အနာဂတ်နိုင်ငံတော်၏ အင်အား စွမ်းရည်မြင့်မား ယနေ့လူငယ်များ

ပတ

 

၂၀၂၆ ခုနှစ် နွေရာသီကျောင်းပိတ်ရက် ကျောင်းသား ကျောင်းသူလူငယ်များအတွက် ရေကြောင်းနှင့် လေကြောင်းလူငယ် အခြေခံသင်တန်းများနှင့် တန်းမြင့်သင်တန်းများကို ပြီးခဲ့သည့် ဧပြီလ ၂၇ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ရာ သင်တန်းစခန်း အသီးသီးတို့တွင် သင်တန်းသား သင်တန်းသူ လူငယ်များ တက်ရောက်သင်ယူလေ့ကျင့်နေကြပြီဖြစ်သည်။

 

ပင်လယ်ပြင်နယ်နိမိတ်နှင့် ရှည်လျားသည့် ကမ်းရိုးတန်းများပိုင်ဆိုင်ထားပြီး အချက်အချာကျသော နေရာတွင် တည်ရှိနေသည့် မိမိတို့နိုင်ငံအနေဖြင့် ရေကြောင်းနှင့် လေကြောင်းဆိုင်ရာ ပညာရပ်များကို နိုင်ငံသူနိုင်ငံသားများ အထူးသဖြင့် မျိုးဆက်သစ်လူငယ်များ တတ်မြောက်ထားကြရန်လိုသည်။ သို့ဖြစ်ရာ ကျောင်းသား ကျောင်းသူလူငယ်များအနေဖြင့် နွေရာသီကျောင်းပိတ်ရက်ရှည် ကာလအတွင်း အချိန်ကို အလဟဿမဖြစ်စေဘဲ ရေကြောင်း၊ လေကြောင်းဆိုင်ရာ ပညာရပ်များကို ယခုကဲ့သို့ လေ့လာသင်ယူ နေကြခြင်းက မိမိအတွက်ရော တိုင်းပြည်အတွက်ပါ အကျိုးကျေးဇူးဖြစ်ထွန်းသည်။

 

ရေကြောင်းလူငယ် အခြေခံသင်တန်းနှင့် တန်းမြင့်သင်တန်းများတွင် တပ်မတော်(ရေ)သမိုင်း၊ လွတ်လပ်ရေးကြိုးပမ်းမှုနှင့် တပ်မတော်သမိုင်း၊ အခြေခံစစ်ရေးပြနှင့် အခြေခံရေတပ်သားဘာသာရပ်၊ ရေကြောင်းလမ်းညွှန် အခြေခံသဘောတရားများ၊ အသုံးချရေကြောင်းလမ်းညွှန်နှင့် နက္ခတ္တဗေဒဆိုင်ရာ များ၊ ဂျီပီအက်စ်အပါအဝင် ရေကြောင်းသွားလာရေးဆိုင်ရာများ၊ အခြေခံရေတပ်သား အချက်ပြ ဆက်သွယ်ရေးဆိုင်ရာများ၊ အခြေခံရေကူးနှင့် လှေလှော်ရွက်တိုက်နည်းစသည့် ဘာသာရပ်များနှင့် အတတ်ပညာများကို စာတွေ့လက်တွေ့ သင်ကြားပေးကြောင်း သိရသည်။

 

ထိုနည်းတူစွာ အခြေခံလေကြောင်းလူငယ်သင်တန်းများတွင် လေကြောင်းပညာသမိုင်း၊ လေကြောင်း လူငယ်သမိုင်း၊ လေယာဉ်ပျံသန်းမှု အခြေခံသဘောတရား၊ RC Simulator မောင်းနှင်ခြင်း၊ RC လေယာဉ် ရဟတ်ယာဉ်မောင်းနှင်ခြင်းနှင့် အခြေခံစစ်ရေးပြ (လက်နက်မဲ့) ဘာသာရပ်များ၊ တန်းမြင့်လေကြောင်း လူငယ်သင်တန်းများတွင် လေကြောင်းဆိုင်ရာ အခြေခံဗဟုသုတ၊ Airfield Procedure၊ RC လေယာဉ် ရဟတ်ယာဉ်မောင်းနှင်ခြင်း၊ Flight Simulator မောင်းနှင်ခြင်း၊ အခြေခံစစ်ရေးပြ (လက်နက်ပါ)၊ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းနှင့် ဇာတိသွေးဇာတိမာန်ဘာသာရပ်များ ထည့်သွင်းပို့ချပေးပြီး တပ်မတော်(လေ) ပျံသန်းရေးအုပ်များ ပြုပြင်ထိန်းသိမ်းရေး အလုပ်ရုံများတွင် လက်တွေ့ကွင်းဆင်း လေ့လာခြင်းများ ဆောင်ရွက်ပေးသည်ဟု သိရသည်။

 

အထက်ပါသင်တန်းများတွင် စတင်ဖွင့်လှစ်ခဲ့ချိန်မှ ယခုချိန်ထိ လူငယ်များသောင်းနှင့်ချီ၍ တက်ရောက်ပြီး ခဲ့ကြပြီဖြစ်ပြီး သင်တန်းဖွင့်လှစ်ရသည့် မူလရည်မှန်းချက်များ အောင်မြင်ခဲ့သည်။ ရက်သတ္တငါးပတ်ခန့်မျှ သော သင်တန်းကာလအတွင်း နိုင်ငံ၏ဒေသအသီးသီးမှ တက်ရောက်လာကြသည့် လူငယ်မောင်မယ် များသည် သင်တန်း၌တွေ့ဆုံကြကာ အတူတကွ ပူးပေါင်းဆောင်ရွက်ခွင့်၊ အတွေ့အကြုံဗဟုသုတများ ဖလှယ်ခွင့်တို့ရရှိခဲ့ကြသလို ခင်မင်ရင်းနှီးသည့် မိတ်ကောင်းဆွေကောင်းများလည်း တိုးပွားခဲ့ကြသည်။ မိမိတို့နိုင်ငံသည် တိုင်းရင်းသားလူမျိုးစုပေါင်း ၁၃၀ ကျော်ရှိသည့် ပြည်ထောင်စုနိုင်ငံဖြစ်သည့်အလျောက် ပြည်ထောင်စုဖွား တိုင်းရင်းသူ တိုင်းရင်းသားလူငယ်များ တွေ့ဆုံခွင့်နှင့် ချစ်ခင်ရင်းနှီးခွင့်တို့လည်း ရရှိခဲ့ကြသည်။

 

အနာဂတ်ကာလ နိုင်ငံတော်ကို ယနေ့လူငယ်များက ဆက်လက်မြှင့်တင်တည်ဆောက်သွားကြရ မည်ဖြစ်သကဲ့သို့ ဆက်လက်ထိန်းသိမ်း ကာကွယ်စောင့်ရှောက်သွားကြရမည်လည်းဖြစ်သည်။ သို့ဖြစ်ရာ နိုင်ငံ၏ အနာဂတ်ကိုပိုင်စိုးသည့် လူငယ်များအား စွမ်းရည်မြင့်မားသည့် အဖိုးတန်လူသားအရင်းအမြစ်များ ဖြစ်လာစေရန် စဉ်ဆက်မပြတ် လေ့ကျင့်ပျိုးထောင်ပေးသွားရန်လိုသည်။ နိုင်ငံတွင် လူ့စွမ်းအားအရင်း အမြစ် ဖွံ့ဖြိုးတိုးတက်သည်နှင့်အမျှ စွမ်းရည်မြင့်သည့် လူငယ်များ၏ စွမ်းပကားဖြင့် မိမိနိုင်ငံကို နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရန် တည်ဆောက်သွားနိုင်မည်ဖြစ်သည်။

 

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၃၃ တွင် “နိုင်ငံတော်သည် လူငယ်များ မျိုးချစ် စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး၊ အတွေးအခေါ် မှန်ကန်ရေးနှင့် ဗလငါးတန် တိုးတက်ဖွံ့ဖြိုးရေးတို့ အတွက် ဆောင်ရွက်ရမည်။ ဟူ၍ ပြဋ္ဌာန်းထားသည်နှင့်အညီ နိုင်ငံတော်အစိုးရသည် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစဉ်များတွင် လူငယ်များအား အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရန်အတွက် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဟူသော ဗလငါးတန်နှင့်ပြည့်စုံသည့်လူငယ်များဖြစ်လာစေရန် လူငယ်ကဏ္ဍ ကို မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိသည်။

 

မျက်မှောက်ကာလ ကမ္ဘာကြီးသည် နည်းပညာများ မြင့်မားခြင်းနှင့်အတူ အရှိန်အဟုန်ဖြင့်တိုးတက် ပြောင်းလဲလျက်ရှိရာ ယနေ့လူငယ် မောင်မယ်များအနေဖြင့် မိမိတို့နိုင်ငံကို ခေတ်နှင့်အညီ လိုက်ပါ ပြောင်းလဲ တည်ဆောက်နိုင်ရေး၊ ကာကွယ်စောင့်ရှောက်နိုင်ရေးတို့အတွက် မိမိတို့၏ စွမ်းရည်စွမ်းအားကို မြင့်မြင့်မားမား မြှင့်တင်ထားကြရပါမည့်အကြောင်း။     ။

(မြန်မာ့အလင်း)