04/30/2026
ကဆုန်လသည် ပြိဿရာသီဖြစ်၏။ ဝိသာခါနက္ခတ်နှင့် စန်းယှဉ်၏။ ရာသီပန်းကား စံကားပန်း၊ ရာသီပွဲတော်မှာ ညောင်ရေသွန်း ပွဲတော်ဟူ၍ ရှေးစာဆိုတို့က ဆိုကြသည်။ ဝိသာခါနက္ခတ်နှင့် ယှဉ်သောလဖြစ်သည့် ကဆုန်လကို သက္ကတ၊ ပါဠိ၊ ဟိန္ဒီ၊ ဘင်္ဂါလီတို့၌ ‘ ဝိသာခါ ’ ဟု ခေါ်ဆိုကြသည်။
ဗုဒ္ဓဘာသာဝင်တို့အဖို့ ကဆုန်လသည် အမွန်အမြတ် ပြုကြရသည့်လပင်ဖြစ်သည်။ လတကာတို့ထက် ကဆုန်လကို အလေးအနက်ပြုကြရခြင်း၏ အကြောင်းရင်းမှာ ဗုဒ္ဓမြတ်စွာဘုရား၏ ဖြစ်တော်စဉ်အကြောင်းရင်း ဗုဒ္ဓဝင်၌ ကဆုန်လပြည့်နေ့တွင်(၁)ဗုဒ္ဓအလောင်းအလျာ ဖွားမြင်တော်မူခြင်း၊ (၂) ဘုရားအဖြစ်သို့ ရောက်တော်မူခြင်း၊ (၃) ပရိနိဗ္ဗာန် စံဝင်တော်မူခဲ့ခြင်းတို့ ကြောင့်ဖြစ်သည်။ သို့ဖြစ်သည့်အလျောက် ကဆုန်လပြည့်နေ့မှာ ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ကြီးပင်ဖြစ်သည်။ ကမ္ဘာပေါ်ရှိ ဗုဒ္ဓဘာသာဝင်များနေထိုင်ရာ နိုင်ငံများအဖို့လည်း ကဆုန်လပြည့် ဗုဒ္ဓနေ့သည် အပြည်ပြည်ဆိုင်ရာ ရုံးပိတ်ရက် (Vesak Universal Holiday) ဖြစ်သည်။
မဟာသက္ကရာဇ် ၆၈ ခုနှစ်၊ ကဆုန်လပြည့်၊ သောကြာနေ့တွင် လုမ္ဗိနီအင်ကြင်းတော၌ ဂေါတမဗုဒ္ဓအလောင်းအလျာ သိဒ္ဓတ္ထမင်းသားငယ်ကို ဖွားမြင်တော်မူခဲ့သည်။ မဟာပုရိသခေါ် ကမ္ဘာတွင် အကြီးမြတ်ဆုံးသော လူသားအဖြစ် ပွင့်ထွန်းလာမည့် သိဒ္ဓတ္ထသည် သကျမင်းမျိုးဖြစ်၍ ဖခင် သုဒ္ဓေါဒနဘုရင်နှင့် မိခင်မဟာမာယာ မိဖုရားခေါင်ကြီးတို့၏ သားမြတ်ရတနာဖြစ်သည်။ ကြီးကျယ် ခမ်းနားလှစွာသော ခံစားဖွယ်ရာ စည်းစိမ်အဆောင်အယောင်များ ထဲတွင် ကြီးပြင်းခဲ့ရပြီး အရွယ်ရောက်သည့်အခါ မင်းညီမင်းသားတို့ တတ်အပ်သည့် ပညာများသင်ကြားခဲ့ရသည်။ နုပျိုသည့်အရွယ်မှာပင် ယသော်ဓယာမင်းသမီးနှင့် လက်ဆက်ခဲ့ရကာ ရာဟုလာအမည်ရှိ သားတော်တစ်ပါး ထွန်းကားခဲ့သည်။ လောက၏ ကာမဂုဏ်စည်းစိမ်တို့ကို တစ်ဝကြီးခံစားကာ ထီးနန်းအမွေကိုပါ ဆက်ခံပြီး ရေမြေ့ရှင် ဘုရင်တစ်ပါးဖြစ်လာမည့် အခွင့်အရေးများကို ဘုရားအလောင်းတော်၏ ရင့်ကျက်နေပြီဖြစ်သည့် ဉာဏ်၊ ပါရမီ၊ ကရုဏာ၊ ပညာတို့က မက်မောဖွယ်ရာဟူ၍ မမြင်တော့ဘဲ စွန့်ပယ်ခဲ့သည်။ လောကဓမ္မ သစ္စာတရားတို့ကို ရှာဖွေခဲ့သည်။
ထီးနန်းစည်းစိမ်တို့ကို ကျောခိုင်းကာ လောကသုံးပါး သဘာဝ တရားကြီးထဲတွင် အနှောင်အဖွဲ့တို့မှ လွတ်မြောက်မှုအတွက် လမ်းစဉ်ကို ရှာဖွေခဲ့ရာတွင် အတ္တကိလမထခေါ် အစွန်းရောက် အကျင့် အမျိုးမျိုးဖြင့် အချိန်ကာလ ခြောက်နှစ်မျှကြာအောင် ပြင်းပြင်း ထန်ထန် လွန်စွာဆင်းရဲပင်ပန်းစွာ ကျင့်ခဲ့သည့်တိုင် သစ္စာတရားကို ရှာမတွေ့။ ယင်းအတွေ့အကြုံမှ မဇ္ဈိမပဋိပဒါလမ်းစဉ်ကို ကိုယ်တိုင် ဖော်ထုတ်၍ ကိလေသာအားလုံးကို အကြွင်းမဲ့ပယ်သတ်ကာ သစ္စာတရားနှင့် သန္တိသုခတို့ကိုတွေ့ရှိခဲ့ပြီး မည်သည့်လူသားမျှမရရှိနိုင်ကြသည့် သိစပ်မြင်နှံ့သော သဗ္ဗညုတဉာဏ်တော်ကို ရရှိတော်မူခဲ့သည်။ မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ကဆုန်လပြည့်ဗုဒ္ဓဟူးနေ့တွင် မဟာလူသားသည် ဂေါတမဗုဒ္ဓမြတ်စွာဘုရားအဖြစ် ပွင့်ထွန်းခဲ့သည်။
ဗုဒ္ဓမြတ်စွာဘုရားသည် သတ္တလောကကြီးတစ်ခုလုံးအား ကြီးစွာသော ကရုဏာတရားဖြင့် ၄၅ နှစ်တိုင်တိုင် မရပ်မနား ပြုစုလုပ်ကျွေးခဲ့သည်။ သတ္တဝါတို့ အဖန်ဖန်လည်ပတ်နေရသော သံသရာမှ လွတ်မြောက်ရေးအတွက် လမ်းမှန်ကိုညွှန်ပြခဲ့ပြီး ထိုလမ်းကို မည်သို့လျှောက်ရမည်ကိုလည်း သင်ကြားပေးခဲ့သည်။ ဗုဒ္ဓသည် သက်တော် ၈ဝ အရွယ် မဟာသက္ကရာဇ် ၁၄၈ ခုနှစ်၊ ကဆုန်လပြည့်၊ အင်္ဂါနေ့တွင် မလ္လာတိုင်း၊ ကုသိနာရုံ အင်ကြင်းတော၌ ပရိနိဗ္ဗာန်စံဝင်တော်မူခဲ့သည်။ နောက်ဆုံးစကားအဖြစ် “ရဟန်းတို့၊ သင်တို့အား မှာကြားခဲ့အံ့၊ ပြုပြင်ပေးရသော သင်္ခါရတရားတို့သည် ပျက်စီးခြင်းသဘောရှိကုန်၏။ မမေ့မလျော့ သတိထားကြကုန်” ဟူ၍ မှာကြားခဲ့သည်။
မဟာဗောဓိပင်အောက်တွင် ဦးစွာရင့်ကျူးခဲ့သော ပထမဗုဒ္ဓဝစနမှသည် ပရိနိဗ္ဗာန်ဝင်စံခါနီးတွင် မှာကြားခဲ့သည့် ပစ္ဆိမဗုဒ္ဓဝစနအထိ လူနတ်ဗြဟ္မာသတ္တဝါတို့အား ဟောကြားတော်မူခဲ့သမျှ တရားတော်တို့မှာ မကောင်းမှုဟူသမျှတို့ကို ရှောင်ကြဉ်ရေး၊ ကောင်းမှုမှန်သမျှတို့ကို ပြုလုပ်ကြရေးနှင့် စိတ်နှလုံးစင်ကြယ် သန့်ရှင်းရေးဖြစ်ပြီး အဖန်များစွာ သံသရာမှ လွတ်မြောက်ရေးကို ရည်ရွယ်ဦးတည်ခြင်းဖြစ်သည်။
ဗုဒ္ဓမြတ်စွာဘုရားက “အကြင်ရဟန်းဖြစ်စေ၊ ရဟန်းမိန်းမဖြစ်စေ၊ ဥပါသကာဖြစ်စေ၊ ဥပါသိကာမဖြစ်စေ တရားတော်နှင့် လျော်သောတရားကို ကျင့်လျက်နေ၏။ လျော်သောအကျင့်ကို ကျင့်လျက်နေ၏။ တရားနှင့်လျော်စွာ ကျင့်လျက်နေ၏။ ထိုသူသည် အမြတ်ဆုံးပူဇော်ခြင်းဖြင့် ငါ့ကို အရိုအသေပြုသည်မည်၏။ အလေးပြုသည်မည်၏။ မြတ်နိုးသည်မည်၏။ ပူဇော်သည်မည်၏။ ပသသည်မည်၏” ဟူ၍ ရှင်အာနန္ဒာအား မိန့်ကြားတော်မူခဲ့သည်နှင့်အညီ ဗုဒ္ဓဘာသာဝင်အပေါင်းတို့သည် မြတ်စွာဘုရား လမ်းညွှန်ခဲ့သော တရားတို့ကို တရားနှင့်အညီ ကျင့်ကြံအားထုတ်ကြခြင်းဖြင့် ဘုရားရှင်အလိုကျ ပဋိပတ္တိပူဇာ ပူဇော်ကြရပါမည့်အကြောင်း။ ။



