
ရန်ကုန်တက္ကသိုလ်ရာပြည့်အထိမ်းအမှတ်
=======================
အသက် (၉၀) ရှိကျောင်းသူ စာရေးဆရာမကြီး မမြတ်လေး(ဒေါ်သိန်းဆိုင်) မိသားစုနှင့်ခွဲခြား၍မရသော ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်
============================================================================
ခင်မြတ်လေး
“စာပေသည် သူ၏အသက်”ဟု တင်စားခဲ့သော ဒေါ်သိန်းဆိုင် (စာရေးဆရာမကြီး မမြတ်လေး)ကို ဖခင် ကုန်သည်ကြီး ဦးအုန်းခိုင်နှင့် မိခင် ဒေါ်ကြင်မေတို့က ၁၉၁၄ ခုနှစ်တွင် ပဲခူးမြို့ ဇိုင်းဂနိုင်းတောင်ပိုင်း (မိသားစု ချက်မြှုပ်ရာအိမ်ကို စာသင်ကျောင်းဆောက်၍ နိုင်ငံတော်အား လှူဒါန်းခဲ့သည့် မြေနေရာရှိ) အိမ်၌ မွေးဖွားခဲ့ပါသည်။ မွေးချင်းကိုးယောက်တွင် အကြီးဆုံးဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ အထင်ကရ တစ်ခုဖြစ်သော ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ် (ရန်ကုန်) သည်လည်း ၁၉၂၀ ပြည့်နှစ်၌ မွေးဖွားခဲ့ခြင်း ဖြစ်ပါ သည်။
ဒေါ်သိန်းဆိုင်သည် ၂၀၀၆ ခုနှစ် အသက် (၉၂)နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။ ယခု ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်သည် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် နှစ် (၁၀၀) ပြည့်ခဲ့ပါပြီ။
ဒေါ်သိန်းဆိုင်သည် အသက်(၉၂)နှစ်အရွယ် နောက်ဆုံးအချိန်အထိ စာပေများကို လေ့လာသင်ကြား ရင်း၊ ကလောင်ကိုကိုင်ရင်း ပညာရေး၊ ကျန်းမာရေး၊ လူမှု ရေး၊ ပရဟိတလုပ်ငန်းများနှင့် စာပေပညာဖြင့် လူသား များကို အကျိုးပြုခဲ့ပါသည်။ ထိုနည်းတူ ဝိဇ္ဇာနှင့် သိပ္ပံ တက္ကသိုလ်ကြီးသည်လည်း ဒေါ်သိန်းဆိုင် အပါအဝင် တတ်သိပညာရှင်များစွာကို မွေးထုတ်ပေးခဲ့သည်မှာ နှစ်(၁၀၀)ပင်ရှိနေပြီ ဖြစ်သော်လည်း နောင် ကမ္ဘာတည်နေ သရွေ့ လူ့သက်တမ်းထက်ကြာရှည်စွာရပ်တည်နိုင်မည် ဖြစ်သည့်အတွက် မြန်မာနှင့်ကမ္ဘာကို အကျိုးပြုမည့်၊ တတ်သိပညာရှင်များကို ဆက်လက်မွေးထုတ်ရာ အဖိုး ထိုက်တန်သည့် ရတနာမိခင်တက္ကသိုလ်ကြီး ထာဝရရှင်သန် တည်တံ့ခိုင်မြဲပါစေလို့ ရှေးဦးစွာ ဆန္ဒပြုဆုတောင်း လိုက်ပါသည်။
လက်ဦးဆရာမည်ထိုက်စွာ ပုဗ္ဗာစရိယ “မိနှင့် ဘ”
ရှေးခေတ်က မိန်းကလေးများ သေစာရှင်စာတတ် လျှင်တော်ပြီဟူသောအချိန်တွင် ဦးအုန်းခိုင်၏အတွေးသည် မိန်းကလေးများလည်း ပညာတတ်လျှင် မျက်နှာမငယ်ဟူ၍ သမီးကြီးအား မိမိ၏ စီးပွားရေးလုပ်ငန်းတွင် ဝင်မကူစေဘဲ ပညာတတ်ဖြစ်စေချင်ခဲ့ပါသည်။ ရွှေကြာဆေးလိပ်ခုံပိုင်ရှင် ဒေါ်ကြင်မေသည်လည်း စာဖတ်အလွန်ဝါသနာပါသည့် အလျောက် စာအုပ်များကို သေတ္တာကြီးများဖြင့် ထည့် ထားပြီး အလုပ်သမားများကို သမိုင်းရာဇဝင်၊ လူမှုရေး၊ ဗဟုသုတ၊ ပုံတိုပတ်စများကို နေ့စဉ် ပြောပြ ဖတ်ပြလေ့ရှိရာ ဒေါ်သိန်းဆိုင်သည် မိခင်ကြီး၏စာအုပ်များအကြား၌ စာပေနှင့်အလွန်ရင်းနှီးခဲ့ရာမှ စာပေကို မြတ်နိုးလာခဲ့ပါ သည်။
သူတော်ချင်းချင်း သီတင်းလွေ့လွေ့
စာပေဝါသနာပါသူ ဇနီးမောင်နှံဖြစ်သည့် ဦးတင်ဖေ နှင့် ဒေါ်သိန်းဆိုင်တို့သည် နောင်တွင် စာပေလောကတွင် ထင်ရှားခဲ့သော ဆရာဦးခင်မောင်လတ်နှင့် ဇနီး စာရေး ဆရာမကြီး ဒေါ်ခင်မျိုးချစ်တို့နှင့် အလွန်ချစ်ခင်ရင်းနှီးသော၊ ဟိုဘက်ခန်း ဒီဘက်ခန်း အခန်းချင်းကပ်လျက်နေခဲ့ကြသော ငယ်သူငယ်ချင်းများ ဖြစ်ကြပါသည်။ ငယ်သူငယ်ချင်း လေးယောက်ဖြစ်သည့် ဦးတင်ဖေ၊ ဦးခင်မောင်လတ်၊ ဓမ္မိက ဦးဘသန်းနှင့် ဦးကိုကိုကြီးတို့သည် အသက်ကြီးသည်အထိ စာပေများ၊ အထူးသဖြင့် အင်္ဂလိပ်စာနှင့်ပတ်သက်၍ အမြဲဆွေးနွေးဖြစ်ကြပါသည်။
ဒေါ်သိန်းဆိုင်နှင့်အတူ ငယ်စဉ်က ရန်ကုန်စာတိုက် ကြီးတွင် အလုပ်လုပ်ခဲ့သော ဆရာမကြီးဒေါ်လှတင် သည်လည်း ရေကျော်မက်သဒစ် အစိုးရအထက်တန်း ကျောင်းနှင့် တာမွေအမှတ် (၁) အစိုးရအထက်တန်းကျောင်း တို့တွင် ဆရာမလုပ်လည်း အတူတူ၊ ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ် တွင် ဥပဒေဘွဲ့ တက်လည်းအတူတူ ဘဝ၏နောက်ဆုံး နေ့ရက်များအထိ လက်တွဲမဖြုတ်ဘဲ ချစ်ခင်ခဲ့ကြပါသည်။
စိတ်တူကိုယ်တူ
ဒေါ်သိန်းဆိုင်သည် ငယ်စဉ်က ပဲခူးမြို့ အစိုးရအထက် တန်းကျောင်းတွင်နေစဉ် မြန်မာစာကို အလွန်စိတ်ဝင်စား၍ စကားရည်လုပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ရာ ဝါသနာလည်းတူ ပြိုင်ဘက်လည်းဖြစ်သော ဦးတင်ဖေနှင့် သိကျွမ်းခင်မင်ခဲ့ရသည်။ ဦးတင်ဖေနှင့်လက်ထပ်ပြီး မြေအောက်တော်လှန်ရေးသို့ ပါသွားခဲ့သည်။ “တိုင်းပြည် လွတ်လပ်ရေးမရသေးမီ စစ်အတွင်းကာလ၌ ရှေ့တန်းမှ ဦးတင်ဖေရေးသားပေးပို့သော “အမည်မဖော်ပြသော စစ်မြေပြင်မှ ရေးသားပေးပို့လိုက်သောစာ” ဆောင်းပါးကို ၁၀-၇- ၁၉၄၃ နေ့စွဲပါ ဗမာ့ခေတ်သတင်းစာတွင် ဖော်ပြခြင်းခံခဲ့ရပါသည်။
စာပေဝါသနာပါသူ ဇနီးမောင်နှံဖြစ်ကြ၍ လွတ်လပ် ရေးရပြီးနောက် ဒေါ်သိန်းဆိုင် တက္ကသိုလ် ပြန်တက်ခဲ့ သည်ကိုမတားဘဲ အားပေးခဲ့သည်ကို မမြတ်လေး၏ “ကြွေတစ်လက် ကြက်တစ်ခုန်” ခေါင်းစဉ်အမည်ပါ ဝတ္ထုတိုလေးဖြင့် ၁၉၆၅ ခုနှစ် ဧပြီလထုတ် မြဝတီ မဂ္ဂဇင်းတွင် မှတ်တမ်းတင်ထားပါသည်။ ဆက်လက်၍ လည်း B.A ပြီးတော့ DT, BL ဘွဲ့များကို ပါမောက္ခချုပ် ဆရာကြီးဒေါက်တာမောင်မောင်ခ လက်ထက်တွင် ရယူခဲ့ ခြင်းဖြင့် ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်တွင် ကျင်လည်ခဲ့ပါ သည်။ ခင်ပွန်းသည် အလုပ်ရှိစဉ်ကပင် အထက်တန်းပြ အင်္ဂလိပ်စာဆရာမအဖြစ် မောင်တစ်ထမ်း မယ်တစ်ရွက် အိမ်ထောင်တာဝန်ကို အတူလုပ်ကိုင်ခဲ့ပါသည်။ ခင်ပွန်း သည် အငြိမ်းစားယူပြီးသည့်အခါ အစိုးရပင်စင်လေး များဖြင့် မစားလောက်ကြ၍ ဒေါ်သိန်းဆိုင်မှာ တရားရုံး ချုပ်ရှေ့နေအဖြစ် စတင်အမှုလိုက် ဝမ်းစာရှာခဲ့ရပါသည်။
မွေခံထိုက်စေ
သားအကြီးဆုံးလေယာဉ်မှူးကြီး ဦးသီဟကျော်သူ နှင့် သားလတ် အင်ဂျင်နီယာ ဦးဝဏ္ဏစည်သူတို့သည် လည်း စာဖတ်ဝါသနာ အလွန်ပါကြပါသည်။ သမီး ဆရာမဒေါ်ခင်စောဥမ္မာသည်လည်း ရုက္ခဗေဒဘာသာရပ် ဖြင့် သိပ္ပံဘွဲ့ကို ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်မှ ၁၉၆၆-၁၉၇ဝ ပြည့်နှစ်တွင် ရရှိပြီး ဌာနတွင် ဆရာမအဖြစ် လုပ်ရင်း မဟာသိပ္ပံဘွဲ့ကို ရရှိခဲ့ပါသည်။ ဆရာမလုပ်ရင်းဖြင့် HGP, RL ဘွဲ့များပါ တက်ရောက်ရယူခဲ့ပါသည်။
သမီးဒေါ်ခင်စောဥမ္မာ၏ ခင်ပွန်း အင်ဂျင်နီယာ ဦးဉာဏ်ထွန်းဦးနှင့် သား ဦးကျော်ဒေဝတို့သည်လည်း ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ် (ရန်ကုန်) အင်္ဂလိပ်စာဌာန ဆရာ ကြီးဒေါက်တာမျိုးမြင့် လက်ထက်တွင် ဘွဲ့လွန်အင်္ဂလိပ် စာဒီပလိုမာ (Post Graduate Diploma in Global English) သင်တန်းကို သားအဖနှစ်ယောက် အတူတူ တက်ခဲ့ကြပါသည်။ ဦးကျော်ဒေဝသည်လည်း မဟာဝိဇ္ဇာ ဘွဲ့ကို (South East Asian and the Pacific Studies ) ဘာသာရပ်ဖြင့် ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်မှ ရယူခဲ့ပါသည်။
သားအငယ်ဆုံးဖြစ်သူ ဦးနန္ဒကျော်စွာသည်လည်း ရုက္ခဗေဒဘာသာရပ်ဖြင့် သိပ္ပံဘွဲ့၊ မဟာသိပ္ပံဘွဲ့များကို ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ် (ရန်ကုန်)မှ ရရှိပြီး ဌာနတွင် အချိန်ပိုင်းစာသင်နည်းပြအဖြစ် ဆောင်ရွက်ခဲ့ပါသည်။ HGP, RL များကိုလည်း ဆက်လက်ဖြေဆိုအောင်မြင်ပြီး မိခင်နှင့်အတူ တရားရုံးချုပ်ရှေ့နေအဖြစ်လည်း ဆောင်ရွက်ခဲ့ပါသည်။ DEP၊ DMA၊ MBA ဘွဲ့များကို စီးပွားရေးတက္ကသိုလ်မှရရှိပြီး ဆက်လက်၍ DLIS၊ MLIS၊ MRes ဘွဲ့များ၊ PGDAPsy၊ DOS ဘွဲ့တို့ကို ရန်ကုန်တက္ကသိုလ် တွင် ထပ်မံတက်ရောက်၍ ရရှိခဲ့ပါသည်။
တစ်ဖန် ဆက်လက်၍ DSw၊ DAE၊ MAY ဘွဲ့များကို ထပ်မံရယူခဲ့ပြီး ၂၀၂၀ ပြည့်နှစ်တွင် စာကြည့်တိုက်နှင့် သုတပညာ ပါရဂူဘွဲ့ (Ph.D)ကို ရန်ကုန်တက္ကသိုလ်မှပင် ရရှိခဲ့ပါသည်။
ဦးနန္ဒကျော်စွာ၏ဇနီး ဒေါက်တာဒေါ်မြင့်ဌေးသည် လည်း အငြိမ်းစားယူပြီးနောက် ခင်ပွန်းနှင့်အတူ DSw၊ DOS၊ DAE ဘွဲ့များကို ရန်ကုန်တက္ကသိုလ်တွင် တက်ရောက် ယူခဲ့ပါသည်။ သမီးဒေါက်တာ စောသုန္ဒီသည်လည်း အဘွား ဖြစ်သူ ဒေါ်သိန်းဆိုင်နှင့်အတူ စာကြည့်တိုက်နှင့် သုတပညာ သင်တန်းကို ရန်ကုန်တက္ကသိုလ်တွင် တက်ရောက်အောင်မြင် ခဲ့သည့်အပြင် မိဘများနှင့်အတူ DSw ဘွဲ့နှင့် စီးပွားရေး တက္ကသိုလ်မှ စီးပွားရေးပညာဘွဲ့ BBS ကိုပါ ရရှိခဲ့ပါသည်။
ရန်ကုန်တက္ကသိုလ်သို့ ပြန်လည်ခြေချခြင်း
ဖခင်ကြီးဦးတင်ဖေ မကွယ်လွန်မီ သားသမီးများကို စကားတစ်ခွန်းမှာခဲ့ပါသည်။ မေမေ့ကို အသက်ကြီးပြီဟု ဒီအတိုင်း မနေစေချင်ကြောင်း၊ ဦးနှောက်ကို အမြဲသွေး နေဖို့လိုကြောင်း ပြောဆိုမှာကြားခဲ့ပါသည်။ ဦးတင်ဖေနှင့် ဒေါ်သိန်းဆိုင်တို့၏ မြတ်လေးရုံတွင် ရှေးယခင်ကပင် “မြတ်လေးစာပေ” ဟူ၍ အိမ်တွင်းမိသားစု စာကြည့်တိုက် ငယ်လေး ရှိခဲ့ပါသည်။ တစ်ချိန်က ဦးတင်ဖေ တာဝန်ထမ်း ဆောင်စဉ်က ကုန်သွယ်ရေး အဆောက်အအုံ၌လည်း စာကြည့်တိုက်တစ်ခု ထူထောင်ပေးခဲ့ပါသည်။ ထို့ကြောင့် ၁၉၉၉ ခုနှစ် ရန်ကုန်တက္ကသိုလ် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးမှုဆိုင်ရာ (HRD) သင်တန်းများ ဖွင့်လှစ်ခဲ့ရာ ဒေါ်သိန်းဆိုင်က မိမိနှင့် ခင်ပွန်းသည်တို့ ဝါသနာပါသော စာကြည့်တိုက်နှင့် သုတပညာဘာသာရပ်ကို တက်ရောက် လိုသည့်ဆန္ဒကြောင့် သား၊ သမီး၊ မြေးများနှင့် အတူ ရန်ကုန်တက္ကသိုလ်သို့ ပြန်လည်ခြေချ၍ စာသင်ခန်းများတွင် ရန်ကုန်တက္ကသိုလ် ကျောင်းသူတစ်ဦးအဖြစ် ဆရာကြီး ပါမောက္ခ ဦးသိန်းလွင်လက်ထက်တွင် တက်ရောက် အောင်မြင်ခဲ့ပါသည်။
ဆက်လက်၍ မိမိဝိဇ္ဇာဘွဲ့ယူခဲ့စဉ်က စိတ်ကြိုက် ဘာသာအဖြစ်ယူခဲ့သော စိတ်ပညာဘာသာပညာရပ်သည် လူ့ပတ်ဝန်းကျင်အတွက်တန်ဖိုးရှိပါ၍ ပါမောက္ခ ဒေါက်တာ ဒေါ်ခင်အေးဝင်းလက်ထက်တွင် ဘွဲ့လွန်အသုံးချစိတ်ပညာဒီပလိုမာဘွဲ့ကို သမီးနှင့်အတူ တက်ရောက်အောင်မြင်ခဲ့ပါ သည်။ ထိုအချိန်က ပါမောက္ခချုပ်မှာ ဆရာကြီး ဒေါက်တာ ဦးစိုးရင် ဖြစ်ပါသည်။
ထို့ကြောင့် ဒေါ်သိန်းဆိုင် (စာရေးဆရာမကြီး မမြတ်လေး)သည် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ ကြီးတွင် တတိယအရွယ် အသက် (၉၀) ၌ သား၊ သမီး၊ မြေးများနှင့် ဘွဲ့အတူ တက်ရောက်ရယူခဲ့ခြင်းပင် ဖြစ်ပါသည်။
“မမြတ်လေး ပညာရည်ချွန်ဆု” ငွေပဒေသာပင်စိုက်ထူခြင်း
အဘွားအရွယ်ရောက်မှ ရန်ကုန်တက္ကသိုလ်တွင် ကျောင်းပြန်တက်ခဲ့သော ဒေါ်သိန်းဆိုင်သည် ပညာ ဆည်းပူးရုံသက်သက်သာ မဟုတ်တော့ဘဲ ပတ်ဝန်းကျင်ကိုပါ လေ့လာသုံးသပ်ခြင်းဖြင့် မြေးအရွယ် ကျောင်းသူ ကျောင်းသားများ ပညာကို အမှန်တကယ်စိတ်ဝင်စား တတ်မြောက်စေချင်သည့် စေတနာရည်ရွယ်ချက်ဖြင့် တက္ကသိုလ် ဘာသာရပ်အချို့တွင် စာပေထူးချွန်သူများကို ဆုချီးမြှင့်ပေးရန် ရန်ကုန်တက္ကသိုလ်မှ ဆရာကြီး ဆရာမကြီးများနှင့် တိုင်ပင်၍ “မမြတ်လေးပညာရည်ချွန်ဆု” အဖြစ် ပညာရေးငွေပဒေသာပင်ကို စိုက်ထူပေးခဲ့ပြီး ပညာရေး ဝန်ကြီးဌာန၌ အပ်နှံထားခဲ့ပါသည်။
ဆရာမကြီးမမြတ်လေး ကွယ်လွန်ပြီးနောက်တွင် လည်း မြတ်လေးရုံမိသားစုက အခြေခံပညာကျောင်းများ၌ လည်း စာပေနှင့် ဘက်စုံထူးချွန်ဆုအပြင် ကျန်းမာရေး ကောင်းမှ စာကြိုးစားနိုင်မည့်အပြင် တိုင်းပြည် အတွက် အောင်လံတံခွန်စိုက်ထူပေးမည့် အားကစားထူးချွန်ဆုကို ပါ ထပ်တိုးချီးမြှင့်ပေးနိုင်ရေးအတွက် “မမြတ်လေး အခြေခံအုတ်မြစ်ဆု”ကို ထပ်မံ၍ ငွေပဒေသာပင် စိုက်ထူထားခဲ့ပါသည်။
ရန်ကုန်တက္ကသိုလ် (၇၅) နှစ်မြောက် စိန်ရတုပွဲ ကျင်းပခဲ့စဉ်ကလည်း ဒေါ်သိန်းဆိုင်သည် သက်ကြီး ကန်တော့ခံအပြင် စာရေးဆရာမကြီး မမြတ်လေးအတွက် ပြခန်းတစ်ခန်းနှင့် အားကစားထူးချွန်သူ ဦးနန္ဒကျော်စွာ အတွက် ပြခန်းတစ်ခန်းဖြင့် ရန်ကုန်တက္ကသိုလ်ပြခန်း များတွင် ပြသခြင်းခံခဲ့ရပါသည်။
နိုဝင်ဘာလ ၂၃ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာနှင့် ကြေးမုံသတင်းစာတို့တွင် စာရေးဆရာ စိန်ဝင်း(၄၀)၏ “ရန်ကုန်တက္ကသိုလ်ကျောင်းတော်သား ကျွန်တော်” ဆောင်းပါးတွင် စာရေးဆရာမကြီး မမြတ်လေး(ဒေါ်သိန်းဆိုင်)သည် အသက် ၉၀ တွင် မြေးများနှင့်အတူ ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ယူခဲ့ကြောင်း၊ စာရေးသူကိုယ်တိုင်လည်း မဟာဘွဲ့ကို ဆက်လုပ်လျှင် ကောင်းလေမည်လား စဉ်းစားခဲ့ကြောင်း ဖော်ပြထားပါ သည်။
မိခင်ကြီးအကြောင်းကို ရေးသားရန်စိတ်ကူးမရှိခဲ့ သော်လည်း အချိန်အခါကလည်း ကိုက်ညီနေပြီး မိခင်ကြီး ၏ စံပြနမူနာပြုအားပေးခဲ့မှုများကို ဆက်လက်အားပေး လိုပါ၍ ဤဆောင်းပါးလေးအား ရေးဖြစ်ပါတော့သည်။ မိခင်ကြီး ရှေ့ဆောင်လမ်းပြ၍ သား သမီး မြေးမြစ်များက ဆက်လက်ကြိုးစားနေကြသည်မှာ ယခု ၂၀၂၀ ပြည့်နှစ် တွင် ဒေါ်သိန်းဆိုင်(မမြတ်လေး)၏ သားအငယ်ဆုံး ဦးနန္ဒကျော်စွာသည် စာကြည့်တိုက်နှင့် သုတပညာ ဘာသာရပ်တွင် ပါရဂူ (Ph.D) ဘွဲ့ကို အသက် ၇ဝ တွင် ရရှိခဲ့ခြင်းဖြစ်ပါသည်။
ထို့ကြောင့် ဒေါ်သိန်းဆိုင်(စာရေးဆရာမကြီး မမြတ်လေး) ဖြစ်စေချင်သော လူတိုင်း ပညာတတ်ရမည်၊ ပညာလိုအိုသည်မရှိနှင့် ဘဝတစ်သက်တာပညာရှာ (Life Long Learning) ကို လက်တွေ့အကောင်အထည် ဖော်နိုင်ကြပါစေရန် ရည်ညွှန်းခဲ့ခြင်း ဖြစ်ပါကြောင်း ဆရာ စိန်ဝင်း (၄၀) နှင့်တကွ ချစ်သောစာဖတ်ပရိသတ်များထံသို့ ဤဆောင်းပါးအား လေးစားစွာ မေတ္တာထား ရေးသား လိုက်ခြင်းဖြစ်ပါသည်။
ပညာလိုအိုသည်မရှိ (Life Long Learning) ကို ကိုယ်တိုင်လက်တွေ့ကြိုးစားပြခြင်းဖြင့် လူတိုင်း အရွယ် မရွေး၊ ကျား၊ မ မရွေး ပညာဆည်းပူးလိုလျှင် ရနိုင်ကြောင်း ကို သက်သေပြအားပေးခဲ့သော ဒေါ်သိန်းဆိုင်(စာရေး ဆရာမကြီး မမြတ်လေး)နှင့် ရန်ကုန်တက္ကသိုလ်တို့၏ ဘဝ ရေစက်ကို မှတ်တမ်းတင်ဂုဏ်ပြုလိုက်ရပါသည်။ ။
- Log in to post comments