အနာဂတ်ကမ္ဘာသည် ကလေးငယ်တို့ လက်ထဲမှာ

မြန်မာ့အလင်းအယ်ဒီတာအာဘော်

 

 

 

ကမ္ဘာ့ကုလသမဂ္ဂ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ သဘောတူညီ ချက်အရဆိုလျှင် အသက် ၁၈ နှစ်မပြည့်သေးသည့် အရွယ်ကို ကလေး သူငယ်များ ဖြစ်သည်ဟူ၍ သတ်မှတ်ထား၏။

ပုံမှန်အားဖြင့်ဆိုပါက မွေးကင်းစက ၁ နှစ်အရွယ်ကို နို့စို့၊ ၁ နှစ် က ၃ နှစ်အတွင်းကို တောက်တောက်ပြေး၊ ၃ နှစ်က ၅ နှစ်ကို မူကြို၊ ၆ နှစ်က ၈ နှစ်ဆိုလျှင် ကျောင်းနေစ၊ ၉ နှစ်က ၁၁ နှစ်ကို ကလေးကြီး၊ ၁၂ နှစ်က ၁၄ နှစ်ဆိုပါက ဆယ်ကျော်သက်၊ ၁၅ နှစ်က ၁၇ နှစ်ကို ကြီးကောင်ဝင် စသည်ဖြင့် မြန်မာတို့က ယေဘုယျအားဖြင့် သတ်မှတ် ခေါ်ဝေါ်ကြလေ့ရှိ သည်။ ၁၈ နှစ် ဆိုလျှင်မူ လူငယ်။ အရွယ်ရောက်ပြီ။

ကမ္ဘာကြီး၏ အနာဂတ်ကို အကောင်းဆုံးမျှော်လင့်နိုင်ဖို့ဆိုလျှင် ကလေးသူငယ်များနှင့် လူငယ်များကို အဓိကထားမှသာ ဖြစ်နိုင်၏။ အဓိကထားရမည်ဟုဆိုခြင်းမှာ ကလေးသူငယ်များနှင့် လူငယ်များကို အရေးပေးရမည်ဟု ဆိုလိုခြင်းဖြစ်ပါသည်။

ငယ်ရွယ်သူများကို အရေးပေးသည်ဟု ဆိုရာတွင်လည်း ၎င်းတို့ကို ချိုးနှိမ်မှုနှင့် လောင်းရိပ်တို့ထံက အကာအကွယ်ပေးရန်၊ လွတ်လပ်စွာ ကြီးထွားဖွံ့ဖြိုးခွင့်ပေးရန်၊ လွတ်လပ်စွာ ကြီးထွားဖွံ့ဖြိုး နိုင်ရန် ရေလောင်း ပေါင်းသင်ခြင်း၊ နေ၊ ရေ၊ လေတို့ကို မျှတစွာရစေ ခြင်း၊ မြေဆီဩဇာနှင့် ပတ်ဝန်းကျင်ကို သင့်လျော်အောင် ပြုပြင် ပြင်ဆင်ပေးခြင်း၊ ပေါင်းသင်ပေးခြင်း စသည်တို့ဖြစ်ပါသည်။

အထက်တွင်ဆိုခဲ့သမျှသော ပတ်ဝန်းကျင်ကို ပြင်ဆင်ပေးမှု၊ မြေတောင်မြှောက်မှုအမျိုးမျိုးသည် လူကြီးတို့၏ တာဝန်ဖြစ်ပေသည်။ လူကြီးတို့သည် ကလေးသူငယ်တို့အတွက် ကောင်းမွန်သော အခြေအနေကောင်းနှင့် ပတ်ဝန်းကျင်ကို ပြင်ဆင်ပေးရန်ဖြစ်သည်ဟု ယူဆပါသည်။

အထူးသဖြင့်မူ ကလေးငယ်များ။ လူတို့သည် ၎င်းတို့၏ ဘ၀ တစ်လျှောက်လုံးကို ဖြတ်သန်းလျှောက်လှမ်းနိုင်ရန်အတွက် သိသင့် သိထိုက်သမျှ၊ နားလည်သင့်သမျှ အခြေခံအချက်အားလုံးလိုလိုကို ကလေးသူငယ်ဘ၀တွင် သင်ယူခြင်းဖြစ်သည်။ ယဉ်ကျေးဖွယ်ရာသော လူမှုဆက်ဆံရေး၊ ဘ၀ကို ရင်ဆိုင်ရဲသည့် သတ္တိ၊ ထက်သန်မှု၊ ဇွဲ လုံ့လ၊ ကိုယ်ကျင့်သီလ၊ တရားမျှတခြင်းကို လိုလားအားထုတ်မှု၊ ပတ်ဝန်းကျင်လောကနှင့် သဘာ၀တရားကို မြတ်နိုးထိန်းသိမ်းလိုမှု၊ အနုပညာကို ခံစားနားလည်ချစ်ခင်မှု၊ လောကအကြောင်းနှင့် အမှန် တရားကို စူးစမ်းရှာဖွေချင်စိတ်၊ ကိုယ့်အားကိုယ်ကိုးမှု၊ ကိုယ်ခန္ဓာ ကြံ့ခိုင်သန်စွမ်းရေးနှင့် အခြေခံကျန်းမာရေးပညာ အစရှိသည်တို့ကို ကလေးဘ၀အရွယ် ငယ်စဉ်ကာလတွင် လေ့လာ၏၊ သင်ယူ၏၊ မှတ်သား၏။

ထိုသင်ကြားလေ့လာ မှတ်သားခဲ့သည်တို့ကို ကလေးဘ၀က စတင်ကာ အရွယ်ရောက်လာသည်နှင့်အမျှ တိုးတက်ရင့်ကျက်လာ အောင် ကိုယ့်ဘာသာ တဖြည်းဖြည်းချင်း တည်ဆောက်လာခြင်း ဖြစ်ပါသည်။ ထို့ကြောင့်ပင် မူလတန်းပညာရေးစနစ်သည် လူတစ်ယောက်၏ ဘ၀အတွက်သာမက လောက၏ အနာဂတ် အတွက်ပါ အရေးကြီးသည်ဟု ဆိုကြခြင်းဖြစ်သည်။ ကလေးငယ်များ ကို ဘာတွေ သင်ကြားပေးလိုက်မလဲ။ ဘာတွေ သိမြင်သွားစေချင် သလဲ။ ဘာတွေ ဆည်းပူးကျင့်ကြံ စောင့်ထိန်းသွားစေချင်သလဲ ဆိုသည်တို့ကို မူလတန်းပညာရေးစနစ်တွင် သင်ကြားဖြန့်ဝေ၏။

ကလေးသူငယ်တို့ကို ထိုထိုသော ပတ်ဝန်းကျင်အနေအထားနှင့် လေ့လာနိုင်ရေးကို ဖန်တီးပြင်ဆင်ပေးရုံမျှမက ပြင်ပပယောဂ အမျိုးမျိုးနှင့် မတရားပြု အခွင့်အရေးယူမှုတို့က ကာကွယ်ပေးရန် လည်း တာဝန်ရှိနေသည်။ သည်လိုကာကွယ်စောင့်ရှောက်သည်ဆိုရာတွင် တရားစီရင်ရေးစနစ်က ဥပဒေဖြင့် အကာအကွယ်ပေးရန် လိုအပ်သလို၊ အုပ်ချုပ်ရေး မဏ္ဍိုင်ကလည်း ထိထိရောက်ရောက် ဂရုဓမ္မထားရန် လိုပါသည်။ ထို့နည်းတူစွာ ဥပဒေပြုရေးမဏ္ဍိုင်က လည်း နည်းပညာတိုးတက်လာမှုများ ခေတ်ပြောင်းလာမှုများနှင့် လျော်ညီသည့် ဥပဒေများကို ပြင်ဆင်ရန် ဖြည့်စွက်ရန်၊ တိုးမြင့်ရန် စသည်ဖြင့် အလေးထားကြရန်လည်းလိုပါမည်။ စတုတ္ထမဏ္ဍိုင် မီဒီယာတို့ကလည်း ဝိုင်းဝန်းစောင့်ရှောက်ကြဖို့ လိုသည်သာ။

ထို့ထက်ပို၍ဆိုရလျှင် ကလေးသူငယ်များကို အနိုင်အထက် ပြုခြင်း၊ နှိပ်စက်ခြင်း၊ အဓမ္မမှုများပြုခြင်း၊ ခိုင်းစေခြင်း၊ ဥပဒေမဲ့ ပြုကျင့်ခြင်း စသည်တို့ကို မြန်မာ့လူမှုအဖွဲ့အစည်းတစ်ခုလုံးကပါ အလေးအနက်သဘောထား၍ ဝိုင်းဝန်းကာကွယ် စောင့်ရှောက်ကြခြင်း ဖြင့်သာ ငြိမ်းချမ်းသာယာလှပသော အနာဂတ်လောကကို မျှော်လင့် နိုင်ကြမည်ဟု ယုံကြည်သည့်အတိုင်း တင်ပြလိုက်ရပါသည်။ ။