
စာချစ်သူ
===
“ဂျပန်လေယာဉ်ပျံတွေ ရန်ကုန်မြို့ကို ဗုံးကြဲပြီးနောက်ရက်မှာ ငါတို့မိသားစု တွေလည်း အမျိုးတွေရှိရာ လေးမျက်နှာ မြို့ကို ပြေးရတယ်။ လမ်းမှာ လှေမှောက် လို့ ပစ္စည်းတွေပါသွားတယ်၊ ကျန်တဲ့ ပစ္စည်းတွေကို ငါမနှမြောပါဘူး။ စာအုပ် တွေပါသွားတာတော့ အတော်နှမြော တယ်ကွာ”
ငယ်စဉ်မှသည် လူလားမြောက် သည့်တိုင် အဖေ့၏ စစ်အတွင်း ကိုယ်တွေ့ ဖြစ်ရပ်များက ကျွန်တော့်အဖို့ မရိုးနိုင်ပါ။ အဖေ့ကိုယ်တွေ့ဖြစ်ရပ်ထဲတွင် ကျွန်တော် အမှတ်ရမိဆုံးဖြစ်ရပ်က တောမီးလောင် တောကြောင်လက်ခမောင်းခတ်သည့် ကိစ္စဖြစ်လေသည်။
“ဂျပန်ခေတ်မှာ ရန်ကုန်က ပြန်စည်ကားလာတော့ တို့တစ်တွေ လည်း လှေငှားပြီး ပြန်လာကြတယ်။ လှေသမားတွေကို ငါအစ်မတွေက ပါလာ တဲ့ ငါးသေတ္တာတွေ၊ ငါးပိဆီကြော်တွေကို လမ်းမှာ ငါတို့စားသလို သူတို့တွေကို လည်း ကျွေးတယ်။ ရန်ကုန်ရောက်ခါနီး တော့ လှေသမားတစ်ယောက်က ခင်ဗျား တို့ကို မူလကလမ်းမှာသတ်ပြီး ပစ္စည်း တွေ ယူဖို့ပဲ။ ဒါပေမယ့် ခင်ဗျားတို့က ကျုပ်တို့ကို တစ်လမ်းလုံးကျွေးမွေးလာ တော့ ခင်ဗျားတို့လို လူကောင်းတွေကို မသတ်ရက်လို့ ခရီးအဆုံးအထိ လိုက်ပို့ တာလို့ပြောတယ်ကွ။ ငါအစ်မတွေ လည်း ဓားပြတွေမှန်းသိမှ ကြောက်လိုက် တာ တုန်နေတာပဲ။ မင်းတို့ ဒီခေတ်လူ တွေ ဒါတွေကို မသိဘူးကွ၊ စစ်အတွင်း တုန်းက သိပ်ဒုက္ခရောက်တာ”
သက်ကြီးစကား သက်ငယ်ကြားခွင့်ရခဲ့
ထိုသို့ အဖေ့ထံမှ ကိုယ်မမီခဲ့ရသည့် ခေတ်ကာလအကြောင်းကို သက်ကြီး စကား သက်ငယ်ကြားခွင့်ရခဲ့သည်မှာ ကျွန်တော့်အဖို့ တန်ဖိုးရှိလေစွ။ အရွယ် ရောက်လို့ စာအုပ်စာပေတွေ လေ့လာ ဖတ်ရှုတော့ ထိုခေတ်က ပုံရိပ်များကို ဟိုတစ်စ ဒီတစ်စ တွေ့မြင်လာရပြန်သည်။
ဗြိတိသျှကိုလိုနီ နယ်ချဲ့လက်အောက် တွင် နှစ်ပေါင်းတစ်ရာကျော် သူ့ကျွန်ဘဝ ရောက်ခဲ့ရသော ထိုခေတ်မြန်မာတို့သည် လွတ်လပ်ရေးကို ငတ်မွတ်တောင့်တခဲ့ ကြသည်။ ဥရောပတွင် နာဇီဂျာမနီနှင့် ဗြိတိန်၊ ပြင်သစ်မဟာမိတ်တို့ ဒုတိယ ကမ္ဘာစစ်ကြီး စတင်ဖြစ်ပွားချိန်တွင် တို့ဗမာအစည်းအရုံးဝင် သခင်များသည် “အင်္ဂလိပ်အခက် ဗမာ့အချက်” ဟု ခံယူ ကာ နယ်ချဲ့အင်္ဂလိပ်ကို တွန်းလှန်ရန် လျှို့ဝှက်ကြံစည် ကြိုးပမ်းခဲ့ကြသည်။
ဂျပန်ကလည်း ဗြိတိန်၊ ပြင်သစ်၊ ဒတ်ချ် စသည့် မူလလက်ဟောင်း နယ်ချဲ့ များထံမှ ကိုလိုနီနယ်မြေများကို လုယူပြီး ထပ်ဆင့်နယ်ချဲ့နိုင်ရန် ဆင်ကြံကြံနေ သည်။ ဂျပန်သည် ထိုအချိန်က တရုတ် ပြည်နှင့် စစ်အကြီးအကျယ်ဖြစ်နေသည်။ အင်္ဂလိပ်နှင့် အမေရိကန်က တရုတ်ပြည် သို့ စစ်လက်နက်ခဲယမ်းမီးကျောက်များ ပေးပို့နေသည်။ ဂျပန်တို့က အင်္ဂလိပ်နှင့် အမေရိကန်တို့၏ သင်္ဘောများမဝင်နိုင် အောင် တရုတ်ပင်လယ်ကမ်းခြေ တစ်လျှောက်တွင် ဂျပန်စစ်သင်္ဘောများ ဖြင့် အခိုင်အမာ ပိတ်ဆို့ထားသည်။ ထို့ကြောင့် အင်္ဂလိပ်နှင့် အမေရိကန်တို့က ရေကြောင်းမှ လက်နက်ရိက္ခာများ မပေး ပို့နိုင်၍ တရုတ်-မြန်မာလမ်းမကြီး ဖောက်ကာ ရိက္ခာခဲယမ်းများကို ပေးပို့နေ ရသည်။
မြန်မာ့လွတ်လပ်ရေးရလျှင်
ထို့ကြောင့် ဂျပန်ဘုရင့်တပ်မတော် သည် မီနာမီအော်ဂန်(ခေါ်) တောင်ပိုင်း အဖွဲ့ကို ဖွဲ့စည်း၍ တရုတ်-မြန်မာလမ်းမ ကြီး၏ ဆက်သွယ်မှုကို ဖြတ်တောက်ရန် ကြိုတင်စီစဉ် ဆောင်ရွက်လျက်ရှိသည်။ တရုတ်-မြန်မာလမ်းမကြီးပျက်စီးနိုင်ရန် အရင်းခံမှာ မြန်မာ့လွတ်လပ်ရေးရလျှင် အလိုလိုပိတ်သွားနိုင်မည်ဟု ယူဆကာ ဗမာလူငယ်မျိုးချစ်များနှင့် ပူးပေါင်း ဆောင်ရွက်ရန် ဟိုင်နန်ကျွန်းတွင် ရဲဘော်သုံးကျိပ်ကို စစ်ပညာများ သင်ကြားပေးခဲ့သည်။
၁၉၄၁ ခုနှစ် နှစ်ဦးပိုင်းမှစ၍ အာရှ အရှေ့တောင်ပိုင်းသို့လည်း စစ်ရိပ်စစ်ငွေ့ များက သန်းလာချေပြီ။ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်း၊ မြန်မာ အပါအဝင် အရှေ့အာရှသာတူညီမျှ ကြီးပွားရေးဆိုသော ဂျပန်တို့၏ ကြွေးကြော်သံနှင့်အတူ “ချယ်ရီပန်းများ လည်း ပွင့်နေပါပြီ။ ကျွန်မတို့ ဂျပန်ပြည် ကို တစ်ခါတစ်ခေါက်လာရောက် လည်ပတ်ကြပါရှင်။ ဂျပန်နီပွန် တပ်မတော်ကြီးကိုလည်း ကြိုဆိုကြပါ” ဟူသော ဂျပန်ပြည်မှ အသံလွှင့်ချက်များ ကလည်း ညစဉ်ညတိုင်းထွက်ပေါ်လာ သည်။ အဟုတ်မှတ်၍ မြန်မာပြည်သား များ ဝမ်းသာကြသည်။ အသံလွှင့်ချက် အပေါ် နားဝင်ချိုကြသည်။
နယ်ချဲ့အင်္ဂလိပ်ကလည်း မြန်မာ ပြည်သို့ မလွဲမသွေ စစ်ရောက်တော့မည် ဟု ယူဆ၍ ၁၉၄၁ ခုနှစ် မတ်လက စတင် ကာ လေကြောင်းရန် ကာကွယ်ရေးကို စီမံကြသည်။ ဗုံးခိုကျင်း တူးခြင်း၊ မြေကတုတ်လုပ်ခြင်း၊ အချက်ပေးဥသြ၊ အေးဥသြ၊ ညမှောင်ချခြင်းများကို နာရီ ပိုင်းနှင့် လေ့ကျင့်ပေးသည်။ အင်္ဂလိပ် အစိုးရက စစ်အတွက် အလုပ်များလာ လေ၊ အင်္ဂလိပ်မုန်းသော မြန်မာလူထုက ဝမ်းသာလေ။ မှောင်ချသောညများတွင် လေယာဉ်ရှာသော မီးမောင်းကြီးများက လည်း ကောင်းကင်မှာ ထင်းထင်းကြီး ထိုးသည်။ ထိုအခါ ဂျပန်လေယာဉ်ပျံ လာပါစေဟု ဆုတောင်းသူက တောင်းကြ သည်။ ဂျပန်ကို အမျှော်ကြီး မျှော်ခဲ့ကြ သည်။
ဝမ်းသာအားရ ကြည့်နေကြ
၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့ နံနက် ၁၀ နာရီခန့်။ ဂျပန်လေယာဉ်ပျံများ လာချေပြီ။ မူလမဆွကပင် “အင်္ဂလိပ် တို့အတွက် ခရစ်စမတ်လက်ဆောင်”ဟု ဂျပန်အသံလွှင့်ဌာနက ကြေညာထားခဲ့၍ ရန်ကုန်သားအများစုသည် “ဂျပန်က အင်္ဂလိပ်အဆောက်အအုံနှင့် စစ်ဖက် ဆိုင်ရာဒေသတွေ ချတာပဲ။ တို့မြန်မာကို အာရှတိုက်သားချင်း ညီအစ်ကိုလို့ ဆိုထားတာပဲ။ တို့ရပ်ကွက်မျိုးကို ချမှာ မဟုတ်ဘူး”ဟူ၍ ကောင်းကင်တိုက်ပွဲကို ရုပ်ရှင်ကြည့်သလို ဝမ်းသာအားရ ကြည့်နေကြသည်။ စဉ်းစားဉာဏ်ကြီး သော လူကြီးများသာလျှင် ဗုံးခိုကျင်းထဲ၌ ကြောက်ဒူးတုန်နေကြသည်။
စစ်ကိုမျှော်၍ ခေါ်ကြသူ အများစုမှာ မူ ဂျပန်စစ်လေယာဉ်များ၏ ဗုံးဒဏ်၊ စက် သေနတ်ဒဏ်တို့ကြောင့် အတုံးအရုံး သေကျေ ပျက်စီးခဲ့ကြရရှာသည်။ ဗိုလ်တထောင်ဘက်၊ ကမ်းနားလမ်း၊ အနော်ရထာလမ်းနှင့် သိမ်ကြီးဈေးတို့ တွင် လူတွေသောက်သောက်လဲ သေခဲ့ ကြသည်။
ဗိုလ်တထောင်ရပ်ကွက်တစ်ခုတည်း မှာပင် ထိုခေတ်သတင်းစာများ၏ ခန့်မှန်း ချက်အရ စုစုပေါင်း လူ ၃၀၀၀ ကျော် သေသည်ဟု ဖော်ပြခဲ့ကြသည်။ သင်္ချိုင်း များတွင် အလောင်းချင်းထပ်၍ ပုံထားရ သည်။ ကွမ်းခြံဘူတာရုံအနီးရှိ သင်္ချိုင်း တစ်ခုတွင် အလောင်း အပြတ်အသတ်၊ အကြီးအငယ်၊ အထီးအမ အရွယ်အစား အမျိုးမျိုး စုပုံထားရသည်။
မှတ်တမ်းတင်ရေးသား
အခါခပ်သိမ်း ကြိတ်ကြိတ်တိုးအောင် စည်ကားလှသော သိမ်ကြီးဈေးကြီးမှာ မွန်းတည့် ၁၂ နာရီ အချိန်ကြီးတွင် လူသူ ဆို၍ နှစ်ယောက်၊ သုံးယောက်မျှသာရှိ တော့သည်။ ဆရာကြီးရွှေဥဒေါင်းက “ကျွန်ုပ်တို့ နှစ်ယောက်လမ်းလျှောက် သွားသည့် ခြေသံများသည် ကျွန်ုပ်တို့အား ထိတ်လန့်စေမတတ် မြည်ဟိန်းဆူညံ လျက်ရှိပါတော့သည်။ တောနက်ကြီးထဲ ၌ တိတ်ဆိတ်ခြင်းသည် ကြောက်စရာ ကောင်းပါ၏။ သို့ရာတွင် စည်ကားလှ သော မြို့ကြီးအလယ်၌ အစည်ကားဆုံး သော ဌာနတစ်ခုတွင် အစည်ကားဆုံး သောအချိန်အတွင်း တိတ်ဆိတ်ခြင်း ကား (မကြုံရဖူးခြင်းအတွက်ကြောင့်)သာ၍ ထိတ်လန့်ဖွယ် ကောင်းလှသည်” ဟု တစ်သက်တာမှတ်တမ်းနှင့် အတွေး အခေါ်များစာအုပ်တွင် မှတ်တမ်းတင် ရေးသားခဲ့ပါ၏။
ရန်ကုန်မြို့ထဲမှာ လူတွေမနေဝံ့ကြ တော့။ ရွှေတိဂုံဘုရားကြီးနှင့် ကန်တော် ကြီး၊ ကန်တော်လေးရပ်ကွက်များသို့ သွေးရူးသွေးတန်းနှင့် ပြေးပြီး သစ်ပင် သစ်ရိပ်တို့အောက်တွင် ခိုလှုံနေကြသည်။ နံနက် ၁၀ နာရီလောက်မှစတင်၍ နာရီ ပြန်တစ်ချက်လောက်မှ အေးဥသြဆွဲနိုင် သည်။ ထိုနေ့မှစ၍ အင်္ဂလိပ်ခေတ် ရန်ကုန်မြို့ကြီး ပျက်စီးလေသည်။
တကယ်စစ်ဖြစ်ပြီဆိုလျှင် ရန်ကုန် မြို့ကြီးမှာ နေမဖြစ်တော့ပြီကို သည်တစ်ချီတည်းနှင့်သိကြ၍ နောက် တစ်နေ့ ၂၄ ရက်တွင် ရန်ကုန်သားများ အလုံးအရင်းနှင့် ကိုယ့်ဆွေမျိုး ကိုယ့် အဆက်ရှိရာဒေသများသို့ ထွက်ခွာကုန် ကြသည်။ ငွေကြေးတတ်နိုင်သူများက မော်တော်ကားစီးလုံးငှား၍ သွားကြ သည်။ အချို့ငွေကြေးရှိပါကလည်း ကား ငှား၍မရကြ။ ဒီဇင်ဘာ ၂၃ ရက် ဗုံးကြဲပြီး သည့်အချိန်မှစတင်၍ ၂၄၊ ၂၅၊ ၂၆ ရက် နေ့များတွင် မီးရထားလမ်း၊ မော်တော် ကားလမ်း၊ သင်္ဘောလမ်းတို့တွင် တင်းကျမ်းလူပြည့်ကျပ်လျက်ဖြစ်နေ သည်။
တစ်ခါသေဖူး ပျဉ်ဖိုးနားလည်သွား
၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့။ ရန်ကုန်မြို့ကို ဂျပန်များ ဒုတိယအကြိမ် လာ၍ ဗုံးကြဲကြပြန်သည်။ ဗုံးကြဲ လေယာဉ် ၈၀ နှင့် တိုက်လေယာဉ် ၂၀ ပါဝင်သည်။ နံနက် ၁၀ နာရီ ခန့်မှာပင် စတင်သည်။ သည်တစ်ကြိမ်တော့ ရန်ကုန်သားများ တစ်ခါသေဖူး ပျဉ်ဖိုး နားလည်သွားသည်။ ပထမအကြိမ် လောက် သေကျေမပျက်စီးသည့်တိုင် အရပ်သူ အရပ်သား ၇၅၀ မျှသေ၍ ၁၇၀၀ ခန့် ဒဏ်ရာရခဲ့ကြသည်။ မီးလောင်ဗုံး များပါ၍ အလုံရပ်ကွက် မီးလောင်သည်။ သန်လျင်ဘီအိုစီနှင့် ရန်ကုန်မြစ်ကမ်း ရေနံထားသိုရာတို့တွင် မီးခိုးများ အူထွက်နေသည်။
ထိုအချိန်တွင် ရန်ကုန်မြို့ထဲ လူမနေ ကြတော့။ တစ်မြို့လုံး မီးလည်းမထွန်းရဲ ၍ မှောင်မည်းနေသည်။ လူလည်းမရှိ အလွန်တိတ်ဆိတ်နေသည်။ တစ်ရပ် တစ်ကျေးကို မပြေးနိုင်သူအချို့က ရွှေတိဂုံဘုရားရင်ပြင်တော်နှင့် ဇရပ် တန်ဆောင်းတို့တွင် လတ်တလော ပြေးဝင်ခိုလှုံကြလေသည်။ ရန်ကုန်မြို့ ကြီး ပျက်စီးပြီဖြစ်၍ စားသောက်ဆိုင်များ လည်း မရှိတော့။ နေဖို့တွင်မက စားဖို့တွင် လည်း အခက်တွေ့ရလေပြီ။ စစ်ကိုကြိုကြ သူများ၊ မျှော်ကြခေါ်ကြသူများ၏ စိတ်ကူး နှင့် လက်တွေ့ဘဝသည် များစွာကွာခြား ခဲ့လေသည်။
ပစ္စက္ခကာလတွင်လည်း နိုင်ငံရေး အခါတော်ပေး ဦးပုညတို့သည် နိုင်ငံတော် တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးပျက်ပြားစေရန်၊ အလုံးစုံပျက်သုဉ်းစေရန် ရှေးရှု၍ လူမှုကွန်ရက်စာမျက်နှာမှ တစ်ဆင့် ဘယ်နေ့ဘယ်အချိန်မှာ မြို့သိမ်းတိုက်ပွဲ၊ ဘာတိုက်ပွဲ ညာတိုက်ပွဲ စတင်ရန်ဟူ၍ အခါတော်ပေးနေကြ သည်။
အရေးပေါ်အခြေအနေ သတိပေးစာ အဖြစ် ပြည်သူများ မိမိအိမ်တွင်း Safe Shelter မှာ ပုန်းခိုကြရန်၊ Ensure လို အာဟာရဆေးမှုန့်များကို ဘူးလိုက် ဆောင်ထားကြရန်၊ ရိက္ခာ၊ ဆေးဝါးများ သိုမှီးထားကြရန် လှုံ့ဆော်ရေးသားလျက် ရှိကြသည်။
စစ်ကိုမျှော်၍ ခေါ်နေကြ
စစ်၏ သဘောသဘာဝနှင့် စစ်၏ အနိဋ္ဌာရုံများ၊ စစ်ဘေးအန္တရာယ်များ၊ စစ်၏ နောက်ဆက်တွဲဆိုးကျိုးများနှင့် စစ်ဘေးဒုက္ခများကို မသိနားမလည်သူ အချို့နှင့် အာဃာတကိုရှေ့တန်းတင်၍ အစွန်းရောက်နေသူအချို့သည် ဆင်ခြင် တုံတရား ကင်းမဲ့စွာဖြင့် စစ်ကိုမျှော်၍ ခေါ်နေကြသည်။ မြို့ပြသို့တကယ်တမ်း စစ်ပွဲများရောက်လာပြီဆိုမှဖြင့် . . .
၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့ က ဂျပန်စစ်လေယာဉ်များကို “တို့ရပ်ကွက် မျိုး ချမှာမဟုတ်ဘူး”ဟူ၍ လက်ထွက်ပြ ကြိုဆိုကြသည့် ဘုမသိ ဘမသိ စစ်ကို မျှော်၍ခေါ်ခဲ့ကြသူများ၊ မကောင်းသူထိပ် ကောင်းသူထိပ်ဟု ဗုံးတွေချ၊ စက်သေနတ် နှင့် မွှေသွားကြသည့် ဂျပန်စစ်လေယာဉ် ပျံများ၊ သောက်သောက်လဲ အတုံးအရုံး သေဆုံးကျန်ရစ်ခဲ့ကြသည့် မြို့ခံလူထု များ၊ “မင်းတို့ဒီခေတ်လူတွေ ဒါတွေကို မသိဘူးကွ။ စစ်အတွင်းတုန်းက သိပ်ဒုက္ခ ရောက်တာ” ဟူသည့် သက်ကြီးစကား သက်ငယ်ကြား အဖေ့စကားသံများကို ပြန်လည် မြင်ယောင် ကြားယောင်မိပါ ၏။
- Log in to post comments