ဓာတ်အားခိုးယူသုံးစွဲမှုများ ဖော်ထုတ်ရာတွင် တိကျစွာသတင်းပေးတိုင်ကြား ဝိုင်းဝန်းပါဝင်

၃၇-

 

နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားစနစ်အတွင်း ဓာတ်အားပျောက်ဆုံးမှုများ ဖြစ်ပေါ်လျက်ရှိခြင်းကြောင့် ပြည်သူများထံသို့ လျှပ်စစ်ဓာတ်အားပိုမိုဖြန့်ဖြူးပေးမှု မပြုနိုင်သည့်အပြင် နေ့စဉ်ဆုံးရှုံးမှုများ ဖြစ်ပေါ်နေရသည်။ လျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ ဓာတ်အားခွဲရုံတို့မှ ပို့လွှတ်လိုက်သော လျှပ်စစ်ဓာတ်အားများသည် နည်းပညာအရလည်းကောင်း၊ ခိုးယူသုံးစွဲမှုများအရလည်းကောင်း ပျောက်ဆုံးနေသည့်အပေါ် လျော့နည်းပပျောက်သွားစေရန် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက အစီအမံများ ချမှတ်ဆောင်ရွက်လျက်ရှိသည်။

မိမိတို့နိုင်ငံတွင် နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားစနစ် ပို့လွှတ်မှုနှင့် ဖြန့်ဖြူးမှုအပိုင်းတို့တွင် ထုတ်လုပ်လျှပ်စစ်ဓာတ်အား၏ ၁၈ ရာခိုင်နှုန်းကျော်၊ ယူနစ်အားဖြင့် ၃၅၅၉ သန်း ပျမ်းမျှနှစ်စဉ် ဆုံးရှုံးလျက်ရှိနေသည်။ လျှပ်စစ်ဓာတ်အား လျော့နည်းပျောက်ဆုံးမှုတွင် ဓာတ်အားလိုင်းကြိုးများ ကြံ့ခိုင်မှုအားနည်းခြင်း၊ ထရန်စဖော်မာများနှင့် ဆက်စပ်ပစ္စည်းများ အပူလွန်ကဲခြင်း၊ ဓာတ်အားလိုင်း တာဝေးလွန်းခြင်းနှင့် ဗို့အားကျဆင်းခြင်း စသည့်နည်းပညာပိုင်းဆိုင်ရာ ပျောက်ဆုံးမှု (Technical Losses) နှင့်မီတာကို မသမာသောနည်းလမ်းဖြင့် ဖောက်ထွင်းပြင်ဆင်ခြင်း (Meter Tampering)၊ တရားမဝင် လျှပ်စစ်သွယ်တန်း ခိုးယူသုံးစွဲခြင်းနှင့် မီတာဖတ်ရှုရာတွင် မှားယွင်းခြင်းကဲ့သို့သော နည်းပညာမဟုတ်သော ပျောက်ဆုံးမှု (Non-Technical Losses) ဟူ၍ အဓိကအားဖြင့် နှစ်ပိုင်းခွဲခြားနိုင်သည်။

မြန်မာနိုင်ငံတွင် တစ်ရက်လျှင် ပျမ်းမျှ လျှပ်စစ်ဓာတ်အား လိုအပ်ချက် မဂ္ဂါဝပ် ၃၄၀၀ မှ ၄၄၀၀ ခန့်ရှိပြီး ဓာတ်အားသုံးစွဲလိုမှုအနေဖြင့် နှစ်စဉ် ၉ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းခန့်ထိ တိုးလာနေချိန်တွင် လိုအပ်ချက်၏ထက်ဝက်ကျော်ခန့်ကိုသာ ထုတ်လုပ်ဖြန့်ဖြူးပေးနေနိုင်ခြင်းဖြစ်သည်။ ဓာတ်အားထုတ်လုပ်ရာဒေသမှ အသုံးပြုမည့် ဒေသများဆီသို့ ဓာတ်အားလိုင်းများမှတစ်ဆင့် ဖြန့်ဖြူးရာတွင် အကြောင်းအမျိုးမျိုးကြောင့် ပျောက်ဆုံးသွားသည့် ဓာတ်အားလေလွင့်မှုများကို လျှော့ချနိုင်ရန်အတွက် ဓာတ်အားလိုင်းများနှင့် ထရန်စဖော်မာဟောင်းများကို အသစ်လဲလှယ်ခြင်း၊ ဓာတ်အားဖြန့်ဖြူးမှုစနစ်များကို အဆင့်မြှင့်ခြင်း၊ လျှပ်စစ်မီတာများကို မသမာသည့်နည်းလမ်းများဖြင့် သုံးစွဲမှုများကို စစ်ဆေးဖော်ထုတ်အရေးယူခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် ပြည်သူများကိုယ်တိုင် မီတာဖတ်ရှု၍ မီတာခပေးဆောင်နိုင်မည့် Smart Meter စနစ် ပြောင်းလဲနိုင်ရန် ဆောင်ရွက်နေသကဲ့သို့ Control Center များမှ စောင့်ကြည့်စစ်ဆေးနိုင်သည့် ဒီဂျစ်တယ်စနစ်တစ်ခု တည်ဆောက်ခြင်းတို့ကိုလည်း အကောင်အထည်ဖော်လျက်ရှိသည်။

သို့ဖြစ်ရာ လျှပ်စစ်ဓာတ်အားသုံးစွဲသူများသည် မသမာသောနည်းလမ်းများဖြင့် တရားမဝင် ဓာတ်အားရယူသုံးစွဲမှုများ ပြုလုပ်ထားပါက ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက် နောက်ဆုံးထားပြီး သက်ဆိုင်ရာဌာနများသို့ ဆက်သွယ်အသိပေးကြရန်နှင့် ယင်းသို့အသိပေးလာပါက ဖြေလျှော့ပေးခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အဆိုပါကာလကျော်လွန်ပြီးချိန်တွင် တရားမဝင် ဓာတ်အားသုံးစွဲမှုများကို Control Center များမှ စစ်ဆေးတွေ့ရှိပါက လျှပ်စစ်ဥပဒေများနှင့်အညီ ဒဏ်ကြေးငွေပေးဆောင်စေခြင်း၊ မီတာ အသုံးပြုခွင့်ကို ကာလအကန့်အသတ်ဖြင့်ရပ်ဆိုင်းခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းနှင့် လုပ်ငန်းလိုင်စင်ပိတ်သိမ်းခြင်းများ ဆောင်ရွက်သွားမည်ဖြစ်သည်ဟု သိရသည်။

ရက် ၁၀၀ စီမံချက်ကာလအတွင်း စုစုပေါင်း ဓာတ်အားခိုးယူသုံးစွဲမှုအရေအတွက် ၃၄၀ မှ ယူနစ်စုစုပေါင်း ၇ ဒသမ ၇ သန်းကျော် အလွဲသုံးစားပြုလုပ်ခဲ့မှုများကို စိစစ်တွေ့ရှိခဲ့ပြီး နိုင်ငံတော်မှနစ်နာဆုံးရှုံးခဲ့မှုအတွက် လျော်ကြေးနှင့်ဒဏ်ကြေး ငွေကျပ် ၆ ဒသမ ၇၄၅ ဘီလီယံကျော် ပြန်လည်ကောက်ခံရရှိခဲ့သည်။ ပြစ်မှုကျူးလွန်ခဲ့ကြသည့် မီတာပိုင်ရှင်နှင့် လုပ်ငန်းရှင်များကို လျှပ်စစ်ဥပဒေဖြင့် ထိရောက်စွာအရေးယူလျက်ရှိပြီး ပါဝင်ပတ်သက်သူ ဝန်ထမ်းများကိုလည်း ထိရောက်စွာအရေးယူထားသည်။ 

ခေတ်မီတိုးတက်လာသည့် နည်းပညာများအရ လျှပ်စစ်ဓာတ်အားခိုးယူသုံးစွဲမှုများမှာ ထိန်းချုပ်သည့်နေရာတစ်နေရာမှ စောင့်ကြည့်စစ်ဆေးမှု ပြုလာနိုင်ပြီဖြစ်ရာ မသမာသည့်နည်းလမ်းများဖြင့် ဓာတ်အားခိုးယူမှုများ လျော့နည်းပပျောက်သွားမည်ဖြစ်သည်။ ထို့အပြင် ပြည်သူများ၏ တိကျစွာသတင်းပေးတိုင်ကြားမှုများကလည်း ဓာတ်အားလေလွင့်ပျောက်ဆုံးမှုများ လျော့နည်းပပျောက်ရေး ကြိုးပမ်းဆောင်ရွက်မှုများကို ပိုမိုထိရောက်မြန်ဆန်နိုင်စေမည်ဖြစ်သည်။ ဓာတ်အားခိုးယူသုံးစွဲမှုများ လျော့နည်းကင်းစင်လာသည်နှင့်အမျှ ပြည်သူများထံသို့ လျှပ်စစ်ဓာတ်အားများ ပိုမိုဖြန့်ဖြူးပေးနိုင်မည်ဖြစ်သည့်အလျောက် ဓာတ်အားခိုးယူသုံးစွဲမှုများ ဖော်ထုတ်မှုတွင် ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။