အနာဂတ်တွေ ပိုမိုတောက်ပအောင် ပညာရေးကဏ္ဍနဲ့ စတင်ကြရအောင်

Type
အနာဂတ်

 

တာရာ

ပညာရေးက ကလေးတစ်ယောက်ရဲ့ သိမြင်မှုကိုမြှင့်တင်ပေးသလို အကျင့်စာရိတ္တ၊ စဉ်းစားတွေးခေါ်နိုင်စွမ်း၊ ဘဝမှာအခက်အခဲတွေ ရင်ဆိုင်ဖြေရှင်းနိုင်စွမ်းနဲ့ ဆုံးဖြတ်ချက်ချမှတ်နိုင်စွမ်းတွေကို တည်ဆောက်ပေးနိုင်ပါတယ်။

ပညာရေးက လူတစ်ယောက်ရဲ့ဘဝ

ဒါကြောင့် ကလေးတစ်ယောက်ကို လူ့အသိုင်းအဝိုင်းအတွက် တန်ဖိုးရှိတဲ့ပုဂ္ဂိုလ်တစ်ဦးအဖြစ် ထုဆစ်ပုံဖော်ချင်တယ်ဆိုရင် ပညာရေးနဲ့ကောင်းမွန်စွာ ပြုစုပျိုးထောင်ပေးရမှာဖြစ်ပါတယ်။ ယနေ့ခေတ်မှာ ပညာရေးက လူတစ်ယောက်ရဲ့ဘဝ၊ နိုင်ငံတစ်ခုကိုသာမက ကမ္ဘာကြီးကိုပါ ပြောင်းလဲပေးနိုင်တဲ့ အရေးကြီးဆုံးအခြေခံစွမ်းအားတစ်ခု ဖြစ်လာပါတယ်။

တောင်အာဖရိကနိုင်ငံရဲ့ ပထမဆုံးသော လူမည်းသမ္မတ နယ်ဆင်မင်ဒဲလားက “ပညာရေးက ကမ္ဘာကြီးကိုပြောင်းလဲဖို့ သင်အသုံးပြုနိုင်တဲ့ အင်အားအကြီးမားဆုံးသောလက်နက်ဖြစ်တယ်” လို့ ဆိုမိန့်ခဲ့ဖူးပါတယ်။

ပညာရေးက လူတစ်ယောက်ကို အရည်အချင်းနဲ့ ကိုယ်ရည်ကိုယ်သွေးတိုးတက်လာစေပါတယ်။ ပညာကိုအသုံးချပြီး မိမိဘဝကို ပိုမိုတန်ဖိုးရှိအောင်ဖန်တီးနိုင်သလို လူအများကို ဦးဆောင်နိုင်ပြီး အနာဂတ်တွေကို ပြောင်းလဲစေနိုင်ပါတယ်။ ပညာရေးက သာမန်အသိပညာထက်ပိုပြီး လူ့တန်ဖိုး၊ စည်းကမ်းနဲ့ တာဝန်ယူမှုတို့ကိုပါ တွဲပြီးသင်ကြားပေးနိုင်တဲ့အတွက် လူ့အဖွဲ့အစည်းကို ပိုမိုတည်ငြိမ်ခိုင်မာအားကောင်းစေပါတယ်။

ဒါကြောင့် ပညာရေးကို အလေးထားမြှင့်တင်ခြင်းက လူတစ်ယောက်ရဲ့ အနာဂတ်ကိုသာမက နိုင်ငံနဲ့ကမ္ဘာ့အနာဂတ်ကိုပါ ပြုပြင်ပြောင်းလဲနိုင်တဲ့ အရေးကြီးဆုံးအခြေခံအင်အားတစ်ခုဖြစ်လို့ နိုင်ငံတစ်နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုက ပညာရေးကဏ္ဍအပေါ် တည်မှီနေပါတယ်။

ဖွံ့ဖြိုးတိုးတက်အောင်တည်ဆောက်နိုင်ဖို့ဆိုရင် ထူးချွန်ထက်မြက်တဲ့ အသိပညာရှင်၊ အတတ်ပညာရှင် လူ့စွမ်းအားအရင်းအမြစ်တွေ အများကြီးလိုအပ်ပါတယ်။ ပညာရည်နိမ့်သူတွေ၊ ပညာမဲ့သူတွေ၊ အသိပညာနိမ့်ကျသူတွေနဲ့ နိုင်ငံကိုတည်ဆောက်လို့မရနိုင်ပါဘူး။

ခေတ်အဆက်ဆက်ဖွံ့ဖြိုးတိုးတက်နေတဲ့ ကမ္ဘာ့နိုင်ငံတွေကိုလေ့လာကြည့်ရင် ပညာရေးက အဆုံးအဖြတ်ပေးခဲ့တာကို တွေ့မြင်ရပါတယ်။ ပညာရေးကဏ္ဍ အရည်အသွေးမြင့်မားတဲ့ တိုင်းပြည်က နိုင်ငံကြီးတာ၊ ငယ်တာ၊ သယံဇာတကြွယ်ဝတာ၊ မကြွယ်ဝတာထက် နိုင်ငံမှာရှိတဲ့ လူ့စွမ်းအားအရင်းအမြစ်တွေအပေါ်မူတည်ပြီး အကျိုးရှိရှိစီမံခန့်ခွဲနိုင်တဲ့အတွက် တိုးတက်ကြတာတွေ့ရပါတယ်။ တိုးတက်ကြတဲ့အတွက်လည်း နိုင်ငံတိုင်းက နိုင်ငံသူနိုင်ငံသားတွေ ပညာရည်မြင့်မားရေးကို အထူးအလေးထားမြှင့်တင်ဆောင်ရွက်လာကြပါတယ်။

ပညာရေးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံခြင်းက နိုင်ငံတော်၏အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံခြင်းဖြစ်တဲ့အတွက် မြန်မာနိုင်ငံအနေနဲ့ လာမယ့်ဘဏ္ဍာနှစ်မှာ ပညာရေးကဏ္ဍကို နိုင်ငံတော်ဘဏ္ဍာငွေရဲ့ ၁၀ ရာခိုင်နှုန်းထက်မနည်း၊ လာမယ့်တစ်နှစ်ကျော်မှာ နိုင်ငံတော်ဘဏ္ဍာငွေရဲ့ ၁၅ ရာခိုင်နှုန်းအထိ တိုးမြှင့်အသုံးပြုသွားမှာဖြစ်ပြီး အစိုးရအဖွဲ့တာဝန်ယူနေတဲ့ ငါးနှစ်တာကာလအတွင်း ရာခိုင်နှုန်း ၂၀ အထိ တိုးမြှင့်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

မြန်မာတွေဟာ ဉာဏ်ရည်ထက်မြက်သူတွေဖြစ်ပြီး ခေတ်အဆက်ဆက် မြန်မာ့ပညာရေးက မညံ့ခဲ့သလို သင်ရိုးတွေကလည်း နိုင်ငံတကာအဆင့်မီခဲ့တယ်လို့ ပြောလို့ရပါတယ်။ သမိုင်းတစ်လျှောက်မှာ ထူးချွန်ထက်မြက်တဲ့ ပညာရှင်တွေများစွာ ပေါ်ထွက်ခဲ့ပါတယ်။

လက်ရှိအချိန်မှာလည်း အနာဂတ်နိုင်ငံတော်ရဲ့ တာဝန်တွေကို ပခုံးပြောင်းထမ်းဆောင်ကြရမယ့် မျိုးဆက်သစ်လူငယ်တွေအတွက် နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်မယ့် အတတ်ပညာရှင်၊ အသိပညာရှင်တွေဖြစ်ဖို့နဲ့ ဗလငါးတန်ပြည့်ဝဖို့အတွက် ပညာရေးကဏ္ဍကို မဖြစ်မနေမြှင့်တင်ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။

ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းတက်နိုင်ဖို့

“ပညာ”ဆိုတဲ့စကားလုံးက အဓိပ္ပာယ်ကျယ်ဝန်းပါတယ်။ ကျောင်းပညာရေး၊ ကျောင်းပြင်ပပညာရေးနဲ့ ကိုယ်တိုင်သင်ယူပညာရေးစသဖြင့် ပညာရယူနည်းတွေရှိရာမှာ စာသင်ခန်းတွေက ပညာသင်ကြားရေးရဲ့ အခြေခံအုတ်မြစ်ဖြစ်ပါတယ်။

နှစ်စဉ် မေလနောက်ဆုံးပတ်နဲ့ ဇွန်လပထမပတ်က မြန်မာနိုင်ငံရဲ့ကျောင်းအပ်နှံရေး သီတင်းပတ်ဖြစ်ပြီး ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းတက်နိုင်ဖို့ ကျောင်းအပ်နှံရေးလုပ်ငန်းစဉ်ကို မဖြစ်မနေဆောင်ရွက်ကြဖို့လိုပါတယ်။

ကျောင်းအပ်နှံရေး ရက်သတ္တပတ်ဟာ ကျောင်းသားတိုင်းအတွက် ပညာရေးခရီးစဉ် အသစ်တစ်ခုစတင်ရာ အရေးကြီးဆုံးအချိန်အခါဖြစ်ပါတယ်။ ကျောင်းအပ်ခြင်းက ကျောင်းနေအရွယ်ကလေးအားလုံးအတွက် ပညာသင်ယူဖို့စတင်လိုက်တဲ့ ပထမဆုံးခြေလှမ်းဖြစ်ပါတယ်။

ကလေးတစ်ယောက်ကို ကျောင်းအပ်နှံပေးခြင်းဆိုတာ စာသင်ခန်းထဲကို ပို့ဆောင်ပေးတာတစ်ခုတည်းမဟုတ်ပါဘူး။ စာသင်ကျောင်းတံခါးဖွင့်လိုက်ခြင်းက ထောင်တံခါးပိတ်လိုက်ခြင်းလည်းဖြစ်သလို အနာဂတ်ကိုပုံဖော်ပေးနိုင်ဖို့ ဘဝလမ်းကြောင်းသစ်တစ်ခု ဖွင့်လှစ်ပေးလိုက်ခြင်းအထိ အဓိပ္ပာယ်ကျယ်ဝန်းပါတယ်။ စာသင်ခန်းတိုင်းရဲ့ ထိုင်ခုံတိုင်းမှာ အနာဂတ်ခေါင်းဆောင်တွေ မွေးထုတ်ပေးဖို့ အစပြုရာနေရာတွေဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ အခြေခံပညာကဏ္ဍမှာ ကျောင်းနေအရွယ်တိုင်းမသင်မနေရ အခမဲ့မူလတန်းပညာရေးကို ဖော်ဆောင်ပြီး နိုင်ငံသူနိုင်ငံသားတွေ ပညာရည်မြင့်မားရေးကို စွမ်းဆောင်ကြိုးပမ်းနေပြီဖြစ်ပါတယ်။

ကျောင်းအပ်နှံရာမှာ အခကြေးငွေပေးစရာ မလိုအပ်တဲ့အပြင် သူငယ်တန်း (KG) ကနေ ဒွါဒသမတန်း (Grade - 12) အထိ ဖတ်စာအုပ်၊ ဗလာစာအုပ်၊ စာရေးကိရိယာတွေ ထောက်ပံ့ပေးနေသလို သူငယ်တန်း (KG) ကနေ ပဉ္စမတန်း (Grade - 5) အထိကို ကျောင်းဝတ်စုံတစ်စုံစီလည်း ထောက်ပံ့ပေးပါတယ်။

အခြေခံပညာကျောင်းတွေမှာ ကျောင်းအပ်နှံမှုအနေနဲ့ ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ်မှာ ကျောင်းသားဦးရေ ၅ ဒသမ ၃ သန်း၊ ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်မှာ ကျောင်းသားဦးရေ ၇ ဒသမ ၂၃ သန်း၊ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်မှာ ကျောင်းသားဦးရေ ရှစ်သန်းကျော်နဲ့ ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်မှာ ၇ ဒသမ ၃ သန်းကျော် ကျောင်းအပ်နှံခဲ့ပါတယ်။

ပညာရေးမြှင့်တင်ဖို့ဆိုရင် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေဖို့နဲ့ ကျောင်းထွက်နှုန်းလျှော့ချစေဖို့၊ ပညာကိုဆုံးခန်းတိုင်သင်ကြားနိုင်ဖို့ လိုအပ်ပါတယ်။ ပညာရေးအားနည်းရင် တရားဥပဒေလိုက်နာမှု၊ တရားဥပဒေစိုးမိုးမှုမှာလည်း အားနည်းလာတာ ဖြစ်ပါတယ်။ ပညာရည်နိမ့်ပါးရင် စဉ်းစားတွေးခေါ်မှုနဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေလည်း နိမ့်ကျနေမှာဖြစ်ပါတယ်။ ဘဝမှာ အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်ဖို့က အနိမ့်ဆုံး KG + 9 အခြေခံပညာလောက်တော့ တတ်ကြရမှာဖြစ်ပါတယ်။

KG + 9 အထိပြီးမြောက်ပြီး အကြောင်းအမျိုးမျိုးကြောင့် ပညာဆက်လက်သင်ယူဖို့ အခက်အခဲရှိသူတွေအနေနဲ့ အသက်မွေးဝမ်းကျောင်းပညာတွေ ဆက်လက်သင်ယူနိုင်ဖို့ အခွင့်အလမ်းတွေ ဖန်တီးပေးထားပါတယ်။ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းတွေ တက်ရောက်နိုင်ပြီး ကျွမ်းကျင်လုပ်သားတွေ၊ နည်းပညာကျွမ်းကျင်သူတွေ၊ အင်ဂျင်နီယာပညာရှင်တွေ၊ ကွန်ပျူတာပညာရှင်တွေအဖြစ် ပျိုးထောင်ပေးလျက်ရှိပါတယ်။

ကျောင်းဆိုတာ လူတစ်ယောက်ရဲ့ဘဝကို တိုးတက်ကောင်းမွန်စေတဲ့ အရေးကြီးတဲ့နေရာတစ်ခုဖြစ်ပါတယ်။ ပညာသင်ကြားရုံသာမက အရည်အချင်းနဲ့ ကျွမ်းကျင်မှုတွေတိုးတက်လာအောင်၊ လိမ္မာယဉ်ကျေးလာအောင် ကူညီပေးနိုင်ပါတယ်။

လူတစ်ယောက်ရဲ့အသိဉာဏ်ကို မြှင့်တင်ပေး

ဒါ့အပြင် လူတစ်ယောက်ရဲ့ အသိဉာဏ်ကိုမြှင့်တင်ပေးပြီး စိတ်ဓာတ်ပိုင်းကိုလည်း တည်ငြိမ်ကောင်းမွန်လာအောင် ပြုပြင်ပေးပါတယ်။ ကျောင်းက စာပေသာမက စာရိတ္တနဲ့ ပြည်သူ့နီတိ၊ ဘဝတွက်တာကျွမ်းကျင်စရာတွေက ကျန်းမာရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကိုယ်ကျင့်တရား၊ လူမှုဆက်ဆံရေးဆိုင်ရာ၊ လူအချင်းချင်းတန်ဖိုးထားလေးစားတတ်လာပြီး စာနာနားလည်စိတ်တွေ ဖြစ်ထွန်းပေါ်ပေါက်လာစေပါတယ်။ ချစ်ခြင်းမေတ္တာနဲ့ ရိုင်းပင်းကူညီတတ်တဲ့စိတ်တွေ ပိုမိုဖြစ်ပေါ်လာစေပါတယ်။

ဒါကြောင့် ကျောင်းတွေကို အမျိုးကိုချစ်၊ နိုင်ငံကိုချစ်ပြီး တာဝန်ယူတတ်တဲ့ နိုင်ငံ့သားကောင်းတွေ မွေးထုတ်ပေးနိုင်တဲ့ အခြေခံနေရာတစ်ခုလို့ ပြောလို့ရပါတယ်။ ကလေးတိုင်း ကျောင်းနေနိုင်ဖို့၊ ပညာသင်ယူခွင့်ရရှိဖို့လည်း လူမှုအသိုင်းအဝိုင်းတစ်ခုလုံးက ဝိုင်းဝန်းအားပေးဖို့လိုအပ်ပါတယ်။

ပညာရေးအဆင့်အတန်းမြင့်မားအောင်၊ လူတွေရဲ့ပညာဉာဏ်၊ ဗဟုသုတတွေဖွံ့ဖြိုးအောင်လုပ်ဆောင်ဖို့က ပညာရေးဝန်ကြီးဌာန၊ ပညာရေးဝန်ထမ်းတွေနဲ့ အစိုးရမှာသာ တာဝန်ရှိတာမဟုတ်ပါဘူး။ ပြည်သူအားလုံးမှာ တာဝန်ရှိပါတယ်။

မိမိတို့ရင်သွေးသားသမီးလေးတွေ ပညာတတ်ဖို့၊ မိမိတို့ ပညာတတ်ဖို့က မိမိတို့တာဝန်သာဖြစ်ပါတယ်။ ကိုယ့်တာဝန်ကို ရှောင်လွှဲနေလို့မရပါဘူး။ ယနေ့ခေတ်မှာ နည်းပညာတွေတိုးတက်လာတာနဲ့အမျှ အသိပညာတွေကလည်း အချိန်တိုအတွင်း လျင်လျင်မြန်မြန်ပဲ ပြောင်းလဲနေပါတယ်။ ဒီလိုပြောင်းလဲနေတဲ့ကမ္ဘာမှာ နောက်ကျမကျန်ဖို့ဆိုရင် အမြဲတမ်းသင်ယူနေဖို့ လိုပါတယ်။ မိဘတွေအနေနဲ့ သားသမီးတွေကို ပညာရေးအတွက် အားပေးမှုနဲ့ လမ်းညွှန်မှုတွေပေးနိုင်ဖို့ အရေးကြီးပါတယ်။

တချို့ကလေးတွေဟာ ဆင်းရဲနွမ်းပါးမှု၊ မိသားစုအခက်အခဲကြောင့် ကျောင်းထွက်ရတာ၊ ပညာရေးကို လက်လှမ်းမမီတာတွေ ဖြစ်တတ်ပါတယ်။ ဒီလိုကလေးတွေကို လျစ်လျူရှုထားမယ်ဆိုရင် လူ့စွမ်းအားရင်းအမြစ်ဖွံ့ဖြိုးမှုကို အဟန့်အတားဖြစ်စေပါတယ်။

ပညာရေးဆိုတာ လူတိုင်းအတွက် အခွင့်အရေးတစ်ခုဆိုတဲ့အမြင်နဲ့ ကလေးတိုင်းကို ပညာသင်ယူခွင့်ရရှိနိုင်ရေး အားပေးကူညီဖို့လိုပါတယ်။ ပညာရေးတိုးတက်လာတာနဲ့အမျှ လူမှုစီးပွားဘဝတွေ၊ ယဉ်ကျေးမှုတန်ဖိုးမြင့်မားမှုတွေ၊ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုတွေအထိပါ တစ်ပြိုင်နက်တည်း အထောက်အကူပြုလာနိုင်ပါတယ်။

ပညာတတ်လူငယ်တွေ များပြားလာခြင်းက နိုင်ငံအတွက် အဖိုးတန်တဲ့လူ့စွမ်းအားအရင်းအမြစ်တွေ ဖြစ်လာစေတဲ့အတွက် အနာဂတ်လူ့ဘောင်အဖွဲ့အစည်းကို ပိုမိုတိုးတက်ကောင်းမွန်စေပါတယ်။ ဒါကြောင့် ကလေးတိုင်းပညာသင်ယူခွင့်ရရှိဖို့၊ အရည်အသွေးရှိတဲ့ ပညာရေးရရှိဖို့ မကြာမီရောက်ရှိလာတော့မယ့် ကျောင်းအပ်နှံရေး ရက်သတ္တပတ်မှာ မိဘတွေအနေနဲ့ မိမိတို့သားသမီးတွေကို ကျောင်းအပ်နှံကြဖို့နဲ့ လူမှုအသိုက်အဝန်းတစ်ခုလုံးကလည်း ပညာရေးကဏ္ဍကို ဝိုင်းဝန်းပံ့ပိုးကူညီကြခြင်းဖြင့် အနာဂတ်နိုင်ငံတော်ကို ပိုမိုတောက်ပအောင် ဖန်တီးလိုက်ကြရအောင်လို့ ပြောကြားလိုပါတယ်။ ။