မိမိတို့နိုင်ငံတွင် လူဦးရေတိုးတက်လာခြင်း၊ မြို့ပြများ ကြီးထွား လာခြင်း၊ စက်မှုလုပ်ငန်းများ တိုးတက်လာခြင်းတို့နှင့်အတူ အမှိုက်ပြဿနာကလည်း ကြီးထွားလာသည်။ နိုင်ငံ၏ အဓိက မြို့ကြီး သုံးမြို့ဖြစ်သည့် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးတို့ တွင် နေ့စဉ် စွန့်ပစ်အမှိုက်များ ထွက်ရှိမှု သိသိသာသာ များပြား လျက်ရှိရာ “စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု” နှင့်စပ်လျဉ်း၍ စိန်ခေါ် မှုများကို ရေရှည်တွင် ပိုမိုရင်ဆိုင်ကြုံတွေ့ လာရမည်ဖြစ်သည်။
စွန့်ပစ်ပစ္စည်းဟူသည် အမှိုက်ဆိုသည့် ဝေါဟာရထက် ပိုမိုကျယ်ပြန့်ပြီး အစိုင်အခဲစွန့်ပစ်ပစ္စည်း၊ စွန့်ပစ်အရည်နှင့် စွန့်ထုတ်ရေ၊ ထုတ်လွှတ်အခိုးအငွေ့ စသည်တို့အားလုံးပါဝင် သည်။ မိမိတို့ နိုင်ငံသူ နိုင်ငံသားများမှာ အမှိုက်စွန့်ပစ်မှု အလေ့ အကျင့်ကောင်းများ လွန်စွာအားနည်းသကဲ့သို့ နည်းစနစ် မှန်ကန်သော စွန့်ပစ်ပစ္စည်းသိမ်းဆည်းမှုစနစ်၊ သယ်ဆောင်မှု စနစ်နှင့် စွန့်ပစ်မှုစနစ်များ မရှိခြင်းကြောင့်လည်း နိုင်ငံအတွင်း စွန့်ပစ်ပစ္စည်းများကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုများ ဖြစ်ပေါ်စေပြီး မြေဆီလွှာ၊ မြစ်ချောင်းများ၊ ရေအရင်းအမြစ်များ စသည်တို့အပေါ် ဆိုးကျိုးများ သက်ရောက်စေလျက်ရှိသည်။ စုပုံစွန့်ပစ်ထားသည့် နေရာများမှ ထွက်လာသော ရေဆိုးများ၊ စွန့်ပစ်ပစ္စည်းများကို လဟာပြင်တွင် မီးရှို့ခြင်းကြောင့် လေထု ညစ်ညမ်းမှုများ စသည်တို့က မြေထု၊ ရေထု၊ လေထုတို့ကို ညစ်ညမ်းစေပြီး ပြည်သူများ၏ ကျန်းမာရေးကို သိသိသာသာ ထိခိုက်စေသည်။
မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် စွန့်ပစ်ပစ္စည်း တစ်ရက်လျှင် မက်ထရစ်တန် ၂၀၀၀၀ ခန့် ထွက်ရှိကြောင်း၊ ရန်ကုန်နှင့် မန္တလေးတို့တွင် လူတစ်ဦး တစ်ရက်လျှင် စွန့်ပစ်ပစ္စည်း ၀ ဒဿမ ၈ ကီလိုဂရမ်ထွက်ရှိပြီး ၂၀၂၅ ခုနှစ်တွင် လူတစ်ဦး တစ်ရက်လျှင် စွန့်ပစ်ပစ္စည်း ၁ ကီလိုဂရမ်ခန့် ထွက်ရှိမည် ဖြစ်ကြောင်း နယ်သာလန်အင်တာပရိုက်ဆာအေဂျင်စီ၏ ၂၀၁၇ ခုနှစ် အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့ကြီး သုံးမြို့မှထွက်သည့် စွန့်ပစ်ပစ္စည်း ပမာဏသည် တစ်နိုင်ငံလုံးစုစုပေါင်းပမာဏ၏ ထက်ဝက်ခန့် ရှိသည်ဟု ခန့်မှန်းထားသည်။ ရန်ကုန်တွင် တစ်ရက်လျှင် တန် ၂၀၀၀ ခန့်၊ မန္တလေးတွင် တစ်ရက်လျှင် ၉၅၅ တန်ခန့်၊ နေပြည်တော်တွင် တစ်ရက်လျှင် တန် ၂၀၀ ခန့် ထွက်ရှိသည်ဟု ဆိုရာ ထိုပမာဏသည် စည်ပင်သာယာရေးအဖွဲ့များက သိမ်းဆည်းစွန့်ပစ်နိုင်သည့်ပမာဏသာဖြစ်ပြီး စည်ပင်သာယာ က မသိမ်းနိုင်သည့် စွန့်ပစ်ပစ္စည်းများ၊ အခြားနေရာများသို့ စွန့်ပစ်သည့် စွန့်ပစ်ပစ္စည်းများ၊ မီးရှို့ပစ်သည့် စွန့်ပစ်ပစ္စည်း များ၊ ပြန်လည်အသုံးပြုသည့် စွန့်ပစ်ပစ္စည်းများနှင့် ပြန်လည် ပြုပြင်သုံးစွဲသည့် စွန့်ပစ်ပစ္စည်းများ မပါဝင်သည့်အတွက် အမှန်တကယ်ထွက်ရှိသည့် စွန့်ပစ်ပစ္စည်းပမာဏမှာ ယင်းထက် ပိုမိုများပြားမည်ဖြစ်သည်။
မြို့ပြဒေသများတွင် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းရာတွင် ပြည်သူလူထုပူးပေါင်းပါဝင် ခြင်းက လွန်စွာအရေးကြီးသည်။ ပြည်သူလူထု၏ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုဆိုင်ရာ ဗဟုသုတနည်းပါးခြင်း၊ စွန့်ပစ်ပစ္စည်းဆိုင်ရာ ဝန်ဆောင်မှုများအတွက် ဝန်ဆောင်ခပေးချေလိုမှုမရှိခြင်း၊ စွန့်ပစ်ပစ္စည်းများနှင့် ဆက်စပ်ပတ်သက်လျက်ရှိသော တည်ဆဲ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများအား လိုက်နာ ဆောင်ရွက်မှုအားနည်းခြင်း၊ ဒေသခံအာဏာပိုင်အဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်မှု အားနည်းခြင်း စသည့်အချက် များမှာ ပြုပြင်ရန်လိုအပ်သည့် အားနည်းချက်များဖြစ်သည်။ စွန့်ပစ်ပစ္စည်းများကို ခွဲခြားစွန့်ပစ်မှု မပြုဘဲ ရောထွေးစွန့်ပစ် ခြင်းကြောင့် စွန့်ပစ်ပစ္စည်းသိမ်းဆည်းခြင်း၊ ပြုပြင်သန့်စင်ခြင်း တို့တွင်ပါ ဆက်လက်ဆောင်ရွက်ရန် အခက်အခဲဖြစ်ပေါ်ရသည်။
စွန့်ပစ်ပစ္စည်းကို စနစ်တကျစွန့်ပစ်ခြင်းအားဖြင့် ပြန်လည် အသုံးပြုခြင်း၊ ပြန်လည်ပြုပြင်ထုတ်လုပ်ခြင်းတို့ကို ဆက်လက် ဆောင်ရွက်သွားနိုင်မည်ဖြစ်ရာ စွန့်ပစ်ပစ္စည်းထွက်ရှိမှုကို လျော့ကျစေမည်ဖြစ်သည်။ စွန့်ပစ်ပစ္စည်းကင်းစင်သည့် လူမှု အဖွဲ့အစည်းဖြစ်ပေါ်လာစေရေး ဆောင်ရွက်ရာတွင် စွန့်ပစ်သူ ပြည်သူများသည် အခြေခံအကျဆုံးဖြစ်သည့်အလျောက် စွန့်ပစ် ပစ္စည်းဆိုင်ရာ ဗဟုသုတနှင့် အလေ့အကျင့်ကောင်းများကို ထူထောင်နိုင်ကြပါစေကြောင်း။ ။