အလုပ်လုပ်လိုစိတ် မြင့်မားမှ နိုင်ငံနှင့်လူမျိုး ဖွံ့ဖြိုးကြီးပွားမည်

 

mmal 25-6-2026

 

“အလုပ်လုပ်လိုစိတ် (The Will to work)” သည် စိတ်ပိုင်းဆိုင်ရာ အရည်အသွေးဖြစ်ပြီး နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးနှင့် ဆက်စပ်နေကြောင်း ပညာရှင်တို့က သုတေသနပြုတွေ့ရှိခဲ့ကြသည်။ အလုပ်လုပ် လိုစိတ်သည် လူမျိုးအလိုက်၊ ပတ်ဝန်းကျင်ဒေသအလိုက် ကွဲပြားခြားနားမှုများ ရှိသည်ဟုလည်းဆိုသည်။ အလုပ်လုပ်လိုစိတ်သည် စွမ်းဆောင်လိုစိတ်လည်းဖြစ်ပြီး နိုင်ငံတစ်နိုင်ငံတွင် နိုင်ငံသားများအတွင်း ယင်းစိတ်ဓာတ်မြင့်မားလာချိန်တွင် တိုင်းပြည်လည်း ဖွံ့ဖြိုးတိုးတက်လာသည်။ ဟားဗတ်တက္ကသိုလ်မှ သုတေသီတစ်ဦးဖြစ်သူ ဒေါက်တာ ဒေးဗစ်မက်ကလီလန်းက နိုင်ငံပေါင်း ၄၀ ကျော်ကို လေ့လာ သုတေသနပြုခဲ့ရာတွင် စွမ်းဆောင်လိုစိတ်ပါဝင်မှုမြင့်မားသော နိုင်ငံများသည် စီးပွားရေးဖွံ့ဖြိုးမှု ပိုမိုရရှိကြသည်ကို တွေ့ရှိရသည်ဟုလည်းဆိုသည်။

 

ဤတွင် အလုပ်လုပ်လိုစိတ်သည် လူမျိုးအလိုက် ကွဲပြားခြားနားမှုရှိသည်ဟုဆိုခြင်းမှာ မွေးရာပါဇာတိစိတ် လက္ခဏာအဖြစ်ရှိနေခြင်းမဟုတ်ဘဲ ပတ်ဝန်းကျင်အခြေအနေ၊ အကြောင်းတရားများကိုအရင်းခံ၍ ဖြစ်ပေါ်လာရခြင်းဖြစ်သည်ဟုလည်းဆိုသည်။ သို့ဖြစ်ရာ လူတို့တွင် အလုပ်လုပ်လိုစိတ်တိုးပွားလာစေရန် ပတ်ဝန်းကျင်အခြေအနေကို ပြုပြင်ဖန်တီးယူခြင်းဖြင့် ရနိုင်သည်ကိုလည်း စမ်းသပ်တွေ့ရှိထားကြသည်။ ဒေါက်တာ မက်ကလီလန်းသည် ၁၉၆၄ ခုနှစ်တွင် အိန္ဒိယနိုင်ငံ အန်ဒရာပရာဒေ့ရှ်ပြည်နယ်ရှိ လူဦးရေတစ်သိန်းခန့်ရှိသော ကာကီနာဒါမြို့မှ စီးပွားရေးလုပ်ငန်းရှင်များကိုရွေးချယ်ပြီး ၁၀ ရက်ကြာမျှ စိတ်ဓာတ်မြှင့်တင်ရေး သင်တန်းများတက်စေခြင်း၊ ဆွေးနွေးပွဲများ ပြုလုပ်ပေးခြင်းဖြင့် ၎င်းတို့၏ စွမ်းဆောင်လိုစိတ် မြင့်တက်လာသည်ကို တွေ့ရသည်ဟုဆိုသည်။

 

ပြည်သူလူထုကို ခိုင်မာသောယုံကြည်ချက်နှင့် အတွေးအခေါ်များရရှိအောင် ဆောင်ရွက်ခြင်း၊ နိုင်ငံတော်နှင့်လူ့အဖွဲ့အစည်း၏ အကျိုးစီးပွားကိုဆောင်ရွက်ခြင်းသည် မွန်မြတ်သည်ဟူသော အသိစိတ်ဓာတ်ကို ပြည်သူလူထုအတွင်း ပျံ့နှံ့အောင်ပြုလုပ်ခြင်း၊ ကာယ - ဉာဏ - ဝီရိယ စွမ်းအားအလိုက် ခံစားခွင့်ပြုခြင်း၊ လူတို့အားတန်ဖိုးထားမှုအသစ်များ (New Values)ပေးခြင်း၊ ပြည်သူလူထုအား စိတ်ဓာတ်တက်ကြွအောင် နှိုးဆော်သည့်နည်းလမ်းများ (Motivation and Inspiration)ကို ကျင့်သုံးခြင်း တို့ဖြင့် ပြည်သူလူထု၏ စွမ်းဆောင်လိုစိတ်ကို မြှင့်တင်ပေးနိုင်သည်။

 

“မိမိတို့နိုင်ငံတွင် မြေပေါ်မြေအောက်သယံဇာတများ၊ အရင်းအမြစ်ကောင်းများစွာကို ပိုင်ဆိုင်ထားပြီး ဖြစ်ပြီး လိုအပ်နေသည်မှာ အလုပ်လုပ်နိုင်ရန်နှင့် အလုပ်လုပ်ချင်စိတ်ရှိရန်ဖြစ်ပြီး အမှန်တကယ် အလုပ်လုပ်ရန်လိုကြောင်း၊ အလုပ်လုပ်ချင်စိတ်သည် လူတိုင်းနှင့်သက်ဆိုင်ပြီး အလုပ်လုပ်နိုင်ရန်အတွက် အလုပ်အကိုင်အခွင့်အလမ်းများလိုအပ်သဖြင့် နိုင်ငံတော်မှ အလုပ်အကိုင်အခွင့်အလမ်းများ အကောင် အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အလုပ်လုပ်နိုင်ရန်နှင့် အလုပ်လုပ်တတ်ရန်အတွက် အသိပညာ၊ အတတ်ပညာများ ရှိရန်လိုအပ်သဖြင့် လိုအပ်သည်များကို သင်ကြားပြသပေးရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ပေးခြင်းဖြင့် ပြည်တွင်းကုန်ထုတ်လုပ်ငန်းများ တိုးတက်လာမည်ဖြစ်ကြောင်း” ဇွန် ၂၃ ရက်က ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

 

မြန်မာ့လူ့အဖွဲ့အစည်း၊ မြန်မာ့လူ့ဘောင်ကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် မြန်မာလူမျိုးတို့ စွမ်းဆောင်ရည်ရှိရန်လိုသည်။ စွမ်းဆောင်ရည်ရှိသည့် လူ့အဖွဲ့အစည်းတွင် အလုပ်လုပ်နိုင်သည့်အရွယ်သို့ ရောက်ရှိသူတိုင်း “အလုပ်လုပ်နိုင်သည့် စွမ်းရည် (The ability to work)” နှင့် “အလုပ်လုပ်လိုသည့်စိတ် (The will to work)” တို့ ပြည့်စုံနေရမည်ဖြစ်သည်။ ခန္ဓာကိုယ်ကျန်းမာသန်စွမ်းခြင်း၊ အသိပညာ၊ အတတ်ပညာ၊ အတွေ့အကြုံနှင့် ကျွမ်းကျင်မှုတို့ပြည့်စုံခြင်း စသည်တို့မှာ အလုပ်လုပ်နိုင်သည့် စွမ်းရည်ပင်ဖြစ်သည်။

 

လူတို့သည် မိမိတို့ အမှန်တကယ်ပိုင်ဆိုင်သော ကာယဉာဏစွမ်းအားများ၏ အစိတ်အပိုင်းအနည်းငယ်မျှ ကိုသာ လက်တွေ့အားဖြင့် အသုံးပြုနေကြပြီး ငုပ်လျှိုးနေသော စွမ်းအားများ(latent energy) အများအပြားကျန်ရှိနေသည်။ လူတို့သည် အလုပ်နှင့်ပတ်သက်သောယုံကြည်ချက် (Conviction)၊ မျှော်လင့်ချက် (expectation) နှင့် ဖိအားပေးမှုများ (pressure) မရှိဘဲ မိမိတို့တွင်ရှိနေသော အစွမ်းအစ ကို မည်သည့်အခါတွင်မှ အပြည့်အဝအသုံးမချဟု ပညာရပ်ဆိုင်ရာ သုတေသနပြုတွေ့ရှိချက်များတွင် ဖော်ပြထားသည်။

 

မိမိတို့နိုင်ငံသည် အရင်းအမြစ်၊ အခွင့်အလမ်း၊ အလားအလာတို့ လွန်စွာကောင်းမွန်သော်လည်း ကြိုးပမ်းအားထုတ်အလုပ်လုပ်မှုနည်းနေခြင်းကြောင့် ဒေသတွင်းနိုင်ငံများနှင့် ယှဉ်လျှင်ပင် ဂျီဒီပီ၊ ဂျီအင်န်ပီတို့တွင် နိမ့်ကျလျက်ရှိသည်။ အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးခြင်း၊ အမှန်တကယ် ကြိုးစားအလုပ်လုပ်ကိုင်ခြင်းဖြင့် နိုင်ငံနှင့်လူမျိုးကို ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းပေါ်သို့ ပို့ဆောင်ကြရပါမည့်အကြောင်း။   ။