မှတ်ဆောင်ရွက်ခဲ့သည်။ အလားတူ မန္တလေးတိုင်းဒေသကြီးနှင့်မကွေးတိုင်းဒေသကြီးတို့တွင်လည်း ဆီထွက်သီးနှံများ အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။
ထို့ကြောင့် စားသုံးဆီကို ပြည်ပမှ မှာယူတင်သွင်းစရာမလိုဘဲ ပြည်တွင်း၌ ဆီထွက်သီးနှံအမျိုးမျိုးတို့ တိုးတက်စိုက်ပျိုးထုတ်လုပ်ကြရန်လိုအပ်သည်။ ဆီအုန်း ပင်သည် စားသုံးဆီအတွက်သာမက စက်မှုကုန်ကြမ်းသီးနှံပင်ဖြစ်၍ နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းစိုက်ပျိုးထုတ်လုပ်ကြဖို့လိုအပ်သည်။ နိုင်ငံတော်၏ ဆီအိုးကြီးဖြစ်သည့် တနင်္သာရီတိုင်းဒေသကြီးတွင်  မျိုးကောင်းမျိုးသန့်ဆီအုန်း ပင်များစိုက်ပျိုးရေး၊ မြေကောင်းမွန်ရေးနှင့် ရေလုံလောက်စွာရရှိရေး၊ စိုက်နည်း စနစ်မှန်ကန်ရေးတို့ကို အလေးထားဆောင်ရွက်လျှင် ဆီထွက်သီးနှံအထွက်တိုးလာ မည်ဖြစ်သည်။ ဆီအုန်းစိုက်ပျိုးရေးစီမံကိန်းများ၊ ဆီကြမ်းထုတ်လုပ်ရေးစက်ရုံများ ပုံမှန်လည်ပတ်လာနိုင်လျှင် ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ လည်း တိုးပွားလာမည်ဖြစ်သည်။


ဆီအုန်းစိုက်ပျိုးထုတ်လုပ်ရေးအတွက် နိုင်ငံတော်က  မြေဧကများစွာချထား ပေးခဲ့ပြီးဖြစ်ရာ စိုက်ပျိုးမြေများတွင် အမှန်တကယ်စိုက်ပျိုးထုတ်လုပ်ရန် လိုအပ် သည်။ ယခုအခါ စိုက်ပျိုးမြေအချို့တွင် အမှန်တကယ်စိုက်ပျိုးခြင်းမရှိသည်များလည်းရှိနေရာ  လက်တွေ့အကောင်အထည်ဖော်လိုသည့်    လုပ်ငန်းရှင်များနှင့် နိုင်ငံတော်အတွက် နစ်နာမှုများရှိနေသည်။ စိုက်ပျိုးနိုင်ခြင်းမရှိရသည့် အကြောင်း ရင်းကို ပွင့်လင်းမြင်သာစွာချပြပြီး နည်းလမ်း အဖြေရှာပြန်လည်ဆောင်ရွက်ကြရမည် ဖြစ်သည်။ လက်ရှိစိုက်ပျိုးနေကြသည့် ဆီအုန်းလုပ်ငန်းရှင်များအနေဖြင့်လည်း ဆီအုန်းပင်များအောင်မြင်ဖြစ်ထွန်းအောင် စိုက်ပျိုးကြရန်နှင့် ဆီအုန်းများမှ ပြည်သူ များလိုအပ်သည့်စားအုန်းဆီများ သတ်မှတ်ချက်အတိုင်း ထုတ်လုပ်ကြရန်လိုအပ် သည်။


မြန်မာနိုင်ငံတွင်   ဆန်ပြီးလျှင် ဆီသည်   အဓိကစိုက်ပျိုးထုတ်ကုန်ဖြစ်သည်။ စိုက်ပျိုးထုတ်လုပ်သူ၊ စားသုံးသူနှင့်နိုင်ငံတော်အတွက် အကျိုးစီးပွားဖြစ်ထွန်းရေး အတွက် ပြည်တွင်း၌  ဆီထွက်သီးနှံအမျိုးမျိုးကို   တိုးတက်စိုက်ပျိုးကြရမည် ဖြစ်သည်။ အထူးသဖြင့်  စားအုန်းဆီစိုက်ပျိုးထုတ်လုပ်ရေးကို  ပြည်ပမှ မှာယူ တင်သွင်းမှုလျှော့ချနိုင်ရန်အတွက် ပြည်တွင်း၌ ဆီအုန်းပင်စီမံကိန်းများ အောင်မြင် ဖြစ်ထွန်းရေးကို ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ ပြည်သူများအနေ ဖြင့်လည်း စားသုံးဆီများကို   လျှော့ချသုံးစွဲခြင်းဖြင့်   မိမိတို့၏ကျန်းမာရေးကို အထောက်အကူပြုသည့်အပြင် ကုန်ကျစရိတ်လည်း လျော့နည်းသက်သာလာမည် ဖြစ်သည်။


သို့ဖြစ်ရာ ပြည်သူများ ကုန်ကျစရိတ်သက်သာရေး၊ ကျန်းမာရေးနှင့်ညီညွတ်ရေး နှင့် နိုင်ငံခြားငွေ အပိုကုန်ကျမှုလျှော့ချရေးအတွက် စားသုံးဆီကို လျှော့ချသုံးစွဲကြ ရန်နှင့် ဆီအုန်းအပါအဝင် ဆီထွက်သီးနှံအမျိုးမျိုးတို့ကို တိုးတက်စိုက်ပျိုးထုတ်လုပ် ကြရန် အထူးမေတ္တာရပ်ခံတိုက်တွန်းအပ်ပါကြောင်း။         ။