အဂတိလိုက်စားမှု ကြိုတင်တားဆီးကာကွယ်

 

အဂတိလိုက်စားမှုသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက် ရာတွင် အဓိကဟန့်တားနှောင့်ယှက်နေသည့် ဘေးအန္တရာယ် တစ်ခုပင်ဖြစ်သည်။    ထို့အပြင်   အဂတိလိုက်စားမှုသည် ကိုယ်ကျင့်သိက္ခာပျက်ပြားမှု၊  ပြစ်မှုကျူးလွန်မှုလည်းဖြစ်ပြီး  အစိုးရနှင့်   လူမှုအဖွဲ့အစည်းများအပေါ်   ပြည်သူလူထု၏ ယုံကြည်မှုကို   လျော့နည်းပျက်ပြားစေသည်။   တရားဥပဒေ  စိုးမိုးမှုကိုလည်း ထိခိုက်စေနိုင်သည်။

 


ရောဂါကို မဖြစ်ပွားမီက ကြိုတင်ကာကွယ်ခြင်း၊ မီးကို မလောင်ခင်က ကြိုတင်တားဆီးခြင်းတို့သည် ရောဂါဖြစ်လာမှ ကုသခြင်း၊   မီးလောင်ကာမှ  ငြှိမ်းသတ်ခြင်းထက်   ပိုမို၍ ကောင်းမွန်သကဲ့သို့ပင်      အဂတိလိုက်စားမှုများကိုလည်း   ဖြစ်လာမှ    စုံစမ်းစစ်ဆေးအရေးယူခြင်းထက်   မဖြစ်ခင်က အသိပညာပေးခြင်း၊      ကြိုတင်တားဆီးကာကွယ်ခြင်းတို့ က     ပိုမို၍အရေးကြီးသည်။   အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရန်အတွက်  ပြည်ထောင်စုဝန်ကြီးဌာန/  အဖွဲ့အစည်းများ၊   တိုင်းဒေသကြီး/ ပြည်နယ်များတွင်   အဂတိလိုက်စားမှု  တားဆီးကာကွယ်ရေး အဖွဲ့ (Corruption Prevention Unit - CPU)   အဖွဲ့များကို ဖွဲ့စည်းကာ ပြည်သူများအား ဝန်ဆောင်မှုပေးနေပြီး  ပြည်သူ့ ထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ်ကိုလည်း ဆောင်ရွက်လျက် ရှိသည်။

 


အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (CPU) များ  ၏ လုပ်ငန်းတာဝန်များမှာ ဌာနအလိုက်လာဘ်ပေးလာဘ်ယူမှု နှင့် သက်ဆိုင်သော အဂတိလိုက်စားမှုပြဿနာများကို စိစစ် ဖော်ထုတ်ရန်၊ တွေ့ရှိလာသော ပြဿနာများကို  ဥပဒေနှင့်အညီ  ဖြေရှင်းရန်၊ အဂတိလိုက်စားမှု  ဆက်လက်မဖြစ်ပေါ်စေရေး အတွက်  တားမြစ်ထိန်းချုပ်သွားရန်စသည်တို့   ဖြစ်သည်။

 

အဂတိလိုက်စားမှုများကို   လေ့လာပါက  ရာထူးတာဝန်ကို အလွဲသုံးစားပြု၍     ဥပဒေကို   ဖောက်ဖျက်ကျူးလွန်ကာ ကိုယ်ကျိုးရှာဖွေခြင်း၊   အစိုးရဌာန၊    အစိုးရအဖွဲ့အစည်း၊ အများပြည်သူဆိုင်ရာ အဖွဲ့အစည်း၊ အခြားအဖွဲ့အစည်းတို့၏ ပြည်သူ့ဘဏ္ဍာကို   ကိုင်တွယ်ဆောင်ရွက်ရာတွင်  တည်ဆဲ  ဥပဒေ၊    စည်းမျဉ်းစည်းကမ်း၊    လုပ်ထုံးလုပ်နည်းတို့ကို  ဖောက်ဖျက်ခြင်းတို့ကြောင့် နိုင်ငံတော်၏ငွေကြေးပစ္စည်းနှင့် ပိုင်ဆိုင်မှုတို့   ထိခိုက်နစ်နာပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်စေခြင်း  စသည်တို့ကို တွေ့ရှိနိုင်သည်။

 


အဂတိလိုက်စားမှုအမြင့်ဆုံးဖြစ်သည့်     ဝန်ကြီးဌာန သို့မဟုတ် အဂတိလိုက်စားမှုဖြင့် အများဆုံးတိုင်ကြားခံရသည့် ဝန်ကြီးဌာနများသည် ပြည်သူလူထုနှင့် မပြတ်ထိတွေ့နေရ သည့်ဌာနများဖြစ်ပြီး ဝန်ထမ်းအချို့၏ ပြည်သူ့ဝန်ဆောင်မှု အားနည်းခြင်း၊ တာဝန်မကျေပွန်ခြင်း၊ လုပ်ငန်းမကျွမ်းကျင် ခြင်း၊  လုပ်ထုံးလုပ်နည်း  မှားယွင်းခြင်း စသည့်အကြောင်း များကြောင့်လည်း ပြည်သူလူထု၏  အလိုမကျမှုနှင့် အမြင် မကြည်လင်မှုတို့ကို  ဖြစ်ပေါ်စေနိုင်ရာ အများပြည်သူနှင့် စဉ်ဆက်မပြတ်ထိတွေ့နေရသော ဌာနများအနေဖြင့်   အဂတိ လိုက်စား မှုကင်းရှင်းရန်သာမက  ဝန်ဆောင်မှုကောင်းမွန်ရန်၊ တာဝန်ကျေပွန်ရန်နှင့်    လုပ်ငန်းကျွမ်းကျင်ကြရန်လည်း လိုအပ်သည်။ 

 


ဌာနများအလိုက် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အဖွဲ့ (CPU) များ   ဖွဲ့စည်းဆောင်ရွက်ခြင်းကြောင့်   ဌာန၏  ဝန်ဆောင်မှုများကို  ရယူကြသည့်   ပြည်သူလူထုအနေဖြင့်  အဂတိ လိုက်စားမှုတစ်စုံတစ်ရာရှိခဲ့ပါက သတင်းပို့တိုင်ကြား နိုင်မည် ဖြစ်သကဲ့သို့ ဝန်ထမ်းများ၏ အရည်အသွေးမြင့်မားမှုနှင့် ဌာန၏ ဝန်ဆောင်မှုကောင်းမွန်ရန်အတွက်လည်း အထောက် အကူပြုနိုင်မည်ဖြစ်သည်။ CPU အဖွဲ့များ ဖွဲ့စည်းဆောင်ရွက်မှု  အားကောင်းလာသည်နှင့်အမျှ အဂတိလိုက်စားမှု လျော့နည်း ပပျောက်လာနိုင်မည်ဖြစ်ပြီး  အစိုးရဝန်ကြီးဌာနများ  လူမှု အဖွဲ့အစည်းများအပေါ် ပြည်သူလူထု၏ ယုံကြည်ကိုးစားမှု တို့ မြင့်မားလာမည်ဖြစ်ပါကြောင်း။       ။