ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှုကြောင့် ရေကြီးရေလျှံခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း၊ မိုးသီးကြွေခြင်း၊ မိုးခေါင်ခြောက်သွေ့ခြင်း၊ တောမီးလောင်ခြင်း အစရှိသည့် သဘာဝဘေးအန္တရာယ်များ ကျရောက်ခြင်းက စိုက်ပျိုးရေးဖြင့် အသက်မွေးဝမ်းကျောင်းကြ သည့် တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝကို ထိခိုက်စေ သည်။ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် စိုက်ပျိုးမြေဧက ၂၉ ဒသမ ၅၉ သန်းကို လက်ရှိကာလတွင် အသားတင်စိုက်ပျိုးလျက်ရှိရာ ယင်းမြေပေါ်၌ပင် ရာသီအလိုက် သီးထပ် သီးညှပ်စိုက်ဧကများကို ပါ ထည့်သွင်းတွက်ချက်ပါက နှစ်စဉ်သီးနှံစိုက်ဧက စုစုပေါင်း ၄၈ သန်းကျော်ရှိသည်။
စိုက်ပျိုးရေးတွင် ရေသည် မရှိမဖြစ်လိုအပ်သည့် အရင်းအမြစ် တစ်ခုဖြစ်သော်လည်း ပြောင်းလဲလာသည့် ကမ္ဘာ့ရာသီဥတုဖြစ်စဉ် များကြောင့် နှစ်စဉ်မိုးရွာသွန်းသည့်ရက် လျော့နည်းလာပြီး မိုးရာသီကာလ တိုတောင်းလာခြင်း၊ မိုးရေချိန်နည်းပါးလာခြင်း စသည်တို့ကြောင့် ဆည်၊ တမံများတွင် ရေသိုလှောင်မှုပမာဏ လျော့ကျလျက်ရှိသည်။ ထို့အပြင် ယခုနှစ်တွင် အယ်နီညိုဖြစ်စဉ် သက်ရောက်မှုကြောင့် ဖြစ်ပေါ်လာဖွယ်ရှိသည့် ရာသီဥတုအခြေ အနေများက နိုင်ငံတစ်ဝန်းရှိ စိုက်ပျိုးထုတ်လုပ်သူတောင်သူများ အပေါ်တွင် ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်စေနိုင်သည်။ အယ်နီညို ဖြစ်ပေါ်သည့်နှစ်များတွင် တစ်နိုင်ငံလုံး နွေကာလ၌ ပူပြင်း ခြောက်သွေ့ခြင်း၊ အနောက်တောင်မုတ်သုံလေ အဝင်နောက်ကျ ခြင်းနှင့် မုတ်သုံလေအားနည်းခြင်း၊ မိုးခေါင်ရေရှားပြဿနာများ ထင်ထင်ရှားရှား ကြုံတွေ့ရခြင်း၊ မုတ်သုံမိုးအားနည်းခြင်းနှင့် မုတ်သုံလေ အထွက်စောခြင်း၊ ဘင်္ဂလားပင်လယ်ပြင်တွင် မုန်တိုင်းဖြစ်ပေါ်မှုလျော့နည်းခြင်း စသည့် ပြဿနာများကို ကြုံတွေ့ရတတ်သည်။ အယ်နီညိုနှစ်များတွင် နွေရာသီကာလ ရှည်လျားပြီး အပူချိန်မြင့်မားခြင်းကြောင့် စိုက်ပျိုးရေရှားပါးမှု၊ သောက်သုံးရေမလုံလောက်မှုနှင့် ကျန်းမာရေးဆိုင်ရာပြဿနာ များ ဖြစ်လာနိုင်ဖွယ်ရှိသည်။
ယခုနှစ် မေလအထိ အယ်နီညိုသည် ဆက်လက်ဖြစ်ပွားနိုင်ပြီး အရှေ့တောင်အာရှဒေသများတွင် ကာလကြာရှည် ခြောက်သွေ့ သည့် ကာလကိုဖြစ်ပေါ်စေနိုင်ရာ မိမိတို့နိုင်ငံ၏ အဓိကစားကုန် ဖြစ်သော ဆန်စိုက်ပျိုးထုတ်လုပ်မှုတို့ ထိခိုက်ဆုံးရှုံးနိုင်ဖွယ်ရှိနေ သည်။ မြန်မာနိုင်ငံတွင် ၁၉၉၈ ခုနှစ်က အားအလွန်ကောင်းသော အယ်နီညိုဖြစ်စဉ်ကြောင့် နိုင်ငံတစ်ဝန်း ရွာသွန်းသည့်မိုးရေချိန် ပမာဏသည် ရွာသွန်းမြဲအောက် ၂၃ ရာခိုင်နှုန်းခန့် လျော့နည်း ရွာသွန်းခဲ့သည်။ ယင်းနှစ်နွေရာသီ ဧပြီလနှင့် မေလတို့တွင် နိုင်ငံ တစ်ဝန်းရှိ မိုးလေဝသတိုင်းတာရေးစခန်း ၃၀ ကျော်တွင် အမြင့်ဆုံး အပူချိန် စံချိန်သစ်များတင်ခဲ့ကာ မိုးခေါင်ခြောက်သွေ့မှု၊ သောက်သုံးရေပြတ်လပ်မှု ဖြစ်ပေါ်ခဲ့သည်။ ၂၀၁၀ ပြည့်နှစ် အားအသင့်အတင့်ရှိသည့် အယ်နီညိုဖြစ်စဉ်တွင် မြန်မာတစ်နိုင်ငံ လုံး၏ စံချိန်သစ်တင်အမြင့်ဆုံးအပူချိန် ၄၇ ဒသမ ၂ ဒီဂရီ ဆဲလ်စီးယပ်စ်အထိ မြင်းမူမြို့တွင် ဖြစ်ပေါ်ခဲ့ပြီး အပူဆုံးစံချိန်သစ် တင်ခဲ့သည်။ ထိုနှစ်တွင် အင်လေးကန်ရေခန်းခြောက်မှုနှင့် အပူပိုင်းဒေသများတွင်သာမက မြေလတ်ဒေသများတွင်ပါ ရေရှားပါး ပြတ်လပ်ခဲ့သည်။
အယ်နီညိုသက်ရောက်မှုကြောင့် ရာသီဥတုပူပြင်းမှုနှင့်အတူ စိုက်ပျိုးရေနှင့် သောက်သုံးရေအခက်အခဲများ ဖြစ်ပေါ်လာနိုင်ရာ စိုက်ပျိုးရေများ လေလွင့်ဆုံးရှုံးမှုမဖြစ်စေရန်၊ သက်တမ်းတို အထွက်ကောင်းစပါးမျိုးများအသုံးပြုရန်၊ ဒေသနှင့် ကိုက်ညီပြီး ရေလိုအပ်ချက်နည်းသော အထွက်ကောင်းစပါးမျိုးကို ရွေးချယ် စိုက်ပျိုးရန် သက်ဆိုင်ရာက သတိပေးနှိုးဆော်မှုများကို လိုက်နာ ဆောင်ရွက်ကြရန် လိုအပ်သည်။ ထို့အပြင် စိုက်ပျိုးရေအတွက် ရေအရင်းအမြစ်များ ရှာဖွေခြင်း၊ စိုက်ပျိုးရေများ ကြိုတင်သိုလှောင် ခြင်း၊ ရေကိုအလဟဿမဖြစ်စေဘဲ အလေအလွင့်နည်းနည်း၊ အကျိုးရှိရှိ၊ ထိထိရောက်ရောက်သုံးစွဲခြင်း၊ ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်သည့် သီးထပ်ပုံစံများစိုက်ပျိုးခြင်း၊ စိုက်ပျိုး ရေကို စနစ်တကျသုံးစွဲရန်သင့်တော်သည့် ရေပေးဝေမှု၊ ရေရယူ အသုံးပြုမှုစနစ်များ ကျင့်သုံးခြင်းတို့ကို တောင်သူများ၊ ရေအသုံးပြုသူ တောင်သူအဖွဲ့အစည်းများ၊ သက်ဆိုင်ရာဌာနများ ပူးပေါင်းဆောင်ရွက်ကြခြင်းဖြင့် ရာသီဥတုဖောက်ပြန်ပြောင်းလဲ မှုကို ကျော်လွှားကြရပါမည့်အကြောင်း။ ။