စာအုပ်စာပေတို့၏ အခန်းကဏ္ဍ မည်မျှတိုးတက်မြင့်မားသည်ဆို ခြင်းက နိုင်ငံတစ်ခု၏ ယဉ်ကျေးမှုအဆင့်အတန်းနှင့် ဂုဏ်သိက္ခာကို တိုင်းတာနေသည့် မှတ်ကျောက်တစ်ခုဖြစ်သည်ဟု ယူဆပါသည်။ အထက်တန်းကျသော နိုင်ငံနှင့် ယဉ်ကျေးသောနိုင်ငံသားတို့သည် စာအုပ်စာပေတို့ကို ယုံကြည်မြတ်နိုး တန်ဖိုးထားကြသည်ဟုလည်း ထင်မြင်ပါ၏။
စာအုပ်စာပေနှင့် ပတ်သက်လျှင် မြန်မာလူမျိုးတို့သည် အထက် တန်းကျသော အတွေးအမြင်ရှိ၏။ အစဉ်အလာနှင့် ရိုးရာ ယုံကြည်မှု ဓလေ့မှာပင် စာတစ်လုံးဘုရားတစ်ဆူ၊ အလိမ္မာစာမှာရှိ စသည်ဖြင့် စာကို ရိုသေလေးမြတ်ကြ၏။ စာတတ်ခြင်းကိုလည်း တန်ဖိုးထားကြ ၏။ ကျေးလက်ဒေသများတွင် ကလေးငယ်များ အရွယ်ရောက်ပြီ ဆိုသည်နှင့် ဘုန်းကြီးကျောင်းပို့၊ အခြေခံ စာရေးစာဖတ်နှင့် နောဧက နော စသည့် သင်္ချာအခြေခံအတွက်အချက်ကို သင်ကြားရ၏။ ကျေးလက်ဓလေ့ဟုဆိုရပါမည်။
မြို့နေသူများဆိုလျှင်လည်း သည်သို့သာ။ အရွယ်ရောက်သည် နှင့် ကျောင်းပို့၊ စာသင်စေချင်ကြသည်။ ဆင်းရဲလွန်းသည့်အတွက် ကလေးကျောင်းပို့ရန် ငွေကြေးမတတ်နိုင်ဘူးဆိုလျှင်ပင် အနိမ့်ဆုံး တော့ စာဖတ်တတ်အောင် သင်စေချင်၏။
ယင်းသို့ ဘုန်းကြီးကျောင်းသင် ပညာရေးဖြစ်စေ၊ လောကဓာတ် ကျောင်းသင်ဖြစ်စေ၊ မြန်မာကလေးငယ်များ စာပေအခြေခံပညာ၊ ယဉ်ကျေးမှု ဘာသာရေး အခြေခံတို့ကို သင်ကြားသည်ဆိုခြင်းက မြန်မာလူမျိုးတို့၏ ရိုးရာဓလေ့ဖြစ်နေပြီ။
မိဘတို့ ကံအကျိုးပေးမကောင်းလို့ ပညာကောင်းကောင်း မသင်ခဲ့ ရဟု ဆိုလျှင်ပင် သားသမီးများကို ပညာတတ်ကြီးများ ဖြစ်စေလို လှ၏။ သားသမီးတို့၏ ဘွဲ့ဝတ်စုံဖြင့် အမှတ်တရဓာတ်ပုံသည် အိမ်ခေါင်းရင်းခန်းတွင် ကျကျနန နေရာယူထားလေ့ရှိ၏။ ပညာတတ် ခြင်းသည်၊ စာတတ်ခြင်းသည် မိသားစုအတွက် အရေးပါသည်ဟု ယုံကြည်ကြ၏။ စာတတ်ခြင်း၊ စာဖတ်ခြင်းသည် နိုင်ငံအတွက် အရေး ပါသည်ဟု မြင်ကြ၏။ မိမိတို့၏ နိုင်ငံရေးခေါင်းဆောင်များ ပညာ တတ်ခြင်း၊ စာဖတ်ခြင်းကို ဂုဏ်ယူလိုကြ၏။ ဤသို့ဤနှယ် စာပေကို တန်ဖိုးထားကြ၏။ စာပေဟောပြောပွဲများ တစ်နှစ်လုံးလိုလို ကျင်းပ နေသည်မှာ တစ်နိုင်ငံလုံး နေရာဒေသအနှံ့ဖြစ်၏။ ယင်းသို့သော စာပေပွဲများကို ဝှဲချီးကျင်းပသည်မှာ ကမ္ဘာတွင်ပင် ရှားလောက်ပါမည်။
ပြည်သူလူထု၏ စာအုပ်စာပေအပေါ်ထားရှိသော တန်ဖိုးထား မှုကို တည်ကာ စာပေဆုများဟူ၍ ဖန်တီးချီးမြှင့်ခဲ့သည်မှာ လွတ်လပ် ရေးရသည့် အချိန်ကပင် စခဲ့ခြင်းဖြစ်၏။ စာပေတိုးတက်မြင့်မားရေး သည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည်ဟု ယုံကြည်ခဲ့ကြ သည်။
ထိုစာပေ တိုးတက်မြင့်မားရေးနှင့် တစ်ဆက်တစ်စပ်တည်း ရှိနေ သည်မှာ စာပေလွတ်လပ်ခွင့်ဟုဆိုသော် မှားအံ့မထင်။ ဒီမိုကရေစီ စနစ်ကို ထူထောင်သည့်အခါ မလွဲမသွေ တွဲဖက်ပါဝင်နေသည်က လွတ်လပ်စွာ ပြောဆိုထုတ်ဖော်ခွင့်ဖြစ်၏။ တစ်ပါးသူကို ထိခိုက်နစ်နာ မဖြစ်စေရန် စောင့်ထိန်းမှုနှင့် ယှဉ်တွဲနေသည့် လွတ်လပ်ခွင့်။ နိုင်ငံသား အားလုံး၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်။ လွတ်လပ်စွာ ရေးသားထုတ်ဝေခွင့်။ သတင်းနှင့် စာပေလွတ်လပ်ခွင့်။
ဒီမိုကရေစီ မှောင်ကြီးကျ ကာလတုန်းက စာပေလွတ်လပ်ခွင့် ဆိုသည်လည်း မှောင်ကြီးကျခဲ့ရလေသည်။ စာပေလွတ်လပ်ခွင့်မရှိ လိုက်သည်မှ အာဏာရှင် ငြိုငြင်သူတို့၏ အမည်နာမကိုပင် ဖော်ထုတ် ရေးသားခွင့်မရှိ။ မြန်မာစာပေလောက၏ ထိပ်ခေါင် အမျိုးသား စာဆိုတော် ဆရာကြီး သခင်ကိုယ်တော်မှိုင်းသည်ပင် စာပေ အမှောင်ထုထဲတွင် လှောင်ပိတ်ထားခြင်းခံခဲ့ရသည်ထိ။
စိတ်ကူးဉာဏ်နှင့် ဖန်တီးနိုင်စွမ်းသည် စာပေလွတ်လပ်ခွင့်ရှိမှ နိုးကြားရှင်သန်မည်။ အထက်တန်းကျသော စာကောင်းပေမွန်တို့ကို များများထွက်ပေါ်စေလိုလျှင် စာပေလွတ်လပ်ခွင့်ရှိမှဖြစ်မည်။ ယခု အခါတွင် ဒီမိုကရေစီဘောင် ကျယ်ပြန့်လာသည်နှင့်အမျှ စာပေ လွတ်လပ်ခွင့်သည်လည်း တိုးတက်မြင့်မားလာခဲ့ပြီဟု မြင်ပါသည်။ နိုင်ငံတော်အဆင့် သတ်မှတ်ပေးအပ်နေသော အမျိုးသားစာပေဆု သည်ပင် အစိုးရကပေးအပ်သည့် ဆုမဟုတ်တော့ပြီ။
ဆရာကြီးဦးသော်ကောင်း၊ ဆရာ ဦးခင်အေး (မောင်ခင်မင်၊ ဓနုဖြူ)၊ ဆရာမောင်ပေါ်ထွန်း စသည့်လေးစားအပ်သော စာပေနယ်က ဆရာကြီးများ ဦးဆောင်သည့် အမျိုးသားစာပေဆု ရွေးချယ်ရေးအဖွဲ့ က လွတ်လပ်စွာ ရွေးချယ်ပေးအပ်သည့်ခေတ်သို့ ပြောင်းလဲလာခဲ့ပြီ ဖြစ်သည်။
ယခုအခါ ၂၀၁၉ ခုနှစ်က ထွက်ရှိသော စာအုပ်များထဲက အမျိုးသားစာပေဆုအဖြစ် ထိုက်တန်သော စာအုပ်များအဖြစ် ရွေးချယ်ခြင်းခံရသော စာပေဆု ၁၀ ဆုနှင့် ဂုဏ်ထူးဆောင်ဆုအဖြစ် ချီးမြှင့်သော တစ်သက်တာစာပေဆုနှင့် တစ်သက်တာပညာရှင်ဆု နှစ်ဆုပေါင်း ၁၂ ဆု၏ အမည်စာရင်းများကို သတင်းဌာနများက ကြေညာလိုက်ပါသည်။
တိုင်းပြည်၏ စာပေမြင့်မားတိုးတက်မှုမှသည် နိုင်ငံတော်၏ မြင့်မားတိုးတက်မှု၊ အထက်တန်းကျသော ယဉ်ကျေးမှုနှင့် ကြီးမြင့် သော ဂုဏ်သိက္ခာတို့ ဖြစ်ထွန်းပါစေကြောင်း ဆုမွန်တောင်းရင်း အမျိုးသားစာပေဆုရှင်များကို ဂုဏ်ပြုလိုက်ရပါကြောင်း။ ။