စိုက်ပျိုးသမျှ ရှင်သန်စေရာ

 

 

မကြာမီကျရောက်လာတော့မည့် မိုးရာသီတွင် သစ်ပင်အမျိုးမျိုး စိုက်ပျိုးကြရန်အတွက် မြို့အသီးသီးတွင် ပြင်ဆင်နေကြပြီဖြစ် သည်။ အချို့ဒေသများတွင် မိုးရွာသွန်းမှုများလည်း ရှိနေရာ မိုးကြိုသစ်ပင်စိုက်ပျိုးပွဲများ ကျင်းပကြသည်ကိုလည်း သတင်း များတွင်   တွေ့ရသည်။   ဒေသစိမ်းလန်းစိုပြည်ရေး၊ သစ်ပင် သစ်တောပြုန်းတီးမှုများကို ပြန်လည်အစားထိုးရေး၊ ဥတုသပ္ပါယ မျှတစေရေးဟူသည့် ကောင်းသော ရည်ရွယ်ချက်များဖြင့် သစ်ပင် စိုက်ပွဲတော်များ  ကျင်းပကာ  သန်းနှင့်ချီသော  သစ်ပင်များကို  နှစ်စဉ်စိုက်ပျိုးလျက်ရှိသော်လည်း        အောင်မြင်ဖြစ်ထွန်းမှု ရာခိုင်နှုန်းမှာ  နည်းပါးနေသည်။ 
မိမိတို့နိုင်ငံသည် သစ်တောသယံဇာတကြွယ်ဝသည့် နိုင်ငံ ဖြစ်ခဲ့သော်လည်း လက်ရှိအခြေအနေတွင်မူ သစ်တောများ ပြန်လည်တည်ထောင်ရေးကို       အလေးအနက်ပြုလုပ်နေရပြီ ဖြစ်သည်။   မြန်မာ့သစ်တောမူဝါဒနှင့်အညီ  ကြိုးဝိုင်း/ ကြိုးပြင် ကာကွယ်တောများကို နိုင်ငံဧရိယာစုစုပေါင်း၏ ၃၀ ရာခိုင်နှုန်း၊ သဘာဝနယ်မြေများကို   နိုင်ငံဧရိယာ၏  ၁၀  ရာခိုင်နှုန်းအထိ ဖွဲ့စည်းနိုင်ရန်  ဆောင်ရွက်နေရသည်။  သစ်တောနယ်မြေများ အတွင်း  ကျူးကျော်မှုများမရှိစေရေး၊   သစ်တောနယ်မြေများ မလျော့ပါးရေး၊ သစ်ခိုးထုတ်မှုများ လျော့နည်းပပျောက်ရေးတို့ ကိုလည်း ဆောင်ရွက်လျက်ရှိသည်။
သစ်ပင်စိုက်ပျိုးပွဲများမှာ    မြို့ပေါ်နှင့်   မြို့အနီးဝန်းကျင် လမ်းဘေးဝဲယာများနှင့် သတ်မှတ်ရွေးချယ်ထားသည့် နေရာများ တွင် အများအားဖြင့် စိုက်ပျိုးကြခြင်းဖြစ်သည်။ အားနည်းချက် များအနေဖြင့်   စိုက်ပျိုးသည့်အပင်များ  ငယ်ရွယ်နုနယ်သဖြင့် ရှင်သန်ကြီးထွားရန် အခွင့်အလမ်းနည်းခြင်း၊ စိုက်ပျိုးမှုများ စနစ် မကျခြင်း၊  စိုက်ပျိုးပြီးနောက်  ဆက်လက်ပြုစုပျိုးထောင်မှုများ မရှိခြင်းတို့ကိုတွေ့ရပြီး   စိုက်ပျိုးသည့်  အပင်များစွာတို့  ပျက်စီး ဆုံးရှုံးသွားမှုက များပြားသည်။ စိုက်ပျိုးသည့်သစ်ပင်များ ရှင်သန် နိုင်စေရန်အတွက် သေချာသော အရွယ်အစားအထိ ပြုစုပျိုးထောင် ပြီးမှ မြေချစိုက်ပျိုးရန်၊ ရေမြေဒေသရာသီဥတုတို့နှင့် ကိုက်ညီသည့် အပင်များကို ရွေးချယ်စိုက်ပျိုးရန်၊ စိုက်ပျိုးပြီးသည့်နောက်တွင် မပျက်မကွက်       ဆက်လက်ပြုစုစောင့်ရှောက်သွားရန်နှင့် အကြောင်းကြောင်းကြောင့် ပျက်စီးသွားသည့်  အပင်များနေရာ တွင် အစားထိုးဖြည့်စွက်စိုက်ပျိုးခြင်းဖြင့်သာ  သစ်ပင်စိုက်ပျိုး ပွဲတော်တို့၏  ကောင်းကျိုးရလဒ်ကို  အပြည့်အဝရရှိနိုင်မည်ဖြစ် သည်။
သစ်ပင်သစ်ရိပ်များဖြင့် စိမ်းလန်းစိုပြည်သည့် မြို့ရွာဒေသများ မှာ ဒေသခံများ၏ ကျန်းမာရေးကို များစွာအထောက်အကူပြု ကြောင်း ပညာရှင်များက အထောက်အထားများစွာ တွေ့ရှိထား ကြသည်။ သစ်ပင်သစ်တောများက လေထုထဲမှ အမှုန်အမွှားများ၊ အဆိပ်အတောက်များကို ဖယ်ရှားနိုင်ပြီး လေထုကို သန့်စင်စေနိုင် သည်။ လေထုထဲတွင် အောက်ဆီဂျင်ဓာတ်များ ပြည့်ဝစေပြီး အရိပ်အာဝါသဖြင့် အေးမြစေကာ မြေအောက်ရေ သယံဇာတကို လည်း ထိန်းသိမ်းပေးသည်။ သစ်ပင်သစ်တောများဖြင့် စိမ်းစို သာယာသော ရှုခင်းမြင်ကွင်းများကလည်း  လူတို့၏ စိတ်ပိုင်း ဆိုင်ရာကို ကောင်းမွန်တိုးတက်စေသည်ဖြစ်ရာ မြို့ရွာဒေသများ နှင့်   သဘာဝတောတောင်များ  စိမ်းလန်းစိုပြည်ရေးအတွက် သစ်ပင်များ စိုက်ပျိုးရေး၊ စိုက်ပျိုးသမျှ ရှင်သန်နိုင်‌ရေး အလေး ဂရုပြုဆောင်ရွက်နိုင်ကြပါစေကြောင်း။       ။