ဆေးလိပ်ငွေ့ကင်းစင်သည့်နေရာများ နိုင်ငံတစ်ဝန်းလုံး၌ ထူထောင်

မြန်မာ့အလင်းအယ်ဒီတာအာဘော်
 
 
 
 
ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သုံးစွဲမှုကြောင့် ကမ္ဘာပေါ်တွင် နှစ်စဉ် လူခြောက်သန်း အသက်ဆုံးရှုံးနေကြရသည်ဟု ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ထုတ်ပြန်ထားသည်။ ယင်းအနက် ၁၀ ရာခိုင်နှုန်းဖြစ်သော လူခြောက်သိန်းမှာ ကိုယ်တိုင်ဆေးလိပ် မသောက်ပါဘဲလျက် တစ်ပါးသူ ၏ ဆေးလိပ်ငွေ့ကြောင့် ရောဂါရပြီး သေဆုံးခဲ့ကြရခြင်းဖြစ်ရာ ဆေးလိပ်သောက်သည့် အလေ့အကျင့်ဆိုးက ဆေးလိပ်သောက်သူ ကိုယ်တိုင်သာမက အနီးဝန်းကျင်၌ ရှိနေသူအတွက်ပါ အသက်ကို ရန်ရှာသည်အထိ အန္တရာယ်ရှိနေသည်ဟု ဆိုရမည်ဖြစ်သည်။
လူတစ်ဦး ဆေးလိပ်သောက်ပါက ၎င်းကိုယ်တိုင်က ပါးစပ်၊ နှာခေါင်း တို့မှ မှုတ်ထုတ်လိုက်သည့် ပင်မဆေးလိပ်ငွေ့(main stream smoke) နှင့် မီးညှိထားသည့် စီးကရက်၊ ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ်တို့မှ ထွက်လာသည့် ဘေးထွက်ဆေးလိပ်ငွေ့ (side stream smoke) တို့ ထွက်လာသည်။ ၎င်းဆေးလိပ်ငွေ့ နှစ်မျိုးစလုံးသည် ဆေးလိပ် သောက်သူ၏ ပတ်ဝန်းကျင်၌ လွင့်ပျံ့နေသည့် (Environmental Tobacco Smoke -ETS) ပတ်ဝန်းကျင်ဆေးလိပ်ငွေ့ဖြစ်ပြီး ကိုယ်တိုင် ဆေးလိပ်မသောက်ဘဲနှင့် သူတစ်ပါး၏ ဆေးလိပ်ငွေ့ကို ရှူနေကြရ သူများမှာ တစ်ဆင့်ခံ ဆေးလိပ်သောက်သူများ ဖြစ်လာကြကာ ဆေးလိပ်သောက်သူများ၏ နည်းတူပင် ရောဂါများကို ရလာကာ သေဆုံးကြရခြင်းဖြစ်သည်။
ဆေးလိပ်ငွေ့တွင် နီကိုတင်း၊ ဘင်ဇင်း၊ ကာဗွန်မိုနောက်ဆိုက်၊ ကတ္တရာ၊ အမိုးနီးယား စသည့် ကင်ဆာရောဂါဖြစ်စေသော ပစ္စည်း ၄၃ မျိုး အပါအဝင် ဓာတုပစ္စည်းပေါင်း ၄၃၀၀ ကျော် ပါဝင်သည်ဟု ဆိုသည်။ ဆေးလိပ်၊ စီးကရက်၊ ကွမ်းစား၊ ဆေးငုံ စသည့် ဆေးရွက်ကြီးကို ပုံစံအမျိုးမျိုးဖြင့် သုံးစွဲခြင်းကြောင့် နှလုံးရောဂါ၊ လေပြွန်ရောဂါ၊ အဆုတ် ကင်ဆာ၊ ခံတွင်းကင်ဆာ၊ လေဖြတ်ခြင်း၊ သွေးကြောပိတ်ဆို့၍ လက်ပုပ်၊ ခြေပုပ်ခြင်း စသည့်ရောဂါများ ဖြစ်ပွားစေနိုင်သလို ဆေးလိပ် သောက်သူ၏ ပတ်ဝန်းကျင်မှ လသားကလေးများ ရုတ်တရက် သေဆုံးခြင်း၊ အဆုတ်ရောဂါ၊ ပန်းနာရင်ကျပ်၊ နားပြည်ယို၊ အဆုတ်ပြွန် ရောင်ခြင်း စသည့်ရောဂါများ ဖြစ်ပွားစေနိုင်သည်။
မြန်မာနိုင်ငံတွင် ၂၀၀၆ ခုနှစ်က ပြဋ္ဌာန်းခဲ့သော ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေးဥပဒေအရ အများပြည်သူတို့ သူတစ်ပါး၏ ဆေးလိပ်ငွေ့ကို ရှူရှိုက်ရသည့် အန္တရာယ်မှ ကင်းဝေးစေရန် ဆေးလိပ်လုံးဝသောက်ခွင့်မရှိသော နေရာများ၊ အကန့်အသတ်ဖြင့်သာ ဆေးလိပ်သောက်ခွင့်ရှိသောနေရာများတို့ကို သတ်မှတ်ပြဋ္ဌာန်းထားရှိသည်။
ဆေးရုံအဆောက်အအုံ၊ ရုံးခန်း၊ ဆေးရုံပရဝုဏ်နှင့် ပရဝုဏ်အတွင်း ရှိ အခြားအဆောက်အုံများ၊ ဆေးကုဂေဟာနှင့် ဆေးခန်းများ၊ အားကစားရုံနှင့် အမိုးအကာရှိသည့် အားကစားကွင်းများ၊ ကလေး ကစားရုံနှင့် ကစားကွင်းများ၊ ကျောင်းပရဝုဏ်အတွင်းရှိ သင်ကြားရေး အဆောက်အအုံ၊ စာသင်ခန်း၊ ရုံးခန်းပရဝုဏ်နှင့် ပရဝုဏ်အတွင်းရှိ အခြားအဆောက်အအုံများ၊ တက္ကသိုလ်ဒီဂရီကောလိပ်၊ ကောလိပ်နှင့် သိပ္ပံတို့၏ သင်ကြားရေးအဆောက်အအုံ၊ စာသင်ခန်းနှင့် ရုံးခန်းများ၊ ဇာတ်ရုံ၊ ရုပ်ရှင်ရုံ၊ ဗီဒီယိုရုံနှင့် အခြားပွဲကျင်းပပြသသည့် အဆောက် အအုံများ၊ ကုန်တိုက်၊ ကုန်ပဒေသာဆိုင်၊ စတိုးဆိုင်နှင့် အမိုးအကာ ရှိသည့် ဈေးရုံများ၊ ပြတိုက်၊ မော်ကွန်းတိုက်၊ အများပြည်သူသုံး စာကြည့်တိုက်နှင့် စာဖတ်ခန်းများ၊ ဓာတ်လှေကားနှင့် ရွေ့လျား စက်လှေကားများ၊ ခရီးသည်သယ်ယူပို့ဆောင်သော မော်တော်ယာဉ် များနှင့် လေယာဉ်များ၊ လေအေးစက်တပ်ဆင်ထားသော အများ ပြည်သူသုံးအခန်းများ၊ အများပြည်သူသုံး ခန်းမကြီးများ၊ ဘာသာ ရပ်သင် ကိုယ်ပိုင်သင်တန်းနှင့် သင်တန်းကျောင်းများ၏ သင်ကြား ရေးအဆောက်အအုံနှင့် စာသင်ခန်းများ၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက အမိန့်ကြော်ငြာစာထုတ်ပြန်၍ သတ်မှတ်သည့် အများ ပြည်သူဆိုင်ရာ အခြားပရိဝုဏ်အဆောက်အအုံနှင့် နေရာများတို့မှာ လုံးဝဆေးလိပ်သောက်ခွင့်မရှိသော နေရာများဖြစ်သည်။
ရုံးဌာန၊ စက်ရုံ၊ အလုပ်ရုံ၊ ဟိုတယ်၊ မိုတယ်၊ ဧည့်‌‌ဂေဟာ၊ တည်းခို ရိပ်သာ၊ ဘူတာရုံ၊ လေဆိပ်၊ သင်္ဘောဆိပ်၊ အဝေးပြေးကားဂိတ်၊ ပျော်ပွဲ စားရုံ၊ ရထားနှင့် ရေယာဉ်များ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန က အမိန့်ကြော်ငြာစာထုတ်ပြန်သတ်မှတ်သည့် အများပြည်သူဆိုင်ရာ အဆောက်အအုံ၊ အခန်းနှင့် နေရာများတွင်မူ ဆေးလိပ်သောက်ခွင့်ရှိ သော နေရာများကို သီးသန့်စီမံထားရှိရန် လိုအပ်ကြောင်း ပြဋ္ဌာန်းထား သည်။
တစ်ဆင့်ခံ ဆေးလိပ်ငွေ့ရှူရှိုက်ရခြင်းသည်လည်း ကျန်းမာရေး ထိခိုက်စေပြီး အသက်အန္တရာယ်ပေးနိုင်သည့်အတွက် ဆေးလိပ်ငွေ့ ကင်းစင်သည့်နေရာများ ထူထောင်နေခြင်းမှာ အများပြည်သူအတွက် အန္တရာယ်မှ ကာကွယ်ပေးနေခြင်းပင်ဖြစ်သည်။ ဆေးလိပ်ကို မိမိ ကိုယ်တိုင်က မသောက်သင့်သလို မိမိသောက်သည့် ဆေးလိပ်ငွေ့က ပတ်ဝန်းကျင်မှ လူအများကို ထိခိုက်နေစေသည်ကို သတိမူ၍ ရှောင်ရှားနိုင်ကြပါစေကြောင်းနှင့် ဆေးလိပ်ငွေ့ကင်းစင်သည့် နေရာ များ နိုင်ငံတစ်ဝန်းလုံး၌ ထူထောင်နိုင်ပါစေကြောင်း။ ။