ဂရုဓမ္မ သီလငါးဖြာ

 

ယနေ့သည် တော်သလင်းလပြည့် ဂရုဓမ္မအခါတော်နေ့ ဖြစ်သည်။ တော်သလင်းလ၏    ရာသီသဘင်သည်    “ရေယဉ်စမ်းငယ်နှင့် သောင်ကမ်းငယ်ပြည့်လျှံ၊   မြစ်လုံးငယ်ညံသည်၊   လှော်တက်သံ မြိုင်မြိုင်နှင့်၊ လှေပြိုင်ကျင်းတဲ့လကိုလေး။” ဟူသော မဟာအတုလ မင်းကြီး၏   စာဆိုနှင့်အညီ    မြစ်ယံပွဲခေါ်    လှေပွဲသဘင်ဖြစ်သည်။ တော်သလင်းလတွင် မြစ်ရေ ချောင်းရေတို့သည် ဝါဆို၊ ဝါခေါင်ကဲ့သို့ ပေါင်းလန်မနေတော့သော်လည်း   ကမ်းပြည့်လျှံကာ   လှိုင်းလေ တည်ငြိမ်သောအခါဖြစ်၍ လှေပွဲသဘင်ကို ရှေးအစဉ်အဆက် ခမ်းခမ်း နားနား ပျော်ပျော်ရွှင်ရွှင်ကျင်းပခဲ့ကြသည်။ ဗုဒ္ဓဘာသာဝင်တို့  မြန်မာ ပြက္ခဒိန်လများအလိုက် ကျင်းပကြသည့် အခါတော်နေ့အနေဖြင့်မူ  ဂရုဓမ္မ အခါတော်နေ့ကိုကျင်းပ၍ လူသားဟူသမျှ စောင့်ထိန်းလိုက်နာ အပ်ရာသော ငါးပါးသီလကို မမေ့မလျော့၊ မပေါ့မဆစောင့်ထိန်းကြ စေရန် တိုက်တွန်းနှိုးဆော်လျက်ရှိသည်။


ငါးပါးသီလသည် ဗုဒ္ဓဘာသာဝင်တို့နှင့်သာ သက်ဆိုင်သည့် သီလ မျိုးမဟုတ်ဘဲ   လူမျိုးမရွေး၊   ဘာသာမရွေး  လူတိုင်းနှင့်ဆိုင်သည့် ကိုယ်ကျင့်သီလဖြစ်သည်။ သူ့အသက်သတ်ခြင်း၊ သူ့ဥစ္စာကိုခိုးခြင်း၊ လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်ခြင်း၊ သူတစ်ပါးအကျိုးမဲ့အောင် လိမ်ညာ  ပြောဆိုခြင်း၊ မူးယစ်သောက်စား၍  ရမ်းကားမှုပြုခြင်း  ဟူသော ရှောင်ကြဉ်အပ်သည့် သီလတစ်မျိုးမျိုးကို   အခြားသူက   မိမိအား ကျူးလွန်ပါက   မလိုလား၊   မနှစ်သက်သကဲ့သို့ပင်  မိမိကလည်း သူတစ်ပါးအပေါ် မကျူးလွန်အပ်။ ဤသို့ငါးပါးသီလကို စောင့်ထိန်း ခြင်းသည် ဂရုဓမ္မပင်ဖြစ်သည်။ သူတော်ကောင်းတို့ အလေးဂရုထား၍ ကျင့်သုံးအပ်သောကြောင့် ဂရုဓမ္မသီလဟုလည်း ခေါ်သည်။


၅၅၀ - တိကနိပါတ်  ဂရုဓမ္မဇာတ်တွင်  တိုင်းပြည်အုပ်ချုပ်သူ ရှင်ဘုရင်မှစ၍ မယ်တော်၊ မိဖုရားကြီး၊ အိမ်ရှေ့မင်း၊ ပုရောဟိတ်၊ မြေတိုင်းမှူး၊ ရထားထိန်း၊  သူဌေးသူကြွယ်၊ ရာဖြတ်မှူး၊  တံခါးစောင့် တို့မှသည် ပြည့်တန်ဆာမအထိ  ငါးပါးသီလလုံခြုံခဲ့ကြ၍ တိုင်းပြည် တစ်ဝန်း သာယာဝပြောခဲ့ပြီး ဘေးဆိုးကပ်ဆိုးများ မကြုံခဲ့ရကြောင်း ဖော်ပြထားခဲ့သည်။   ဘုရားအလောင်းတော်   နုစဉ်ဘဝတစ်ခုတွင် ကုရုတိုင်းဣန္ဒပတ္တမြို့၌ ကောရဗျမင်းအဖြစ် စိုးစံတော်မူစဉ် မင်းကျင့် တရား ဆယ်ပါးနှင့်အညီ   တိုင်းပြည်ကိုအုပ်ချုပ်၍  မင်းနှင့်တကွ ပြည်သူပြည်သားအားလုံး ငါးပါးသီလကို  လုံခြုံအောင်စောင့်ထိန်း ခဲ့ကြရာ   တိုင်းပြည်တွင်  မိုးလေဝသမှန်ကန်ကာ   ဆန်ရေစပါး ပေါကြွယ်ဝ၍ နိုင်ငံတစ်ဝန်း အေးချမ်းသာယာသည်။ အနီးရှိ ကာလိင်္ဂ တိုင်းတွင်မူ  မိုးလေမမှန်၊  ရာသီဥတုဖောက်ပြန်ကာ    စားနပ်ရိက္ခာ ပြတ်လပ်၍     အငတ်ဘေးဆိုက်ရောက်လာသည်။ အာဟာရချို့တဲ့ခြင်း ကြောင့် ရောဂါ ကပ်ဘေးတို့လည်း ကျရောက်လာသည်။ အခက်အခဲ၊ အကျပ်အတည်း၊ ဘေးဒုက္ခများကြောင့်  သည်းခံခွင့်လွှတ်စိတ်တို့ ကင်းမဲ့ကာ  ဒေါသတရားတို့ဖုံးလွှမ်းလျက်  အချင်းချင်းညှဉ်းပန်း နှိပ်စက်သတ်ဖြတ်ကြပြီး  ဓားလှံလက်နက်ကပ်ဘေးပါ  ကျရောက် လာသည်။


ကပ်ကြီးသုံးပါးကြောင့် ဘေးဒုက္ခကျရောက်နေရသော  ကာလိင်္ဂ တိုင်း၏ ပြည့်ရှင်မင်းက ကုရုတိုင်းတွင်  စည်ပင်ဝပြော၊ အေးချမ်း သာယာနေခြင်းမှာ  ကုရုတိုင်းတွင်   ဆင်တော်မင်္ဂလာရှိခြင်းကြောင့် ဖြစ်မည်ဟုယူဆကာ ကုရုတိုင်းသို့ သံတမန်စေလွှတ်၍ ဆင်တော်ကို တောင်းခံသည်။ ကုရုမင်းက ပေးလှူလိုက်သည့် ဆင်တော်မင်္ဂလာ ကာလိင်္ဂတိုင်းသို့ ရောက်ရှိလာခဲ့သော်လည်း  မိုးကမရွာ။ ထိုအခါ ကုရုတိုင်း  မိုးလေမှန်ကန်သာယာဝပြောခြင်းသည်  မင်းနှင့်တကွ တိုင်းသူပြည်သားအားလုံး ကျင့်သုံးသည့်  “ကုရုဓမ္မ” (ငါးပါးသီလ) ကြောင့်သာ ဖြစ်ရမည်ဟု   သတိမူကာ   ကုရုဓမ္မကို  တောင်းခံ၍   ကာလိင်္ဂမင်းနှင့်တကွ   တိုင်းသူပြည်သားအားလုံး   လိုက်နာကျင့်သုံး ခဲ့ကြရာ    မကြာမီမှာပင် မိုးခေါင်ခြင်းမှ လွတ်ကင်း၍ မိုးလေပြန်လည် မှန်ကန်လာခဲ့သည်။  တိုင်းပြည်သည်လည်း ကပ်ကြီးသုံးပါးဘေးမှ လွတ်မြောက်ခဲ့ရသည်။ 


ငါးပါးသီလသည် နား၊ မျက်စိတို့နှင့်တူ၍ ငါးပါးသီလ  ပျက်စီး သူသည် နားမျက်စိချို့ယွင်းသူကဲ့သို့ ဆင်းရဲဒုက္ခရောက်တတ်သည်။ ငါးပါးသီလ ပျက်စီးသူသည် ရှင်လျက်နှင့် သေသူ၊ အမှိုက်သဖွယ် စွန့်ပစ်အပ်သူ၊  အသေကောင်ပုပ်နှင့်တူသူ၊   ခြေလက်ဦးခေါင်းတို့ ပြတ်သူနှင့်တူသူဟူ၍ ပညာရှိတို့က ရှုတ်ချထားသည်။ ငါးပါးသီလ မြဲပါကမူ ယခုဘဝတွင်ရော နောက်ဘဝအတွက်ပါ  မပူရ။  သေပြီး နောက် ကောင်းရာဘုံဘဝရောက်ရှိရသလို သက်တမ်းစေ့လည်း နေကြရသည်။ လူတိုင်း ငါးပါးသီလမြဲသည့် တိုင်းပြည်မှာ မိုးလေဝသ မှန်ကန်၍ ကောက်ပဲသီးနှံ  ဆန်ရေစပါး  ပေါများဖူလုံကြရသည်။ အမှုအခင်းကင်း၍ အေးချမ်းသာယာသည်။ ကမ္ဘာ့လူသားအားလုံးက ဂရုဓမ္မသီလ  စောင့်ထိန်းနိုင်ကြပါလျှင်   ကမ္ဘာတစ်ခွင်  ငြိမ်းချမ်း စည်ပင်၍ ကပ်ကြီးသုံးပါးဘေးဒုက္ခတို့ ကင်းစင်နိုင်မည် ဧကန်ဖြစ်ပါ ကြောင်း။       ။