အဏုမြူဟုဆိုသည်နှင့် ဒုတိယကမ္ဘာစစ်ပြီးဆုံးခါနီးကာလ ဂျပန်နိုင်ငံ ဟီရိုရှီးမားနှင့် နာဂါဆကီမြို့တို့၏ ကြောက်မက်ဖွယ် အနိဋ္ဌာရုံမြင်ကွင်းများကို ဦးစွာမြင်ရလေ့ရှိသည်။ အဏုမြူ စွမ်းအင်ကို လူသားတို့အတွက် အကျိုးပြုနယ်ပယ်များစွာ တို့တွင် အသုံးချနေကြသည့်တိုင် စစ်ရေးနယ်ပယ်တွင်လည်း အဖျက်စွမ်းအားကြီးမားလှသည့် အဏုမြူစွမ်းအင်၏ ပုံရိပ်တို့က ပို၍လွှမ်းမိုးနေခြင်းကြောင့် ဖြစ်သည်။ သို့ရာတွင် ဉာဏ်ပညာကြီးမားသည့် လူသားတို့သည် ရှေးနှစ်ပေါင်း များစွာက မိမိတို့ထက် ခွန်အားဗလ လွန်စွာပိုမိုကြီးမားသည့် ဆင်ကဲ့သို့သော သတ္တဝါကြီးများကိုပင် ၎င်းတို့၏ ခွန်အားကို အသုံးချ ခိုင်းစေနိုင်ခဲ့သကဲ့သို့ အဏုမြူစွမ်းအင်ကိုလည်း ပြီးခဲ့သည့် ၂၀ ရာစုအတွင်းမှစကာ နယ်ပယ်အသီးသီးတို့တွင် အသုံးချလာကြခြင်းဖြစ်သည်။
မိမိတို့နေထိုင်ရာ   မြေကမ္ဘာနှင့်  စကြဝဠာတစ်ခွင်  တည်ရှိ သော ဒြပ်ဝတ္ထုဟူသမျှတို့ကို  အဏုမြူမှုန်တို့ဖြင့်  ဖွဲ့စည်းထား ခြင်းဖြစ်သည်။   အက်တမ်ဟုခေါ်သည့်   အဏုမြူမှုန်တို့၏ အတွင်းတွင် လွန်စွာကြီးမားလှသည့် စွမ်းအင်များကို ဖိသိပ် သိုလှောင်ထားသော     နျူကလိယပ်စ်များ    ရှိနေကြောင်း ၂၀ ရာစု အစောပိုင်းကာလက သိပ္ပံပညာရှင်များ ဖော်ထုတ် တွေ့ရှိခဲ့ကြပြီး အက်တမ်ခေါ် အဏုမြူမှုန်ကို ဖြိုခွဲသည့်အခါ အတွင်းရှိ   နျူကလိယပ်စ်များ  ပြိုကွဲခြင်းဖြင့်   ဧရာမအပူ စွမ်းအင်များ ထွက်ပေါ်လာခြင်းဖြစ်ပြီး အဆိုပါစွမ်းအင်ကို လူသားတို့၏ ကောင်းကျိုးအတွက်ဖြစ်စေ၊ ဆိုးကျိုးအတွက် ဖြစ်စေ လိုသလိုအသုံးချကြခြင်းဖြစ်သည်။
အဏုမြူစွမ်းအင်ကို ကြောက်စရာအဖြစ် ရှုမြင်သော်လည်း မိမိတို့နိုင်ငံတွင် အသုံးပြုခဲ့သည်မှာ ကာလကြာမြင့်ခဲ့ပြီဟုပင်  ဆိုနိုင်သည်။ ကျန်းမာရေး၊ လယ်ယာစိုက်ပျိုးရေး၊ ရှေးဟောင်း သုတေသန၊  သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး  စသည့်  နယ်ပယ်အသီးသီးတို့တွင် အသုံးချခဲ့ခြင်းဖြစ်သည်။ ရေဒီယိုအိုင်ဆိုတုပ်များအသုံးပြု၍ ခန္ဓာကိုယ်အတွင်း ရောဂါရှာဖွေ ခြင်း၊ ကင်ဆာဆဲလ်များကို ဖျက်ဆီးခြင်းတို့ကို ဆောင်ရွက် ရာတွင် CT (Computed Tomography) ၊ MRI (Magnetic Resonance Imaging) ၊ PET Scan(Positron Emission Tomography) စသည့်ရောဂါရှာဖွေစက်များမှာ အဏုမြူ စွမ်းအင်အသုံးပြုသော  စက်များဖြစ်ပြီး   တစ်ချိန်မဟုတ် တစ်ချိန် လူတိုင်းနှင့် မကင်းနိုင်သော စက်များပင်ဖြစ်သည်။
အဏုမြူစွမ်းအင်ကို   အသုံးပြု၍   လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းသည်  ကနဦးကုန်ကျစရိတ်နှင့်  နည်းပညာ လွန်စွာမြင့်မားသော်လည်း အခြားအားသာချက် အများအပြား ကြောင့်  မိမိတို့  မြန်မာနိုင်ငံနှင့်  နယ်နိမိတ်ထိစပ်နေသည့် အိမ်နီးချင်းနိုင်ငံအချို့နှင့် ဒေသတွင်း နိုင်ငံအချို့၌ပါ အဏုမြူ ဓာတ်အားပေးစက်ရုံများ တည်ဆောက်လည်ပတ်လျက်ရှိပြီ ဖြစ်ရာ   စွမ်းအင်လိုအပ်ချက်   ကြီးမားစွာရှိနေသည့်  မိမိတို့ နိုင်ငံသည်လည်း အဏုမြူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ များ တည်ဆောက်အသုံးပြုနိုင်ရန် ခြေလှမ်းများပြင်ဆင်လျက် ရှိပြီဖြစ်သည်။ ရုရှားနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း ဖြစ်သော ROSATOM ၏ ကူညီမှုဖြင့် မြန်မာနိုင်ငံ၏ ပထမ ဦးဆုံး  နျူကလီးယားနည်းပညာ သတင်းအချက်အလက် စင်တာကို ဖေဖော်ဝါရီ ၆ ရက်တွင် ရန်ကုန်မြို့၌ ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်ရာ ကျောင်းသား ကျောင်းသူလူငယ်များနှင့် ပြည်သူလူထု အတွင်း  နျူကလီးယားနည်းပညာဆိုင်ရာ   အသိပညာများ ဖြန့်ဝေပေးနိုင်တော့မည်ဖြစ်သည့်အပြင်    ROSATOM   ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့်   မိမိတို့နိုင်ငံတွင်  တည်ဆောက် လည်ပတ်သွားမည့်  Small   Modular  Reactor  (SMR) အသေးစားဓာတ်ပေါင်းဖိုအတွက်   ကျွမ်းကျင်ပညာရှင်များ မွေးထုတ်ပေးနိုင်မည်ဖြစ်ရာ အဏုမြူနည်းပညာဖြင့် စွမ်းအင် တစ်ခေတ် ဆန်းသစ်စေမည်ဟု ယုံကြည်ပါကြောင်း။     ။
 
      


