အစားအသောက်ကွင်းဆက်တစ်လျှောက် ဘေးအန္တရာယ်ကင်းရှင်းရေးဆောင်ရွက်

အမျိုးသားအဆင့် အစားအသောက်ဘေးအန္တရာယ်ကင်းရှင်း ရေးမူဝါဒကို ၂၀၂၂ ခုနှစ် ဧပြီလ ၂၇ ရက်နေ့တွင် မိတ်ဆက် ဖြန့်ဝေခဲ့ရာ ယင်းမူဝါဒပါ အခန်းကဏ္ဍနှင့် တာဝန်ဝတ္တရားများ ချမှတ်ဆောင်ရွက်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ပြီးခဲ့သည့် မေလ ၂ ရက်နှင့် ၃ ရက်တို့တွင် ကျင်းပခဲ့သည်။ ယင်းမူဝါဒ ရေးဆွဲချမှတ်ရခြင်းမှာ ပြည်သူလူထု၏ ကျန်းမာရေးအတွက် စားသုံးသူများ  ဘေးအန္တရာယ်ကင်းရှင်းရေးအပြင်  သက်ဆိုင်ရာ ကဏ္ဍအလိုက် နိုင်ငံတကာနှင့် လျော်ညီသည့် စံချိန်စံညွှန်းများ ပေါ်ထွက်လာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ထုတ်လုပ်ရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ ပေါ်ထွက်လာရေး၊ ပို့ကုန်လုပ်ငန်း များမှတစ်ဆင့်   နိုင်ငံတော်အတွက်   နိုင်ငံခြားငွေ   ပိုမိုရရှိရေး ဆက်လက်လုပ်ဆောင်သွားနိုင်ရေးဟူသည့်  မျှော်မှန်းချက်များ ပါဝင်သည်။
ဘေးအန္တရာယ်ကင်းရှင်းမှုမရှိသည့် အစားအစာများဟုဆိုရာ တွင် ၎င်းအစားအစာများသည် လတ်ဆတ်မှုမရှိခြင်း၊ သက်တမ်း လွန်နေခြင်း၊ အစားအစာတွင် ပါဝင်နေသည့် ပစ္စည်းတစ်ခုခု ကြောင့်  ဓာတ်မတည့်ခြင်း၊  မှိုနှင့်ဗက်တီးရီးယား၊  ဗိုင်းရပ်စ်များ ပါဝင်နေခြင်း၊  ဓာတ်ဆေး၊  ဆိုးဆေး၊  ပဋိဇီဝဆေးနှင့်  ဖြည့်စွက် ဆေးများ၊  တာရှည်ခံဆေးများ၊  ပိုးသတ်‌ဆေးဓာတ်ကြွင်းများ ပါဝင်နေခြင်း၊ အစားအစာတွင် (ချိတ်၊ အပ်၊ ဖန်ကွဲ မှန်ကွဲစ၊ ဖုန်၊ အမှိုက်၊ ပိုးဟပ်) စသည့် ပြင်ပအရာဝတ္ထုများပါနေခြင်း စသည်တို့ ဖြစ်ပြီး စားသုံးမိပါက မူးဝေပျို့အန်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်း၊ ဗိုက်အောင့်ခြင်း၊ အစာအဆိပ်သင့်ခြင်းတို့ကို လတ်တလော ခံစားကြရပြီး   ရေရှည်တွင်လည်း  ကင်ဆာကဲ့သို့  ရောဂါများ ဖြစ်ပေါ်စေနိုင်သည်။ ဘေးကင်းလုံခြုံသည့် အစားအစာများသည် အထက်ဖော်ပြပါ ဇီဝအန္တရာယ်၊ ဓာတုအန္တရာယ်၊ ရူပအန္တရာယ် များ ကင်းရှင်းပြီး အာဟာရဓာတ်ပြည့်ဝကာ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေသည်။
ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်သူလူထု ကျန်းမာရေး အဆင့်အတန်း   မြင့်မားရေးအတွက်  အရေးကြီးသည့်  အစား အသောက် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် အရည်အသွေးပြည့်မီ ရေး  အလေးထားဆောင်ရွက်လျက်ရှိသည်။   စိုက်ပျိုးမွေးမြူ ထုတ်လုပ်မှုမှသည် တည်ခင်းစားသုံးမှုအထိ အစားအသောက်ကွင်းဆက်တစ်လျှောက်တွင် အစားအသောက် ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းအသီးသီး တို့က   ကဏ္ဍအလိုက်  တာဝန်ယူဆောင်ရွက်လျက်ရှိသည်။ အမျိုးသားအဆင့် အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေး မူဝါဒပါ အခန်းကဏ္ဍနှင့် တာဝန်ဝတ္တရားများ ချမှတ်ဆောင်ရွက်နိုင် ရေး     အလုပ်ရုံဆွေးနွေးပွဲတွင်   ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက “တိုးတက်လာသည့် လူဦးရေ၊ ဖွံ့ဖြိုး လာသည့် နည်းပညာများကြောင့် ပြည်တွင်း ပြည်ပမှ ထုတ်လုပ် တင်သွင်းသည့် အစားအသောက်များ လွန်စွာများပြားလာသည့် အတွက် အစားအသောက်ဘေးအန္တရာယ် ကင်းရှင်း‌ရေးလုပ်ငန်း များကို ကြီးကြပ်ကွပ်ကဲရာတွင် များစွာအခက်အခဲရှိကြောင်း၊ အစားအသောက်စိုက်ပျိုးထုတ်လုပ်မှုမှသည် စားသုံးသည်အထိ အစားအသောက်ကွင်းဆက်တစ်လျှောက်      ဘေးအန္တရာယ် ကင်းရှင်းစေရန် ဆောင်ရွက်ရာတွင် နိုင်ငံတကာ အလေ့အကျင့် ကောင်းများနှင့်အညီ လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။
စိုက်ပျိုးမွေးမြူထုတ်လုပ်မှုမှသည် တန်ဖိုးမြှင့်စားသောက် ကုန်‌ချောများ ထုတ်လုပ်သည်အထိ အစားအသောက်ကွင်းဆက် တစ်လျှောက် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် အရည်အသွေး စံချိန်စံညွှန်းပြည့်မီရေး  အလေးထားဆောင်ရွက်ခြင်းအားဖြင့် ပြည်တွင်းစားသုံးမှုအတွက်သာမက  ပြည်ပသို့  တင်ပို့ရာတွင် လည်း ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်း ပိုမိုမြင့်မားလာမည်ဖြစ်သည်။ စိုက်ပျိုးမွေးမြူရေးကို အခြေခံကာ အစားအစာထုတ်လုပ်သည့် နိုင်ငံတစ်နိုင်ငံအနေဖြင့် နိုင်ငံတကာအလေ့အကျင့်ကောင်းများ နှင့်အညီ အဆင့်တိုင်းတွင် လိုက်နာဆောင်ရွက်ရန်လိုသကဲ့သို့ မိမိနိုင်ငံသို့ တင်သွင်းလာသည့် စားသောက်ကုန်များကိုလည်း ဈေးကွက်မတင်မီရော ဈေးကွက်တွင်ပါ စိစစ်ခြင်းဖြင့် အစား အသောက် မလုံခြုံမှုကြောင့်ဖြစ်သည့် ဘေးအန္တရာယ်မှ မိမိနိုင်ငံ သားများ ကင်းဝေးနိုင်မည်ဖြစ်ပါကြောင်း။      ။